close

IPDF

close

May 3, 2023

အင်းလေး PDF အဖွဲ့အမည်သုံးပြီး ငွေအလွဲသုံးစားပြုနေသူအား ဖော်ထုတ်ပေးရန် တောင်းဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အမှတ်-၁၀၀၉ တပ်ရင်း၊ အင်းလေးဒေသ ပြည်သူ့ကာကွယ်ရေးတပ် (IPDF) အမည်ကို အသုံးပြု အလှူငွေ ကောက်ခံတာတွေ ရှိနေတယ်လို့ IPDF က ဧပြီ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ ပါဝင်တဲ့အတိုင်း အင်း​လေး PDF တပ်ဖွဲ့အမည်နဲ့ ငွေကြေး အလွဲသုံးစားပြုသူတွေကို တိတိကျကျ ဖော်ထုတ်ပေးဖို့ IPDF တပ်ဖွဲ့ဝင်ဟောင်းတွေက တောင်းဆိုလိုက်တာပါ။

IPDF တပ်ဖွဲ့ဝင်ဟောင်းတဦးက “IPDF ရဲ့ ထုတ်ပြန်ချက်မှာ တပ်ဖွဲ့အမည်ကို အလွဲသုံးစားလုပ်ပြီး ဂုဏ်ပြုလက်မှတ်အတု၊ ဆိုင်းအတုနဲ့ အလှူငွေ ကောက်ခံနေတယ်။ ဘယ်သူတွေ ကောက်ခံနေတယ်ဆိုတာ သိရတယ်။ တပ်ရင်း အခက်အခဲဖြစ်နေချိန် တချို့ တပ်ရင်းကို စွန့်ခွာသူတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ကျနော်တို့က တပ်ရင်းကနေ အနားယူထားသူတွေဆိုတော့ IPDF က ထုတ်ပြန်တဲ့အတိုင်းဆိုရင် ကျနော်တို့ကပဲ အလွဲသုံးစားလုပ်နေသလို ဖြစ်နေတယ်။ ဒါ့ကြောင့် ဘယ်သူတွေက တပ်ဖွဲ့နာမည်နဲ့ ငွေကြေးအလွဲသုံးစားနေလဲ ဆိုတာကို တိတိကျကျ ဖော်ထုတ်ပေးစေချင်ပါတယ်” လို့ ပြောပါတယ်။

အင်းလေးPDF ကို ဒေသခံ ၆ ဦးက စတင်တည်ထောင်ခဲ့တာပါ။ လက်ရှိ အဲ့ဒီ ၆ ဦးလုံးဟာ တခြား တော်လှန်ရေးလုပ်ငန်းတွေကို လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ဖို့ တပ်ဖွဲ့ကနေ အနားယူထားပါတယ်။ တပ်ဖွဲ့ကနေ အနားယူစဥ်က ငွေစာရင်းရှင်းတမ်းတွေကို IPDF ကို ဆက်လက်တာဝန်ယူမယ့်သူထံ အပ်နှံခဲ့ပြီး နောက်ထပ်လည်း အလှူငွေကောက်ခံတာ မရှိတော့ဘူးလို့ တပ်ဖွဲ့ဝင်ဟောင်းတွေက ဆိုပါတယ်။

“ကျမက IPDF စတင်တည်ထောင်စဥ်က အလှူငွေရှာဖွေပေးခဲ့သူ ဖြစ်ပါတယ်။ အခု တပ်ရင်းတည်ထောင်သူ ၆ ဦးလုံးဟာ တပ်ရင်းမှာ မရှိတော့ဘူး။ အခု ကျမ တပ်ရင်းက ထွက်ခွာခဲ့ပေမဲ့ အလှူရှင်တွေပေးပို့လာတဲ့ အလှူငွေတွေကို လက်ရှိတာဝန်ခံ ကိုအင်းစားကူးကို လွှဲပြောင်းပေးပြီး မှတ်တမ်းတွေကိုလည်း သူ့ဆီက ရယူခဲ့ပါတယ်။ ဒါ့ကြောင့် IPDF (1009) အနေနဲ့ ငွေအလွဲစားလုပ်သူတွေကို သေချာဖော်ထုတ်ရှင်းလင်းပေးဖို့ မေတ္တာရပ်ခံပါတယ်” လို့ တပ်ဖွဲ့ဝင်ဟောင်း အမျိုးသမီးတဦးက ပြောပါတယ်။

အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က ရှမ်းတောင် အမှတ်-၁၀၀၉ တပ်ရင်း ဖြစ်ပါတယ်။

IPDF အနေနဲ့ မဟာမိတ်တပ်ရင်းတွေနဲ့အတူ ဒေသအတွင်းမှာ စစ်ရေးဖော်ဆောင်တာတွေ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရ ကျဆုံးသူတွေလည်း ရှိခဲ့ပါတယ်။

1 hour Ago

January 22, 2022

အင်းတော်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၁ ဦးသေ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ ဇန်နဝါရီ ၂၁ ရက်က စစ်ကောင်စီတပ်ဖွဲ့တွေ လိုက်ပါလာတဲ့ ကား ၂ စီးကို ဒေသခံ IPDF နဲ့ KIA ပူးပေါင်းအဖွဲ့က  ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၁၁ ယောက်သေဆုံးပြီး ၂၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။

မနေ့ညနေ ၆ နာရီခွဲလောက်က မော်လူးမြို့နဲ နန့်စီးအောင်ကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ကားတစ်စီး ချောက်ထဲကျခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ပွဲမှာ KIAနဲ့ IPDF ဘက်က ရဲဘော်တယောက် အသက်အန္တရာယ်မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အင်းတော်မြိုမှာ မနေ့ နေ့လယ်ပိုင်းကလည်း နဘားရွာကနေ ပင်ဝယ်ရွာဘက်ကို မီးရထားလမ်းအတိုင်းတက်လာတဲ့ စစ်ကောင်စီတပ် အင်အား ၃၀လောက်ကို  KIA နဲ့ IPDF တို့ ပူးပေါင်းတိုက်ခိုက်ရာမှာ  စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။ 

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်လို့  ကားသမားတယောက် သေဆုံးသွားပါတယ်။ 

ဒီနေ့ နေ့လယ် ၂ နာရီလောက်မှာတော့  နန့်စီးအောင်စုပေါင်းဂိတ်မှာ အမျိုးသား၂ ဦး တွဲစီးလာတဲ့ ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်နဲ့ ရဲတွေ ပူးပေါင်းစစ်ဆေးနေပါတယ်။

1 year Ago
Up