မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ Adani Group ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို နော် ဝေနိုင်ငံက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ရုပ်သိမ်းကာ အလုံးစုံဖယ်ရှားလိုက်ပြီး မြန်မာနိုင်ငံက စစ်တပ်နဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကနေ တာဝန်သိသိ နုတ်ထွက်ဖို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားအဖွဲ့တွေက ပူးပေါင်းတောင်းဆိုလိုက်ပါတယ်။
၂၀၂၂ ခုနှစ်၊ မတ်လတုန်းက နော်ဝေနိုင်ငံရဲ့ အချုပ်အခြာရန်ပုံငွေဖြစ်တဲ့ Norges Bank Investment Management (NBIM) က Adani Ports ကို သူတို့ စောင့်ကြည့်ရမယ့် စာရင်းမှာ ထည့်သွင်းခဲ့ပြီးနောက် အဲဒီကုမ္ပဏီနဲ့တခြား Adani Group ကုမ္ပဏီ တွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အလုံးစုံဖယ်ရှားလိုက်တာဖြစ်ပြီး တခြားရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လည်း အဲ့လိုမျိုး လိုက်နာလုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။
Justice For Myanmar အဖွဲ့၊ Stop Adani အဖွဲ့နဲ့ ဩစတြေးလျအခြေစိုက် Australian Center for International Justice (ACIJ) အဖွဲ့တွေက ပူးတွဲထုတ်ပြန်ရာမှာ ဩစတြေးလျ၊ ကနေဒါ၊ အီးယူ၊ ယူကေနဲ့ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားတဲ့ စစ်တပ် စီးပွားရေးလုပ်ငန်းစုကြီး မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ကို အခွန်ငွေပေးပြီး အလုံ နိုင်ငံတကာဆိပ်ကမ်း အမှတ် (၂) ကို ဆက်လက်လုပ်ဆောင်နေတဲ့ Adani Ports & Special Economic Zone Limited (Adani Ports) ကိုလည်း ရှုတ်ချလိုက်တာပါ။
Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Adani Ports က နိုင်ငံတကာရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ ပုန်းလျှိုးဝှက်လျှိုး အကျင့်ပျက် ခြစားနေတဲ့ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုအတွက် ငွေကြေးရှာဖွေပေးနေတာဖြစ်ပြီး၊ မြန်မာစစ်တပ်နဲ့ စီးပွားရေး လုပ်ဆောင်ရာမှာ အစမှာကတည်းက ရိုးသားမှုမရှိခဲ့ပါဘူး။ သူတို့ မူလကြေညာထားတဲ့အတိုင်း ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်အကုန်မှာ ထွက်ခွာရမယ့်အစား Adani Ports က မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ရင်းနှီးမြှုပ်နှံသူတွေကို မရိုးမဖြောင့် လှည့်စားခဲ့ပြီး ဝယ်ယူသူအကြောင်း ထုတ်ပြန်ဖို့ ငြင်းဆိုခဲ့ရုံတင်မကပဲ မြန်မာစစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက်စစ်ဆင်နေချိန်မှာ မြန်မာစစ်တပ်အတွက် အကျိုးအမြတ် များမယ့် ဘဏ္ဍာရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးပိုင်ဆိုင်မှုလုပ်ငန်းတရပ်ကို ဆက်ပြီးဖော်ဆောင်နေတာ ဖြစ်ပါတယ်။ စစ်အုပ်စုဆီက ကျောက်မီးသွေးဝယ်ယူဖို့ Adani Power ရဲ့ ကြိုးပမ်းမှုဟာ အကောင်အထည်ပေါ်ခဲ့ရင် လုပ်ပိုင်ခွင့် အလွဲသုံးစား လိမ်လည်မှု မြောက်နိုင်ပြီး၊ စစ်အုပ်စု ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ငွေကြေးကူညီထောက်ပံ့မှာ ဖြစ်ပါတယ်။ Adani Ports က စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါ ပတ်သက်နေပြီး၊ သိသာထင်ရှားတဲ့ လာဘ်ထိုးငွေပေးချေမှုတွေ လုပ်ဆောင်နိုင်အောင် အိန္ဒိယအစိုးရက ကူညီပေးခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယအစိုးရက သူတို့ရဲ့ နိုင်ငံတကာတာဝန်တွေကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ လက်နက်ရောင်းချမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ အိန္ဒိယအနေနဲ့ ဒီလမ်းစဉ်ကို ပြောင်းလဲသင့်ပြီး၊ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်သင့်ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေထဲက အထောက်အထားအသစ်တွေမှာ မြန်မာစစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း Adani Power ကုမ္ပဏီက မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းကနေ အိန္ဒိယနိုင်ငံကို ကျောက်မီးသွေးတင်ပို့ဖို့နဲ့ မြန်မာနိုင်ငံအတွင်း ကျောက်မီးသွေးတူးဖော်ရေး စီမံကိန်းတွေမှာ အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့အတွက် စိတ်ဝင်စားမှုအဆိုပြုလွှာတစ်စောင်ကို စစ်အုပ်စုဝန်ကြီးဆီ တင်သွင်းခဲ့ပါတယ်။
အဲဒီအချိန်မှာ စစ်အုပ်စုဟာ Adani ကုမ္ပဏီ ကျောက်မီးသွေးဝယ်ယူဖို့ ကြိုးပမ်းနေတဲ့ဒေသက မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်စစ်ဆင်ရေးတရပ်ကို ဆင်နွှဲနေတာပါ။ စစ်ကိုင်းတိုင်းနဲ့ မြန်မာနိုင်ငံတဝန်းက မြန်မာပြည်သူတွေအပေါ် စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေက ဒီနေ့အချိန်အထိ ဆက်လက်ရှိနေပြီး၊ အဲဒီတိုက်ခိုက်မှုတွေက စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့ အတိုင်းအတာပဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Justice For Myanmar က ထုတ်ပြန်ခဲ့တဲ့ ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေကလည်း Adani Ports ဟာ MEC ကို ၂၀၁၉ ခုနှစ်အတွင်း ပေးချေခဲ့တဲ့ “မြေရှင်းလင်းခ” အမေရိကန်ဒေါ်လာ ၂၂ သန်း ရှိခဲ့တယ်လို့ ပြသနေပြီး ဒီပေးချေမှုရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ မှန်ကန်မှုရှိ၊ မရှိ စိုးရိမ်မှုတွေ မြင့်တက်စေတယ်လို့ ဆိုပါတယ်။ အဲဒီငွေပေးချေမှုရဲ့ အသေးစိတ်အချက်အလက်တွေကို ACIJ နဲ့ Justice For Myanmar တို့က ၂၀၂၁ ခုနှစ်မှာ ပထမဆုံး ရေးသားထုတ်ပြန်ခဲ့ပြီး အခုအခါမှာတော့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပေါက်ကြားလာတဲ့ သက်သေအထောက်အထားတွေနဲ့ အတည်ပြုပေးနိုင်ခဲ့ပါတယ်။
အလုံနိုင်ငံတကာဆိပ်ကမ်း အမှတ် (၂) စီမံကိန်းဟာ တည်ဆောက်-လည်ပတ်-လွှဲပြောင်း (ဘီအိုတီ) သဘောတူညီမှုနဲ့ MEC နဲ့ ပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး ကုလသမဂ္ဂက သတိပေးခဲ့တဲ့အတိုင်း Adani Ports ကို မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါ ပတ်သက်စေပါတယ်။ Adani Ports နဲ့ MEC တို့ရဲ့ သဘောတူညီမှုက ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ခုနှစ် လူမျိုးတုံး သတ်ဖြတ်မှုစစ်ဆင်ရေးပြီးနောက် လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်က မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေအကြောင်း ရေးသားခဲ့တဲ့ သူတို့ရဲ့ အစီရင်ခံစာမှာ ဒီဆိပ်ကမ်းစီမံကိန်းကိုလည်း သတ်မှတ်ဖော်ပြခဲ့ပါတယ်။
အဲ့ဒီအစီရင်ခံစာမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန်လမှာ Adani Ports က သူတို့အနေနဲ့ MEC ကို အမေရိကန်ဒေါ်လာ သန်း ၉၀ ပေးချေထားကြောင်း ထုတ်ပြန်ခဲ့ပြီး ဩဂုတ်လမှာတော့ ACIJ နဲ့ JFM တို့က အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနထံ စာရေးသားပေးပို့ပြီး MEC အပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေမှ ကင်းလွတ်ခွင့်ရရှိဖို့ Adani Ports ရဲ့ အထွေထွေလိုင်စင်လျှောက်ထားမှုကို ငြင်းပယ်သွားဖို့ တိုက်တွန်း တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
မြန်မာနဲ့ ဩစတြေးလျနိုင်ငံတို့မှာရှိတဲ့ Adani Ports ရဲ့ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုတွေက ကုမ္ပဏီရဲ့ဂုဏ်သိက္ခာကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။
Australian Centre for International Justice ရဲ့ အမှုဆောင်ဒါရိုက်တာ Rawan Arraf ကတော့ “Adani Ports က အများပြည်သူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ ချေးငွေပေးအပ်သူတွေ၊ လူ့အခွင့်အရေး အသိုင်းအဝိုင်း၊ အထူးသဖြင့် မြန်မာနိုင်ငံက ထွက်ခွာမှာဖြစ်တယ်ဆိုတဲ့ Adani ရဲ့ ကြေညာချက် သတင်းတွေကို ကြိုဆိုခဲ့ကြတဲ့ မြန်မာပြည်သူတွေနဲ့ သူတို့ကိုထောက်ခံသူတွေအပေါ် မရိုးမဖြောင့်စွာနဲ့ လိမ်လည်လှည့်စားခဲ့တာ ဖြစ်ပါတယ်။ Adani က MEC နဲ့ ရာဇဝတ်အဖွဲ့အစည်း စစ်အုပ်စုရဲ့ လက်ထဲမှာ ပိုင်ဆိုင်မှုပစ္စည်းအဖြစ် ကျန်ခဲ့မယ့် ရန်ကုန်ဆိပ်ကမ်းကို ရောင်းချနိုင်ဖို့အတွက် တည်ဆောက်ရေးလုပ်ငန်းကို ဆက်ပြီး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုမရိုးဖြောင့်တဲ့ အပြုအမူတွေကို ဆန့်ကျင်ရှုတ်ချရမှာဖြစ်သလို ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ တာဝန်သိတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်ဖို့နဲ့ Adani Ports ကနေ ရင်းနှီးမြှုပ်နှံမှုတွေ အပြီးတိုင် ရုပ်သိမ်းဖို့ တောင်းဆိုပါတယ်” လို့ပြောပါတယ်။
ဒါ့အပြင် ဩစတြေးလျနိုင်ငံရဲ့ အစိုးရတွေဟာ အမြတ်အစွန်းကိုသာ ဦးစားပေးပြီး ရာသီဥတု ဆိုးဆိုးရွားရွား ပျက်ပြားထိခိုက်စေတဲ့ လုပ်ငန်းလိုင်စင်တွေ ပေးထားတဲ့အတွက် Adani Group က ပိုပြီးရဲတင်းလာခဲ့တာဖြစ်ပြီး Adani Group ရဲ့ စစ်အုပ်စုနဲ့ မရှင်းလင်းတဲ့ စီးပွားရေးလုပ်ဆောင်မှုတွေအပေါ်မှာလည်း အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံက ThaiBev၊ Heineken နဲ့ Carlsberg ကုမ္ပဏီတွေဟာ တနှစ်လုံးစာ အခွန်အဖြစ် ကျပ်ငွေ သန်း ၂၅၀ ကို ပေးသွင်းနေပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ငွေကြေး ထောက်ပံ့နေတယ်လို့ Justice For Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။
ယမကာလုပ်ငန်းစုကြီးတွေဖြစ်ကြတဲ့ Heineken ၊ Carlsberg နဲ့ ThisBev တို့ဟာ မြန်မာ စစ်အုပ်စုကို အခွန်ငွေ ဒေါ်လာ သန်းပေါင်းများစွာ ပေးနေတဲ့အကြောင်း Justice For Myanmar က Distributed Denial of Secrets က ထုတ်ပြန်ထားတဲ့ အခွန်စာရင်းတွေကို စုံစမ်းစစ်ဆေးပြီး ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။
Justice For Myanmar အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Heineken၊ Carlsberg နဲ့ ThaiBev တို့က မြန်မာပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အရေးယူအပြစ်ပေးခံရခြင်း အလျှင်းမရှိဘဲ ကျူးလွန်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်း မြန်မာစစ်အုပ်စုထံ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာနဲ့ ညီမျှတဲ့ နှစ်စဉ်အခွန်ငွေတွေ ပေးသွင်းလျက် ရှိပါတယ်။ တရားမဝင် စစ်အုပ်စုက သူတို့ရဲ့ လူသတ်၊ လုယက်ဖျက်ဆီး စစ်ဆင်ရေးကို အသက်ဆက်နိုင်ဖို့ အခွန်ဝင်ငွေကို အသည်းအသန်လိုအပ်နေပြီး၊ ယမကာလုပ်ငန်းကြီးတွေဆီက ဒီအခွန်ငွေတွေက ပြည်သူတွေကို တိုက်ခိုက်ရာမှာ လိုအပ်တဲ့ ဗုံးတွေ၊ ကျည်ဆန်တွေနဲ့ လေယာဉ်ဆီတွေအတွက် ငွေကြေးကူညီပေးနေတာ ဖြစ်ပါတယ်။ ဘီယာနဲ့ အရက်သေစာ အမျိုးမျိုးအတွက် အထူးကုန်စည်ခွန်တရပ် ရှိတာကြောင့် မြန်မာနိုင်ငံရှိ Heineken၊ Carlsberg နဲ့ ThaiBev တို့ရဲ့ အခွန်ငွေ အမြောက်အမြားကို စစ်အုပ်စုက ရရှိနေပါတယ်။ ဒီငွေတွေက မြန်မာပြည်သူတွေ ပိုင်ဆိုင်တဲ့ ဘဏ္ဍာငွေတွေ ဖြစ်ပြီး၊ တရားဝင်အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ပေးချေသင့်ပါတယ်။ အဲဒီအစား Heineken၊ Carlsberg၊ ThaiBev နဲ့ LOTTE တို့က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ညွှန်ကြားချက်များကို လျစ်လျူရှုလျက်ရှိပြီး၊ တရားမဝင်စစ်အုပ်စုအတွက် ဘဏ္ဍာရေးဖြည့်တင်းပေးကာ စစ်အုပ်စုရဲ့ နိုင်ငံတရာရာဇဝတ်မှုတွေမှာ ကိုယ်တိုင် ကြံရာပါ ပတ်သက်စေရုံတင်မက ဒီမိုကရေစီကိုလည်း ယုတ်လျော့ပျက်စီးစေပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာကနေ ဒီဇင်ဘာလအထိ ရရှိထားတဲ့ အခွန်စာရင်းတွေကို လေ့လာဆန်းစစ်ရာမှာ အဆိုပါ လုပ်ငန်းစုကြီးတွေရဲ့ ကုမ္ပဏီခွဲတွေဟာ အထူးကုန်စည်ခွန် (SGT) တခုတည်းအတွက် ကျပ် ၄၉ ဒသမ ၉ ဘီလီယံကို စစ်အုပ်စုအတွက် ပေးချေခဲ့တာကို တွေ့ရပြီး ဒီပမာဏဟာ စစ်အုပ်စုရဲ့ ထိန်းချုပ်မှုအောက် တရားမဝင် ရောက်ရှိနေတဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ပျှမ်းမျှငွေလဲနှုန်းအရ အမေရိကန်ဒေါ်လာ ၂၇ ဒသ မ ၆ သန်းနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။
SGT ဟာ အရက်နဲ့ ဘီယာ အကျုံးဝင်တဲ့ အခြားထုတ်ကုန်တွေ ထုတ်လုပ်တာနဲ့ တင်သွင်းတာတွေအပေါ် ၆၀ ရာခိုင်နှုန်းအထိ ကောက်ခံတဲ့အခွန်ဖြစ်ပြီး ရောင်းချတဲ့ ဈေးနှုန်းပေါ် မူတည်ကာ အရက်အမျိုးအစားတွေအလိုက် အခွန်ပမာဏ အနည်းငယ် ကွာခြားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ThaiBev၊ Heineken နဲ့ Carlsberg ကုမ္ပဏီတို့ဟာ ကုန်သွယ်လုပ်ငန်းခွန်နဲ့ ဝင်ငွေခွန်တွေကိုလည်း စစ်အုပ်စုဆီကို ပေးသွင်းခဲ့ကြပြီး အထက်ပါကာလအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၇ သန်းနဲ့ ညီမျှတဲ့ ကျပ်ငွေ ၁၂ ဒသမ ၆ ဘီလီယံကို ပေးသွင်းခဲ့ကြတယ်လို့ Justice For Myanmar က ပြောပါတယ်။
ဒီနိုင်ငံခြားကုမ္ပဏီတွေဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ခရိုနီလုပ်ငန်းရှင် ဦးသိန်းထွန်း မိသားစုနဲ့ စီးပွားမိတ်ဖက်ဆောင်ရွက်တာဖြစ်ပြီး သိန်းထွန်းဟာ သားဖြစ်သူ သန့်ဇင်ထွန်းနဲ့အတူ Myanmar Golden Star Group ကို ထိန်းချုပ်ထားသူ ဖြစ်ပါတယ်။ Myanmar Golden Star Group ဟာ Carlsberg နဲ့အတူ ဘီယာ ထုတ်လုပ်ပြီး LOTTE Corporation ရဲ့ လက်ခွဲကုမ္ပဏီတခုနဲ့လည်း အချိုရည်တွေ ထုတ်လုပ်တယ်လို့ ဆိုပါတယ်။
သိန်းထွန်းရဲ့ သမီးဖြစ်သူ မာမာထွန်းနဲ့ သမက် အောင်မိုးကျော်တို့ဟာ Heineken နဲ့ Thai Beverage (ThaiBev) တို့ရဲ့ မြန်မာနိုင်ငံ မိတ်ဖက်တွေ ဖြစ်ကြပြီးတော့ ThaiBev ဟာ Grand Royal Group ကို ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။
အထူးကုန်စည်ခွန်မှာ အကျုံးမဝင်တဲ့ LOTTE ဟာ အခွန်ငွေပမာဏ အနည်းငယ်ကိုသာ ပေးသွင်းရတာဖြစ်ပေမယ့် သူ့ရဲ့ဟိုတယ်လုပ်ငန်းကုမ္ပဏီခွဲက ရင်းနှီးမြှုပ်နှံတဲ့ POSCO International နဲ့ ဆောင်ရွက်တဲ့ ဟိုတယ်ဖွံ့ဖြိုးရေးလုပ်ငန်းမှာ မြန်မာစစ်တပ်ကို မြေငှားရမ်းခ ပေးချေမှုတွေအတွက် LOTTE မှာ တာဝန်ရှိတယ်လို့ Justice For Myanmar ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မရတနာမောင်က “အဲ့ဒီကုမ္ပဏီတွေအနေနဲ့ မြန်မာစစ်တပ်နဲ့ နက်ရှိုင်းတဲ့ဆက်နွှယ်မှုရှိတဲ့ သိန်းထွန်း မိသားစုနဲ့ မိတ်ဖက်ဆောင်ရွက်တာကလည်း စိုးရိမ်စရာ ဖြစ်ပြီး၊ Heineken၊ Carlsberg၊ ThaiBev နဲ့ LOTTE တို့ရဲ့ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုကနဦးစိစစ်မှုတွေ လုပ်ဆောင်ဖို့ ပျက်ကွက်မှုသမိုင်းကြောင်းတွေရဲ့ အထောက်အထားပဲ ဖြစ်ပါတယ်။ Heineken၊ Carlsberg၊ ThaiBev နဲ့ LOTTE တို့အနေနဲ့ OECD လမ်းညွှန်ချက်တွေနဲ့ ကုလသမဂ္ဂလမ်းညွှန် အခြေခံမူတွေအရ ၎င်းတို့ရဲ့ နိုင်ငံတကာ တာဝန်ဝတ္တရားတွေကို လိုက်နာဖြည့်ဆည်းဖို့၊ အကြမ်းဖက်အဖွဲ့အစည်းတရပ်ဖြစ်တဲ့ စစ်အုပ်စုထံ များပြားလှတဲ့ ငွေပေးချေမှုတွေကို ရပ်တန့်ဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်နေကြတဲ့ တော်လှန်ရေးအင်အားစု တွေကတော့ အကြမ်းဖက်စစ်အုပ်စုဆီ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု ကမ်ပိန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြပြီး စစ်တပ်ထုတ်ကုန်နဲ့ စစ်တပ်ဒေါက်တိုင် နေရာတွေကိုပါ သတိပေးဖောက်ခွဲမှုတွေနဲ့အတူ ရှင်းလင်းသွားမယ်လို့ သတိပေးတာတွေလည်း ရှိနေပါတယ်။
လတ်တလောမှာတော့ Justice For Myanmar အဖွဲ့က ThaiBev၊ Heineken၊ Carlsberg နဲ့ LOTTE တို့အနေနဲ့ NUG အစိုးရရဲ့ လမ်းညွှန်ချက်တွေနဲ့ သူတို့ရဲ့ လူ့အခွင့်အရေးတာဝန် ဝတ္တရားတွေကို လိုက်နာဖို့၊ စစ်အုပ်စုဆီ ငွေပေးချေမှုတွေကို ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။