ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါညေးခူကျေးရွာကနေ ဘောလခဲမြို့သို့ သွားရာလမ်းအပိုင်းမှာ ဧပြီ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးကာ ၁ ဦးကို ဖမ်းဆီးရမိထားကြောင်း ကရင်နီသတင်းအချက်အလက်စင်တာ (KnIC) မှာဖော်ပြပါတယ်။
မနေ့မွန်းလွဲ ၁ နာရီဝန်းကျင်လောက်က စစ်ကောင်စီတပ် ခလရ (၈၀)နဲ့ ကရင်နီတပ်မတော် KA ၊ KNDF တပ်ရင်း ၂၁ ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားတာဖြစ်ပြီး စစ်ကားတစီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တဲ့အပြင် လက်နက်ငယ် ၆ လက်နဲ့ ကျည်တချို့သိမ်းဆည်းရမိခဲ့ကြောင်း ကေအန်ပီပီရဲ့ သတင်းအချက်အလက်စင်တာက ဖော်ပြထားပါတယ်။
ဒေါညေးခူမှာ ဧပြီ ၁၆ နဲ့ ၁၇ ရက်နေ့တွေမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင်နီပူးပေါင်းတို့အကြား ထိတွေ့တိုက်ပွ်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့တွေထံကနေ လက်နက်က်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
အဆိုပါတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ကရင်နီ (ကယား) ပြည်နယ်၊ ရှားတောမြို့နယ်ရှိ ရှားတောမြို့ထိုင် စစ်ကောင်စီရဲ့ ဗျူဟာကုန်းနဲ့ ခလရ ၄၂၈ တပ်ရင်းအတွက် ရိက္ခာနဲ့ လက်နက်ပို့ဆောင်တဲ့ ရဟတ်ယာဉ်ကို အနီးကပ် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီတပ်မတော် (KA) က ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၉ ရက် မွန်းလွဲပိုင်းက ရှားတောမြို့ထိုင် ဗျူဟာကုန်းနဲ့ ခလရ ၄၂၈ တပ်ရင်းအတွက် ရိက္ခာနဲ့ လက်နက် ပို့ဆောင်တဲ့ ရဟတ်ယာဉ်ကို ကရင်နီတပ်မတော် (KA) နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF B17) တို့ပူးပေါင်းပြီး အနီးကပ် သွားရောက်ပစ်ခတ်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ KA က ထုတ်ပြန်ပါတယ်။
ဒီလိုသွားရောက်ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၅ နှစ်အရွယ် ကလေးတယောက်နဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားတယောက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီလိုပစ်ခတ်ခံရပြီးနောက် စစ်ဗျူဟာမှူးက မြို့ပေါ် အုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူတွေ့ဆုံပြီး ဒီလို အလားတူပစ်ခတ်မှု ထပ်မံဖြစ်ပွားပါက ရှားတောတမြို့လုံး ပြာကျသွားမယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်းလည်း ဆိုပါတယ်။
လွိုင်ကော်ကနေ ရှားတောမြို့ကို ကူးလူးသွားလာနေတဲ့ စစ်ကောင်စီယာဉ်တန်းတွေကို ကရင်နီ ပူးပေါင်းတပ်တွေက လမ်းကြောင်းပိတ်ဆို့ပြီး တပ်စခန်းတွေကို မကြာခဏ တိုက်ခိုက်သလို ရိက္ခာလမ်းကြောင်းတွေကို ဖျက်ဆီးတဲ့အတွက် စစ်ကောင်စီဘက်က ရဟတ်ယာဉ်အသုံးပြုကာ ရိက္ခာပို့ဆောင်ခဲ့တာဖြစ်ပါတယ်။