ပဲခူးတိုင်း၊ ပြည်မြို့မှာ အသက်မပြည့်သေးတဲ့ ၇ တန်းကျောင်းသား ၅ ယောက်ကို ဇူလိုင်လ ၁၉ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနေ့က ည ၉ နာရီကျော်လောက်မှာ ညဈေးတန်းအဟောင်းမှာ အရင်က ထမင်းဆိုင်ဖွင့်တဲ့အိမ်က ကောင်လေးကို စဖမ်းတာ၊ ရဲနဲ့ ၇၅ တပ်က စစ်ကောင်စီတပ်သားတွေ ကား ၅ စီးနဲ့လာဖမ်းတာ။ အဲဒါပြီးတော့ ပုထိုးကြီးရပ်က ကောင်လေးကို ထပ်ဖမ်းတယ်၊ နောက် ပွင့်လှသိမ်ကုန်း အရှေ့ခြမ်းဘက်က ၃ ယောက် ယောက်ကို ထပ်ဖမ်းတယ်၊ စုစုပေါင်း ၅ ယောက်ကို စစ်တပ်နဲ့ ရဲအင်အားများစွာနဲ့ လာဖမ်းသွားတာ။ အဲဒီကလေးတွေအားလုံးက Kaung for You ကျောင်းတက်နေသူတွေ၊ ဒလန်သတင်းပေးလို့ သိသွားတာ ထင်တယ်” လို့ ပွင့်လှသိမ်ကုန်း ရပ်ကွက်နေသူ တယောက်က ပြောပါတယ်။
အဖမ်းခံရတဲ့ ကျောင်းသားတွေကို ၇၅ တပ်ထဲမှာ စစ်ဆေးနေပြီး မိဘတွေနဲ့ လတ်တလော တွေ့ခွင့်မပေးသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းကလည်း စစ်ကောင်စီကျောင်းကို မတက်ချင်တာကြောင့် ဆိုင်ကယ်ကယ်ရီ ဆွဲနေတဲ့ ပြည်မြို့ န၀င်းရပ်ကွက်က အသက်မပြည့်သေးတဲ့ ၉ တန်းကျောင်းသား တယောက် အပါအဝင် ကျောင်းသူတချို့ကို စစ်ကောာင်စီက ဖမ်းဆီးထားပြီး ကျောင်းပြန်တက်ပါမယ် လက်မှတ်ထိုးသူတွေကိုတော့ ပြန်လွှတ်ပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မကွေးတိုင်း ပခုက္ကူမြို့မှာ ဇူလိုင် ၁၆ ရက်နေ့ ညနေပိုင်းမှာ Kaung For You ဖက်ဒရယ် ကိုယ်ပိုင်ကျောင်းက ဆရာမ တယောက်ကို စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတာ်။
ပခုက္ကူမြို့ ၊ အမှတ် ၆ ရပ်ကွက်၊အောင်မဂ်လာလမ်းက ဆရာမ မစုမြတ်သန္တာကို ဇူလိုင်လ ၁၆ ရက်နေ့ ညနေ ၅နာရီလောက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဆက်သွယ် တည်ထောင်ထားတဲ့ Kaung For You ဖက်ဒရယ် ကိုယ်ပိုင်ကျောင်းရဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ Online စနစ်နဲ့ ပညာသင်ကြားပေးလို့ဆိုပြီး စစ်(...)၊ရဲ(...)နဲ့ ပူးပေါင်းအဖွဲ့တွေက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားကြတာလို့ ပခုက္ကူမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“ပခုက္ကူမြို့မှာ Kaung For You အွန်လိုင်းပညာရေးအစီစဥ်မှာ သင်ကြားပေးနေလို့ အဖမ်းခံရတဲ့ ဆရာမ ၂ ယောက်ရှိသွားပြီဗျ။ စက်မှုဇုန်ရပ်ကွက်က CDM ဆရာမ ဒေါ်ခင်မာလာနွယ်ကိုလည်း ဇူလိုင်လ ၁၅ ရက်နေ့နေ့လယ်ပိုင်းမှာ စစ်အုပ်စုတွေက အဲဒီပညာရေးအစီစဥ်မှာ ပါဝင်လို့ဆိုပြီး ဖမ်းဆီးသွားကြတယ်။ ဒါစစ်ကောင်စီရဲ့ သတင်းပေး ဒလန်တွေက အတိကျသတင်းပေးလို့ အဖမ်းခံရတာ။”
စစ်ကောင်စီဟာ လွတ်လပ်စွာပညာသင်ကြားခွင့်ဆိုတဲ့ အခြေခံလူ့အခွင့်ရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ပြီး ပြည်သူ့ပညာရေးကျောင်းတွေမှာ စာသင်ပေးနေတဲ့ CDM ဆရာမတွေကို ရန်သူသဖွယ် လိုက်လံဖမ်းဆီးနေတာကြောင့် ထိရောက်တဲ့ တုံ့ပြန်မှုတွေလုပ်ဆာင်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေတယ်လို့ အချက် ၅ချက်ပါဝင်တဲ့ ကြေညာချက်တစောင်ကို အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ တိုက်ပွဲ ဦးဆောင်ကော်မတီ (BEWU-SC)နဲ့ အခြေံပညာ ပညာရေးဝန်ထမ်းများအထွေထွေ သပိတ်ကော်မတီ (BEGSC)တို့က ဇူလိုင်လ ၁၆ ရက်နေ့ ရက်စွဲနဲ့ ပူးတွဲ ကြေညာချက်ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဇူလိုင်လ ၁၅ ရက်နေ့အထိ နိုင်ငံတဝန်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၁၆၂၉ ယောက်ရှိပြီး အဲဒီထဲက ၁၃၃၃ ယောက်ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇူလိုင် ၁၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
Kaung for You ကျောင်းအုပ်ကြီးနဲ့ ဆရာ ၂ ယောက်ကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက သူတို့ရဲ့ ဝါဒဖြန့် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ ဇူလိုင် ၁၆ ရက် ညပိုင်းမှာ ကြေညာပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကျောင်းအုပ်ကြီး ဦးကောင်းသိုက်စိုး ဖမ်းဆီးခံရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သလို အဲဒီကျောင်းမှာ သင်ကြားနေတဲ့ ဆရာ၊ ဆရာမတချို့လည်း ဖမ်းဆီးခံခဲ့ရတာပါ။
ဦးကောင်းသိုက်စိုးဟာ လက်ထောက်မြို့နယ် ပညာရေးမှူးဖြစ်ပြီး ပြီးခဲ့တဲ့နှစ် စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့တာကြောင့် ရဲစခန်းမှာ ပုဒ်မ ၅၀၅ နဲ့ အမှုဖွင့်ခံထားရတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သူနဲ့အတူ CDM ဆရာတွေဖြစ်တဲ့ ဦးဝင်းဗိုလ်နဲ့ ဦးသန့်စင်ထိုက်တို့ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့က လှည်းရိုးရပ်ကွက် ပြည့်တန်ဆာခန်းမှာ ဖမ်းမိခဲ့တာလို့ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ သတင်းထုတ်ပြန်ခဲ့တာပါ။
သူနဲ့ ရင်းနှီးသူတွေကတော့ ဒါဟာ စစ်ကောင်စီရဲ့ လုပ်ကြံဝါဒဖြန့်တာဖြစ်ပြီး ဦးကောင်းသိုက်စိုးတို့ ခရီးသွားနေတုန်း ဖမ်းခံခဲ့ရတာလို့ ပြောပါတယ်။
“သေချာသွားတာပေါ့ အဖမ်းခံရတာ၊ အစပိုင်းတုန်းက အတည်ပြုလို့မရဘူးလေ၊ ခုတော့ တကယ်အဖမ်းခံလိုက် ရတာပေါ့။ ဒါပေမယ့် စစ်ကောင်စီက ဂုဏ်သိက္ခာပါ ထိခိုက်အောင် မကောင်းတဲ့နေရာမှာ မိတယ်ဆိုပြီး သတင်းမှားဖြန့်တာ တော်တော်ယုတ်မာတဲ့လုပ်ရပ်ပါ”လို့ CDM ပညာရေးဝန်ထမ်းတဦးက ဒီဗွီဘီကိုပြောပါတယ်။
Kaung for You နဲ့ ပတ်သက်တဲ့ ဆရာ ဆရာမတွေ၊ ငွေကြေးထောက်ပံ့တာတွေ၊ ပူးပေါင်းပါဝင်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကိုလည်း ဖော်ထုတ်ဖမ်းဆီးမယ်လို့ စစ်ကောင်စီ က ကြေညာပြီး ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ သူတို့ဖွင့်ထားတဲ့ ကျောင်းတွေမှာပဲ တက်ကြဖို့၊ တခြားကျောင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း လျှို့ဝှက်သတင်းပေးကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီလက်အောက်မှာဖွင့်တဲ့ ကျောင်းတွေမှာ မတက်ရောက်တဲ့ ကျောင်းသူ၊ ကျောင်းသား တွေအနေနဲ့ အွန်လိုင်းကနေဖွင့်တဲ့ ကျောင်းတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပညာရေး ဝန်ကြီးဌာနက မြေပြင်မှာ ဖွင့်လှစ်တဲ့ ကျောင်းတွေမှာတက်ရောက်နေကြပြီး စစ်ကောင်စီက နည်းမျိုးစုံနဲ့ ဖမ်းဆီး နှောင့်ယှက်နေတာဖြစ်ပါတယ်။