close

Khonumthaung သတင်းဌာန

close

January 10, 2022

Khonumthaung သတင်းဌာန တည်တောင်သူအပါအဝင် မတူပီပြည်သူ ၁၁ ဦး သတ်ဖြတ်ခံရ

ချင်းပြည်နယ် မတူပီမြို့နယ်မှာ ဇန်နဝါရီ ၆ ရက်နေ့ကနေ ၉ ရက်နေ့အထိ မတူပီ CDFနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက Khonumthaung သတင်းဌာန တည်ထောင်သူအပါအဝင် အပြစ်မဲ့ပြည်သူ ၁၁ ယောက်ကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြု သတ်ဖြတ်ခဲ့ကြတယ်လို့ မတူပီ CDF ကနေ သိရပါတယ်။

မတူပီ-ဟားခါးလမ်းပေါ် ကီလှုန်းရွာနဲ့ လုံလှော်ရွာကြားမှာ ဇန်နဝါရီ ၆ ရက်နေ့ကစလို့ မတူပီ CDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ အပြင်းထန်ဖြစ်ပွားခဲ့ပြီး ဒေသခံတွေကို ဖမ်ဆီးကာ လမ်းပြ၊ လူသားဒိုင်းအဖြစ် အသုံးပြု သတ်ဖြတ်သွားကြတာလို့ မတူပီ-CDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

မတူပီ-CDF အနေနဲ့ စစ်မြေပြင်မှာ သတ်ဖြတ်ခံခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေအတွက် ဝမ်းနည်းကြေကွဲရသလို အကြမ်းဖက်စစ်ကောင်စီကျဆုံးတဲ့ အထိ လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်တွေက လူသားမဆန်စွာ သတ်ဖြတ်သွားတဲ့ထဲမှာ ချင်းပြည်နယ်အခြေစိုက် Khonumthaung သတင်းဌာန တည်ထောင်သူ၊ အယ်ဒီတာချုပ်လည်းဖြစ်တဲ့ Pu Tuidim လည်းပါဝင်ပြီး အခုလို အသတ်ခံရတဲ့အပေါ် မိသားစုနဲ့ ထပ်တူဝမ်းနည်းကြောင်း သတင်းဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်က Pu Tuidim အပါအဝင် အပြစ်မဲ့ပြည်သူတွေအား ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တဲ့အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း၊ နောက်နောင် အရပ်သားပြည်သူတွေကို အခုလို ဖမ်းဆီးပြီး လူမဆန်စွာ သတ်ဖြတ်တာတွေ ထပ်မံမကျူးလွန်ဖို့လည်း Khonumthaung သတင်းဌာနက တောင်းဆိုထားပါတယ်။

စစ်ကောင်စီတပ်တွေက ရက်ရက်စက်စက် အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်သွားတဲ့ထဲမှာ Mara မျိုးနွယ်စုဝင် ၂ ယောက်လည်းပါဝင်တာကြောင့်  အကြမ်းဖက်စစ်ကောင်စီ အမြစ်ပြတ်တဲ့အထိ လက်တုံ့ပြန် တိုက်ခိုက်သွားမယ်လို့ CDF-Mara ကလည်း ဒီကနေ့ မနက်အစောပိုင်းမှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

Photo-Matupi Cele

1 min Ago
Up