close

knla

close

May 5, 2023

ကေအန်ယူ ပစ်ခတ်မှုကြောင့် မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား ၁ ဦး သေဆုံး

ကေအန်ယူ တပ်မဟာ ၄ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ တပ်ရင်း ၁၁ ရဲ့ တပ်ဖွဲ့ဝင်တွေ ပစ်ခတ်တာကြောင့် အရပ်သားတဦးနဲ့ တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့တယ်လို့ မွန်ပြည်ကာကွယ်ရေးတပ် MSDF က မေလ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

တော်လှန်ရေးလှုပ်ရှားမှုတွေကို ပူးပေါင်းလုပ်ဆောင်ဖို့ KNLA တပ်ရင်း ၁၁ က ဗိုလ်ကြီးစောဘွဲ့မှူးနဲ့ တခြားတာဝန်ရှိသူတွေကို ဧပြီလ ၂၉ ရက်နေ့မှာ သွားရောက်တွေ့ဆုံခဲ့ပြီး အဲဒီကအပြန် နောက်တရက် မနက်ပိုင်းမှာ ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ်ရဲ့ တာဝန်ရှိသူတဦးကတော့ "သူတို့နဲ့ သွားတွေ့တာကလည်း အားလုံးအဆင်ပြေပြေပဲ၊ ဘာပြဿနာမှ မဖြစ်ခဲ့ဘူး။ တပ်ရင်း ၁၁ က တပ်ဖွဲ့ဝင်တွေကလည်း ကျနော်တို့နဲ့ အရင်ကတည်းက ရင်းနှီးပြီးသား လူတွေ၊ ဘာလို့အခုလိုပစ်လဲဆိုတာကိုတောင် ကျနော်တို့ မသိရသေးဘူး" လို့ ပြောပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ်ရဲ့ ဦးဆောင်မှုအောက်မှာရှိတဲ့ တနင်္သာရီတပ်၊ တပ်ရင်း ၃ တာဝန်ခံ နိုင်တမော့ချမ်းနဲ့ တပ်ဖွဲ့ဝင် ၁၀ ဦးခန့်ဟာ KNLA တပ်ရင်း ၁၁ တာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံပြီး အပြန် ဧပြီလ ၃၀ ရက် မနက် ၇ နာရီလောက်မှာ မြိတ်ခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ မိုင်တိုင် ၂၃ အနီး ပထမအကြိမ် ပစ်ခတ်ခံခဲ့ရပြီး တပ်ခွဲမှူးနဲ့ တပ်သားတဦးသေဆုံးခဲ့တဲ့အပြင် ဆုံလည်သေနတ်တလက်၊ M 16 သေနတ်တလက်နဲ့ လက်ပစ်ဗုံးတချို့လည်း ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

"စပစ်ခံရတာနဲ့ တပ်ရင်း ၁၁ ကို ကျနော်တို့ ဆက်သွယ်နေကျ ဆက်သွယ်ရေးလိုင်းတွေကနေ ဆက်သွယ်တာ လုံးဝမရဘူး၊ အလောင်းလည်း တလောင်းမှ ကျနော်တို့ ပြန်မသယ်ခဲ့နိုင်ဘူး" လို့ မွန်ပြည်ကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။

အဲဒီနေ့ မနက်မှာပဲ နိုင်တမော့ချမ်း ဦးဆောင်တဲ့ တပ်ဖွဲ့ကို လက်နက်လာပို့တဲ့ အခြားတပ်ဖွဲ့ဝင် ၄ ဦးကိုလည်း ဘုတ်ပြင်းမြို့နယ်၊ ကော့ဟံသာရွာအနီး KNLA တပ်ရင်း ၁၁ တပ်ဖွဲ့ဝင်တွေက တားဆီးပြီး M 16 သေနတ်နှစ်လက်၊ HK 16 သေနတ်နှစ်လက်နဲ့ Shot Gun ခေါက်ချိုးသေနတ်နှစ်လက်ကို သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပစ်ခတ်မှုဖြစ်ပြီး လွတ်မြောက်လာတဲ့တာဝန်ခံ နိုင်တမော့ချမ်းနဲ့ တပ်ဖွဲ့ဝင် ၉ ဦး ပြည်ကြိီးမဏ္ဍိုင်မြို့အနီး နေ့လယ် ၁၂ နာရီလောက်မှာ ထပ်မံတိုက်ခိုက်ခံရလို့ အရပ်သားယာဥ်မောင်းတဦးနဲ့ တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့တဲ့အပြင် AK 47 သေနတ်တလက်လည်း ဆုံးရှုံးခဲ့ရတယ်လို့ မွန်ပြည်ကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။

"ဆုံးသွားတဲ့ အရပ်သားယာဥ်မောင်းကတော့ အစည်းအဝေးပြီး ပြန်ကြလို့ ကားနဲ့လိုက်ပို့ဖို့ ငှားလာတဲ့သူပါ"

အခုလိုပစ်ခတ်မှုနဲ့ပတ်သက်ပြီး KNU တပ်မဟာ ၄ စစ်ရုံးကို ဒီဗွီဘီက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်ရေးလိုင်း အခက်အခဲကြောင့် ဖုန်းလက်ခံဖြေကြားနိုင်ခြင်း မရှိခဲ့ပါဘူး။

မွန်ပြည်ကာကွယ်ရေးတပ်ဘက်ကတော့ အခုဖြစ်စဥ်နဲ့ပတ်သက်ပြီး လူမျိုးရေးပဋိပက္ခတွေမဖြစ်အောင် ညှိနှိုင်းလုပ်ဆောင်သွားမယ်လို့ပြောပါတယ်။

"ကျနော်တို့ကတော့ ဒါတွေကို အခြေခံပြီး လူမျိုးရေးပဋိပက္ခတွေမဖြစ်အောင် အထူးဂရုစိုက်ပြီး ညှိနှိုင်းသွားဖို့ရှိပါတယ်။ KNU ဗဟိုက လူကြီးတွေကိုလည်း ဆက်သွယ်ပြီး သေချာစကားပြောဖို့ ကြိုးစားနေပါတယ်"

ဒုတိယအကြိမ် ပစ်ခတ်ခံရပြီးနောက် တပ်ဖွဲ့ဝင် ၅ ဦးနဲ့ အဆက်သွယ်ပြတ်တောက်သွားခဲ့ပြီး တာဝန်ခံ နိုင်တမော့ချမ်း အပါအဝင် ၄ ဦးနဲ့သာ အဆက်သွယ်ရသေးတယ်လို့လည်း ပြောပါတယ်။

"ကျနော်တို့ တပ်ဖွဲ့ဝင်တွေ မြေပြင်မှာ လိုက်ရှာနေတုန်းပဲ၊ အသက်ရှင်နေသေးရဲ့လားဆိုတာကိုတောင် ကျနော်တို့ မပြောနိုင်သေးဘူး"

မွန်ပြည်ကာကွယ်ရေးတပ် MSDF ကတော့ KNU တာဝန်ရှိသူတွေအနေနဲ့ အခုလို ပြစ်မှုကျူးလွန်ခဲ့တဲ့ တပ်မဟာ ၄ တပ်ရင်း ၁၁ က တပ်ဖွဲ့ဝင်တွေကို အမြန်ဆုံး စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - MSDF တပ်ဖွဲ့ဝင်များ

17 mins Ago

ဖာပွန်ခရိုင်တွင် BGF စခန်းကို KNLA တိုက်ခိုက်သိမ်းပိုက်၊ တပ်ခွဲမှူးအပါ ၆ ဦးသေဆုံး

ကေအန်ယူ တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်(မူတြော်)ခရိုင်အတွင်းက စစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) နီကန်တပ်စခန်းကို မေ ၂ ရက် မွန်းလွဲ ၂ နာရီလောက်က KNLA တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ BGF တပ်ခွဲမှူးအပါအဝင် ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ရှေ့တန်းစစ်မြေပြင်ကို လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာတွေပို့ဆောင်ဖို့အတွက် လမ်းလုံခြုံရေးတာဝန်ယူပေးထားတဲ့ BGFတပ်နယ် ၃ လက်အောက်ခံ နီကန်တပ်စခန်းကို တပ်မဟာ ၅ လက်အောက်ခံ KNLA တပ်ရင်း၊ တပ်ခွဲက တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

KNLA တာဝန်ရှိသူတဦးက”ဒီစခန်းကနေပြီး စကစစစ်ကြောင်းတွေကို ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို လက်ခံပြီ လမ်းကြောင်းလုံခြုံရေးလုပ်ပေးနေတာ။ စကစအတွက် အရေးပါတဲ့ စခန်းတခု။ ဒါကြောင့် ဝင်ရောက်တိုက်ခိုက်တာ”လို့ ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း နယ်ခြားစောင့်တပ်(BGF)ဘက်က တပ်ခွဲမှူး ၁ ဦး၊ ဒု-ခွဲမှူး ၁ ဦးနဲ့ တပ်ကြပ်ကြီး ၁ ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့သလို BGFထံကနေ AR- ၅ လက်နဲ့အတူ ကျည်ဆံအပြည့်ပါကျည်ဘောက် ၁၆ ချပ်၊ 9-MM-နိုင်းမမပစ်စတို ၁ လက်၊ RPG-7 လက်၊ ဗုံးသီး ၆ လုံး၊ NATO-စက်လတ် ၁ လက်၊ ကျည် ၅၀၀ တောင့်၊ ဆက်သွယ်ရေးစကားပြောစက် ၂ လုံးသိမ်းဆည်းရမိခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း KNLA တပ်ဖွဲ့ဘက်က စစ်သည် ၂ ဦးကျဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တဘ်လို့ သတင်းထုတ်ပြန်ထားပြီး နယ်ခြားစောင့်တပ်(BGF)ဘက်က သေဆုံးမှုအခြေအနေကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

5 hours Ago

April 24, 2023

စစ်ကောင်စီတပ် မယ်စိထာစခန်းကို ကေအန်ယူ သိမ်းပိုက်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၁ နဲ့ တပ်မဟာ ၅ ကြားမှာတည်ဆောက်ထားတဲ့ အချက်အချာကျတဲ့ စစ်ကောင်စီရဲ့ မယ်စိထာဂိတ်စခန်းကို ဧပြီ ၂၄ ရက် ဒီမနက်အစောပိုင်း ၄ နာရီလောက်က KNLA ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူနိုင်ခဲ့တယ်လို့ ကေအန်ယူဗဟိုက သတင်းထုတ်ပြန်ပါတယ်။

တပ်မဟာ ၁ နဲ့ တပ်မဟာ ၅ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုသိမ်းပိုက်နိုင်ခဲ့တဲ့ မယ်စိထာဂိတ်စခန်းက စကခ ၈ လက်အောက်ခံ၊ ခမရ ၄၀၁ တပ်ရင်း လက်အောက်ခံဖြစ်ါတယ်။ တိုက်ပွဲမှာ  ပစ္စတို MA 5 ၁ လက်၊ K3 79 ၁ လက်၊ K3 ၃ လက်၊ ကျည်ဘောက် ၂၀ ခု၊ ကျည်ဆန် ၁,၅၀၀ တောင့်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး ကေအန်ယူ ပြောရေးဆိုခွင့်ရှိ ပဒိုစောတာနီးက “ထုတ်ပြန်ချက်မှာပါတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ သေဆုံး ဒဏ်ရာရ သတင်းကတော့ ခိုင်မာတယ်။ ဒါက အောက်ခြေကပေးပို့တဲ့ ကြေးနန်းသတင်းတွေ ဖြစ်လို့ လွဲမှားစရာလည်း မရှိပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ် မယ်စိထာဂိတ်စခန်းက ခရီးသွားပြည်သူတွေကို စစ်ဆေးတာ၊ မတရား ဖမ်းဆီးနှိပ်စက်တာ၊ စခန်းအတွင်း ခေါ်ယူကာ လူသားဒိုင်းပြုလုပ်တာတွေ ပြုလုပ်နေပြီး တိုက်ပွဲအပြီးမှာတော့ စစ်ကောင်စီတပ်သားအင်အား ၁၅ ဦးထဲက ၅ ဦး စခန်းအတွင်း သေဆုံးခဲ့ပြီး ၁၀ ဦးမှာ ဂိတ်စခန်းကို စွန့်ခွာထွက်ပြေးသွားတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ စစ်ရေးအခြေအနေနဲ့ ကော်သူးလေဒေသ စစ်ကောင်စီတပ်စခန်းတွေရဲ့ အခြေအနေကို ပဒိုစောတာနီးက “ဒီစခန်းတွေက သူတို့အတွက် ဘယ်လောက်အရေးပါလဲဆိုတော့ အုပ်ချုပ်ရေးအရ ကျေးလက်ရော၊ မြို့ပြရော စိုးမိုးနိုင်ဖို့ ဒီကောင်တွေက တပ်ဖြန့် လိုက်ချထားတာ။ တကယ်တမ်းက ဒီကောင်တွေ စခန်းချသမျှ တပ်သားအကုန်လုံးက ပြည်သူလူထုကို ဒုက္ခပေးမယ်၊ ဖမ်းဆီးနှိပ်စက်မယ် ဒါပဲ။ အဲ့ဒါကြောင့် ကျနော်တို့အနေနဲ့ ဒီကောင်တွေကို များများတိုက်နိုင်လေလေ၊ ပြည်သူအန္တရာယ်ကင်းလေပါပဲ။ ဒီကောင်တွေစခန်းကို တိုက်နိုင်လည်း ကျနော်တို့က တော်တန်ရုံ မထိုင်ပါဘူး။ ဘာဖြစ်လဲဆိုတော့ ဒီနေ့ ဒီကာလအထိ စစ်ကောင်စီက သူ အားကိုးစရာ လေကြောင်းပဲရှိတော့တာ။ အဲဒါကြောင့် စခန်းတခုကို သိမ်းတာ မခက်ပေမဲ့ ထိုင်ဖို့က မလွယ်ဘူး။ စစ်ရေးကတော့ တင်းမာမြဲပါပဲ။ ကျနော်တို့ကတော့ တိုက်ပွဲရယ်ဖြစ်လာခဲ့ရင် ပြည်သူတွေ မထိခိုက်ဖို့က ဦးစားပေးပဲ။ တကယ်လို့ ထိခိုက်ခဲ့ရင်တော့ အဲ့ဒါ စစ်ကောင်စီကလုပ်တာပဲ” လို့ ပြောပါတယ်။

မယ်စိထာဂိတ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကို သထုံခရိုင်-KNLA အမှတ် ၁ တပ်မဟာ ဗျူဟာရုံးထိုင်မှူး ဗိုလ်ကြီး စောရမ်ဗိုနဲ့ မူတြော်ခရိုင် KNLA တပ်ရင်း ၁၀၂ ဒုတပ်ရင်းမှူး ဗိုလ်ကြီးဗိုလ်တောတို့က ဦးဆောင်ပြီး KNLA ပူးပေါင်းတပ်ဘက်က ထိခိုက်မှုမရှိကြောင်း သိရပါတယ်။

2 weeks Ago
Up