စက်တင်ဘာ ၈ ရက်မှာ ကျရောက်တဲ့ ၇၄ နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဌာနချုပ် ရှီညာတလယ်ဒူဆို (ခေါ်) ညာမိုမှာ ကျင်းပပါတယ်။
ဒီအခမ်းအနားမှာ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်တွေကို အလေးပြုတာ၊ ကရင်နီအမျိုးသားအာဇာနည်နေ့ကို ပေးပို့လာတဲ့ သဝဏ်လွှာတွေ ဖတ်ကြားတာနဲ့ လွမ်းသူ့ပန်းခွေချခြင်းနဲ့ ဆုတောင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီဗဟိုကတော့ ကရင်နီအမျိုးသားအာဇာနည်နေ့ဟာ ကရင်နီအမျိုးသားတို့ရဲ့ ဝမ်းနည်းဖွယ် အထိမ်းအမှတ်နေ့ဖြစ်ပြီး ကရင်နီအမျိုးသား လွတ်လပ်မှု၊ တန်းတူမှုနဲ့ တရားမျှတမှုတို့အတွက် အသက်ပေးလှူခဲ့တဲ့ ခုခံတော်လှန်ရေး အာဇာနည် ရဲဘော်နဲ့ ခေါင်းဆောင်တွေရဲ့ ရဲစွမ်းသတ္တိ၊ ကိုယ်ကျိုးစွန့်အနစ်နာခံမှုနဲ့ ပြည်သူအပေါ်ထားတဲ့ မေတ္တတရားတို့ကို အောက်မေ့ဂုဏ်ပြုတဲ့ နေ့ထူးနေ့မြတ်ဖြစ်ကြောင်း အခမ်းအနားကို သဝဏ်လွှာ ပေးပို့ထားပါတယ်။
ဒါ့အပြင် ကရင်နီ ပြည်သူထူထုကို သစ္စာနဲ့ ယုံကြည်ချက်ခိုင်မာစွာ ကာကွယ်ရင်း ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းကို ပေးလှူခဲ့ကြတဲ့ ခုခံတော်လှန်ရေးရဲဘော်တို့ရဲ့ ပေးဆပ်မှုတွေကို ဂုဏ်ပြုမှတ်တမ်းတင်တဲ့ နေ့ထူးဖြစ်တယ်လို့လည်း သဝဏ်လွှာမှာ ပါရှိပါတယ်။
တိုင်းပြည်အတွက်၊ လွတ်မြောက်ရေးအတွက် တာဝန်ကျေခဲ့ကြတဲ့ အာဇာနည်တို့ သေလွန်သော်လည်း မိမိတို့နဲ့အတူ အမြဲရှိနေမှာဖြစ်ပြီး ထာဝရ ဂုဏ်ပြုထိုက်၊ ဂုဏ်ယူသင့်တဲ့ သူရဲကောင်းဖြစ်ကြောင်းလည်း ဆိုပါတယ်။
ဒါ့အပြင် လက်ရှိဖြစ်ပျက်နေတဲ့ ပြောင်းလဲမှုဟာ မြန်ဆန်ပြီး စည်းလုံးညီညွတ်မှု၊ အမှန်တရားနဲ့ တရားမျှတမှုတို့အပေါ် ရပ်တည်မှုနဲ့ ခုခံတော်လှန်ရေး စိတ်ဓာတ်တို့ကို စမ်းသပ်နေတဲ့ အချိန်ကာလဖြစ်ပြီး ခုခံတော်လှန်ရေးအတွက် အင်သစ်အားသစ်တွေ ပေးဆောင်နေတဲ့ အချိန်ကာလ ဖြစ်ပါတယ်။
ကရင်နီအမျိုးသားခုခံတော်လှန်ရေးမှာ ပါဝင်နေတဲ့ မိဘပြည်သူနဲ့ ရဲဘော်အားလုံး မတရားမှုကို အန်တုလိုတဲ့ စိတ်ဓာတ်၊ လွတ်လပ်မှုကို ကာကွယ်ရဲတဲ့ သတ္တိနဲ့ တန်းတူရေးကို မြတ်နိုးပြီး အလျှော့မပေးတဲ့ ဇွဲနဲ့ ဆက်လက်တိုက်ပွဲဝင်သွားဖို့လည်း တိုက်တွန်းထားပါတယ်။
ကရင်နီအမျိုးသားတော်လှန်ရေးဖခင် ဦးဘီတူရီ ကျဆုံးခဲ့တဲ့ ၁၉၄၈ ခု စက်တင်ဘာလ ၈ ရက်ကို အစွဲပြုပြီး ကရင်နီလူထု တရပ်လုံးက နှစ်စဉ်နှစ်တိုင်း အာဇာနည်နေ့အဖြစ် သတ်မှတ် ကျင်းပခဲ့ပြီး ဒီနေ့ ၇၄ နှစ်မြောက်တိုင် ရှိပြီဖြစ်ပါတယ်။
ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ တစ်နှစ်တာကာလအတွင်း စစ်အာဏာရှင်ဆန့်ကျင်တဲ့ လက်နက်ကိုင် တော်လှန်ရေးဟာ အတိုင်းတာတခုအထိမြင့်တက်လာခဲ့ပေမဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ပါဝင် လာဖို့နဲ့ တော်လှန်ရေးအောင်ပွဲရဖို့အတွက်တော့ အများကြီး ကြိုးပမ်းလုပ်ဆောင်ရဦးမယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်တချို့က ဒီဗွီဘီကို သုံးသပ်ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ် စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်က စတင်ခဲ့တာဖြစ်ပြီး အခု ၂၀၂၂ ခုနှစ် စက်တင်ဘာ ၇ ရက်မှာ တနှစ်ပြည့်သွားတာဖြစ်ပါတယ်။
ခုခံတွန်းလှန်စစ်ပွဲနဲ့ ပတ်သက်ပြီး KNU တွဲဖက်အထွေထွေအတွင်းရေးမှူးဟောင်း ပဒိုမန်းမန်းက “ NUG ကနေပြီးတော့မှ D-day စတင်ခေါ်ယူတယ်၊ အဓိကအားဖြင့် တပ်လှန့်လိုက်တာပေါ့နော်။ တနှစ်ပြည့်တဲ့အချိန်မှာတော့ ကျနော်တို့ လူထုလှုပ်ရှားမှုဖြစ်တဲ့ လက်နက်ကိုင်တော်လှန်မှုကတော့ အရှိန်အဟုန်တခု အထိတော့ မြင့်တက်လာတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ သို့သော်လည်းပဲ ကျနော်တို့ တော်လှန်ရေးအောင်ပွဲတခုအထိ ရလာဖို့ကတော့ လက်နက်ကိုင် တိုက်ပွဲတခုတည်းကတော့ မပြည့်စုံသေးဘူးပေါ့နော်။ ဒါကြောင့်မို့ကျနော်တို့ ဘက်စုံကျနော်တို့ ဆောင်ရွက်ရမှာဖြစ်တယ်။ အထူးသဖြင့်တော့ သံတမန်တိုက်ပွဲ၊ လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲ နိုင်ငံရေးအရ ဖွဲ့စည်းပုံအခြေခံဥပဒေတိုက်ပွဲကအစ ဒါကို ဖော်ဆောင်ရမှာဖြစ်တဲ့အတွက် D-dayကို ကြေညာပြီးတဲ့ တနှစ်ပြည့်အထိမှာတော့ စစ်ရေးအရ အတိုင်းအတာတခုလောက်အထိတော့ အားရကျေနပ်လောက်ပေမဲ့လည်း ကျန်ခဲ့တဲ့ နိုင်ငံရေးတိုက်ပွဲနဲ့ သံတမန်တိုက်ပွဲမှာကတော့ ကျနော်တို့ ဒီထက်ပိုပြီးတော့ ဆက်လုပ်ဖို့ လိုအပ်သေးတယ်၊ လိုတယ်လို့ ပြောလို့ရမှာပေါ့နော်။ ဒါမှ သာ ကျနော်တို့ရဲ့ အဆုံးသတ်တိုက်ပွဲနဲ့၊ အဆုံးသတ်အောင်ပွဲကို ရမှာဖြစ်တယ်။ ဒါကြောင့် D-dayနဲ့အတူ နောက်ထပ်ဆက်ပြီးတော့မှ တိုက်ပွဲဝင်တယ်လို့ ခေါ်ဆိုတဲ့နေရာမှာ လက်နက်ကိုင်တစ်ခုတည်း မကဘဲနဲ့ အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတိုက်ပွဲနဲ့ သံတမန်ကိုတော့ ပိုမိုပြီးတော့မှ တိုးမြှင့်ဖို့ လိုအပ်မယ်”လို့ပြောပါတယ်။
ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲစတင်ခဲ့တဲ့ တစ်နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည်နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့် အထိမ်းအမှတ်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အလားတူ PDFတွေနဲ့ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် သူရဲကောင်းရဲဘော်တွေ စုစုပေါင်း ၁၅၀၀ ကျော်ကျဆုံးခဲ့တယ်လို့လည်း ဒူဝါလရှီးလက ပြောပါတယ်။ တနှစ်အတွင်း PDF တပ်ရင်းပေါင်း ၃၀၀ ကျော်ဖွဲ့စည်းနိုင်ခဲ့ပြီး တနိုင်ငံလုံးမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် ၂၅၀ ကျော်မှာ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စနစ်တကျ ဖွဲ့စည်းလည်ပတ်နေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ဆိုပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ( ၂ ) ဦးအောင်ဆန်းမြင့်ကတော့ “ကျနော်တို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြောလိုက်လို့ရှိရင် D-day ကတော့ ခေါ်လိုက်တာပဲ။ ဒါပေမဲ့ ဒီနေ့ တနိုင်ငံလုံးအတိုင်းအတာရ တိုက်ပွဲဝင်နေတာမရှိဘူးလေ။ D-day ကြေညာလိုက်တဲ့ ထိရောက်မှုကတော့ ဘာမှ မထူးခြားလာဘူးလို့ ကျနော်က ဒီလိုပဲ သုံးသပ်ပါတယ်။ ဒီနေ့ ကျနော်တို့က တိုင်းနဲ့ ပြည်နယ် ၁၄ ခုရှိတယ်လေ။ ဒီနေ့ ပြည်နယ် ၄ ခုနဲ့ တိုင်း ၂ ခုလောက်မှာပဲ တိုက်ပွဲပြင်းထန်နေတယ်။ တခြားဒေသတွေ၊ တခြားပြည်နယ်နဲ့တိုင်းတွေမှာက ပုံမှန်အတိုင်းပဲ၊ တိုက်ပွဲတွေဘာတွေ ရှိရင်တောင်မှ ကြိုးကြားကြိုးကြား၊ ပေါက်ကွဲမှုရင်တောင်မှ ဒီလောက်ပဲ ဆိုတော့ ကျနော် အဲဒါကိုဆိုလိုတာဖြစ်ပါတယ်။ ဆိုတော့ D-day ဆိုတာကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျနော်တို့က တိုက်ပွဲဝင်ကြဖို့ လှုံ့ဆော်တာပဲလေ။ တိုက်ပွဲကို စတင်တော့မယ်ဆိုပြီ။ သို့သော်လည်းပဲ ဒီအပေါ်မှာ ပါလာမှုမရှိတာကို ကျနော်ပြောတာပါ။”
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၁ ရက်အထိ တိုက်ပွဲပေါင်း ၆,၆၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်မှာ တိုက်ပွဲပေါင်း ၃,၇၃၄ နဲ့ အများဆုံး ဖြစ်တယ်လို့ မြန်မာပြည်တွင်း လက်နက်ကိုင်ပဋိပက္ခကိုစောင့်ကြည့်လေ့လာနေတဲ့ ISP Myanmar ရဲ့ စာရင်းအရသိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအလွန်မှာဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ပြေးဒုက္ခသည် တသန်းခွဲကျော်ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) က ထုတ်ပြန်ထားပါတယ်။
ကရင်နီဒေသမှာ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ မစခင်ကတည်းက စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြတာဖြစ်ပြီး လက်ရှိအချိန်မှာ ကရင်နီ လူဦးရေရဲ့ သုံးပုံ နှစ်ပုံ စစ်ရှောင်ဘဝနဲ့ ရောက်နေရတယ်လို့ KNPP အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က ပြောပါတယ်။
“ကျနော်တို့ ကရင်နီပြည်က D-day မခေါ်ခင်ကတည်းက ကျနော်တို့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ကျနော်တို့ အကြမ်းဖက်စစ်ကောင်စီကို ကျနော်တို့ တိုက်ခဲ့တာပဲလေ။ D-day က စက်တင်ဘာလမှခေါ်တာပဲလေ။ ကျနော်တို့တော်လှန်ရေးအရင်လုပ်ခဲ့တာပဲလေ။ ဆိုတော့ တိုက်ကြဖို့ နိုးဆော်တဲ့ D-dayက မလာခင်ကတည်းက ကျနော်တို့ တိုက်နေတာလေ။ D-day ကြောင့် တိုက်တာမဟုတ်ဘူးဆိုတာ ကျနော် ပထဦးဆုံးပြောချင်တယ်။ ဆိုတော့ ကျနော်တို့ ထဲမှာကတော့ နေ့စဉ်နဲ့အမျှ ဒီနေ့အထိ တိုက်ပွဲဖြစ်နေတုန်းပဲ။ လူဦးရေ သုံးပုံ နှစ်ပုံလည်း စစ်ရှောင်ဘဝနဲ့ ရောက်နေတုန်းပဲပေါ့နော်။”
ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့်ကာလအတွင်း မိမိတို့အစိုးရအနေနဲ့ အောင်မြင်မှုများစွာရရှိခဲ့သလို စိန်ခေါ်မှုတွေ ထိခိုက် နစ်နာမှုတွေလည်း ရှိခဲ့ကြောင်း မိမိတို့အနေနဲ့ ထိခိုက်နစ်နာခဲ့မှုတွေကို သင်ခန်းစာယူပြီး စိန်ခေါ်မှုတွေကို ကျော်လွှားကာ ပြည်သူလူထု လိုလားမျှော်မှန်းနေတဲ့ ပန်းတိုင်ကို အမြန်ဆုံးရရှိအောင် ဆက်လက်အားတင်း ကြိုးစားဖို့ ယာယီသမ္မတ ဒူဝါလရှီးလက NUG အစိုးရအဖွဲ့အစည်းအဝေးမှာ အစိုးရ အဖွဲ့ဝင်တွေကို တိုက်တွန်းပြောထားပါတယ်။
Photo-MPA
ခုခံတော်လှန်ရေးအောင်မြင်ဖို့ ကရင်နီအမျိုသားထုတရပ်လုံးရဲ့ ဘုံအကျိုးစီးပွားကို ဦီးထိပ်ထားဖို့လိုအပ်ပြီး စည်းရုံးညီညွတ်ဖို့လည်း လိုအပ်နေသလို လက်ရှိအခြေအနေမှာ လူမှုရေး၊ နိုင်ငံရေးနဲ့ စစ်ရေးအရ သွေးခွဲနေတဲ့ အချိန်ဖြစ်တဲ့အတွက် တော်လှန်ရေးသတိ အမြဲရှိနေဖို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က တိုက်တွန်းလိုက်ပါတယ်။
ဒီကနေ့ ဩဂုတ် ၉ ရက်မှာ ကျရောက်တဲ့ ၇၄ နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနားသို့ပေးတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ပါတီဗဟိုဌာနချုပ်ရဲ့ သဝဏ်လွှာမှာ အခုလို တိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်။
အဖွဲ့အစည်းတစ်ခု၊ လူပုဂ္ဂိုလ်တစ်ယောက် သို့မဟုတ် ဒေသတစ်ခုအတွက်ကိုသာ ကြည့်ခြင်းမဟုတ်ပဲ ရေရှည်တည်တန့်မည့် ကရင်နီအမျိုးသားတို့ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ နိုင်ငံရေးအခွင့်အရေး၊ သာယာဝပြောရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို ရည်မျှော်ပြီး အားလုံးအတူတူတိုက်ပွဲဝင်သွားဖို့ လိုအပ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတဲ့ နိုင်ငံရေးအကျပ်အတည်းဟာ အထွဋ်အထိပ်သို့ရောက်ရှိနေ တဲ့ကာလဖြစ်သလို နိုင်ငံတွင်းမကြုံစဖူးသော တော်လှန်ရေးစိတ်ဓာတ်အသစ်နဲ့ ပူးပေါင်းဆောင်ရွက်မှု အသစ်တွေကိုလည်း နိုင်ငံတဝန်းရှိ တိုင်းရင်းသားလူမျိုးတွေကြားမှာ မြင်တွေ့နေရကြောင်း ဖော်ပြထားပါတယ်။
ဒီအခွင့်အရေးကို ထိထိမိမိဆုပ်ကိုင်ပြီး ဒီထက်မက ထိရောက်တဲ့ တော်လှန်ရေးလက်နက်တခုအဖြစ် အသုံးပြုသွားဖို့ တော်လှန်ရေးကို ဦးဆောင်နေတဲ့အဖွဲ့အစည်းနဲ့ ခေါင်းဆောင်တွေမှာ တာဝန်ရှိကြောင်းလည်း ထောက်ပြထားပါတယ်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်ရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်စဉ် ဦးဆောင်အဖွဲ့ရဲ့ ဦးဆောင်မှုကော်မတီ (PPST) ကလည်း ၇၄ နှစ်မြောက်ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့အထိမ်းအမှတ်အနေ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပေးထားပါတယ်။
ကရင်နီအမျိုးသားတို့ဟာ ကိုပိုင်ပြဋ္ဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေးအတွက် စွမ်းစွမ်တမံ ကြိုးပမ်း ဆောင်ရွက်လာတာကို သမိုင်းဖြစ်ရပ်တို့က သက်သေခံနေပြီး မျက်မှောက်ကာလမှာလည်း ကရင်နီအမျိုးသားတွေအနေနဲ့ အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒဖျက်သိမ်းရေး၊ စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းစေရေးအတွက် တတတ်တအား ကြိုးပမ်းဆောင်ရွက်သွယ်မယ်လို့ ယုံကြည်ကြောင်း PPST က သဝဏ်လွှာပေးပို့ထားပါတယ်။
ကရင်နီသမိုင်းမှတ်တမ်းတွေအရ ၁၉၄၈ သြဂုတ် ၉ ရက် မနက် ၄ နာရီမှာ ဖဆပလ အစိုးရတပ်တွေက သီးခြားလွတ်လပ်သော ကရင်နီပြည်ထောင်စုကောင်စီရုံးစိုက်ရာ မြလဲကျေးရွာကို ဝင်ရောက်တိုက်ခိုက်လို့ ကရင်နီအမျိုးသားတွေရဲ့ ခုခံတော်လှန်ရေးနေ့ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။