ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၅ နယ်မြေမှာရှိတဲ့ ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ တပ်စခန်းကို စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ဇူလိုင် ၄ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အေအေတပ်ဖွဲ့၀င် ၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့သလို အဆောက်အအုံတွေလည်း ပျက်စီးခဲ့ပါတယ်။ အခုလို တိုက်ခိုက်တာနဲ့ ပက်သက်လို့ ကေအန်ယူ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကလယ်ဒိုကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး- ကေအန်ယူနယ်မြေထဲမှာရှိတဲ့ အေအေရဲ့ စခန်းကို စစ်ကောင်စီတပ်က ဘာကြောင့် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ထင်ပါသလဲ။
ဖြေ။ “ကျနော်လည်း အသေးစိတ်မသိရဘူး။ ဒါပေမဲ့ ခန့်မှန်းတာလောက်ပဲ ဖြစ်မှာပေါ့နော်။ သူတို့က ဘယ်တပ်ဖွဲ့ပဲမဆို သူတို့ကို ဆန့်ကျင်နေတဲ့လူ မှန်သမျှကတော့ ပစ်မှာပဲ။ အဲလိုမျိုးပေါ့။ သူတို့ရဲ့သဘောထားက တမျိုးပဲရှိတယ်လေ။ ဒါကြောင့် ဘယ်သူ့စခန်းပဲဖြစ်ဖြစ် ပြောရရင် ဒီတော်လှန်ရေးဒေသမှာရှိတဲ့ စခန်း၊ သူတို့ခေါ်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးတာကို မသွားတဲ့ အဖွဲ့အစည်းရဲ့ နေရာဒေသမှန်သမျှကတော့ သူတို့ ခေါ်တာကို မလိုက်ရင် သူတို့ အဲဒီလိုပဲ တွေ့သမျှစခန်းတွေလိုက်ပြီးတော့ ဗုံးကြဲဖို့၊ ပစ်ဖို့ သူတို့လုပ်မှာပဲလို့ကျနော် အဲသလိုပဲယူဆတယ်။”
မေး။ ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျဆုံး၊ သေဆုံးတဲ့သူတွေရဲ့ အခြေအနေဘယ်လို ရှိလဲဆိုတာ ပြောပြပေးလို့ရမလား။
ဖြေ။ “ ဟုတ်ကဲ့ပါ၊ ဒီဟာနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်လည်း အသေးစိတ်မသိရဘူး။ သူများတင်ထားတာကိုပဲ တွေ့တယ်။ အေအေအဖွဲ့နဲ့ ကျနော်နဲ့ အဆက်အသွယ်မရှိဘူး။ အဲလိုမျိုးဖြစ်နေတာပေါ့နော်။ သူကလည်း သက်ဆိုင်ရာကိုပဲ သူက အဆက်အသွယ်ရှိမှာပေါ့။ ကျနော်နဲ့ကျတော့ အဆက်အသွယ်မရှိတဲ့အခါကျတော့ ကျနော်လည်း သတင်းတိတိကျကျမရဘူး။ သူများတင်တဲ့ဟာကိုပဲ ကျနော် သိရတယ်နော်။”
မေး။ လေကြောင်းတိုက်လိုက်မှုနဲ့ပတ်သက်လို့ ဗိုလ်မှူးကြီးအနေနဲ့ ဘာပြောချင်တာရှိပါသလဲ။
ဖြေ။ “လေကြောင်းနဲ့ပတ်သက်တာကတော့ ပြောချင်တာကတော့ အခု သူတို့အနေနဲ့ကတော့ သူတို့တပ်အင်အားကလည်း မြို့တွင်းမှာ သူတို့တာဝန်ယူရမှာက များနေတဲ့အခါကျတော့ အထူးသဖြင့် တောင်ပေါ်ဒေသမှာ၊ နောက်ပြီးနယ်စပ်ဒေသမှာ သူတို့ တပ်တွေ ပို့ဖို့ကျတော့ သူတို့မှာ အခက်အခဲအများကြီးရှိတယ်။ အဲဒါကြောင့်မို့လို့သူတို့ တပ်မပို့နိုင်တဲ့အပေါ်မှာ သူတို့က လေကြောင်းကိုပဲ အားကိုးပြီးတော့ လာတိုက်တဲ့သဘောမျိုးဖြစ်တာပေါ့နော်။”
မေး။ လေကြောင်းတိုက်ခိုက်မှုအပြီးမှာ အဲဒီဒေသကနေပြီးမှ ထိုင်းနိုင်ငံ နယ်နိမိတ်ထဲကို လေကြောင်း ပျံသန်းမှုတွေ ဝင်သွားတယ်လို့ ပြောတယ်ပေါ့နော်။ ဒါနဲ့ပတ်သက်လို့ ဗိုလ်မှူးကြီး ဘယ်လို သုံးသပ်ချင်ပါသလဲ။
ဖြေ။ “ ဟုတ်ကဲ့ အခု ဒီနေရာ သူတို့လာကြဲသွားတဲ့နေရာက အဲဒီနေရာမြစ်က တအားကွေးကောက်နေတာပေါ့နော်။ အဲဒီမှာ သွားနေလို့ရှိရင် အနောက်က အရှေ့လိုမျိုးပေါ့။ အဲဒီပုံစံမျိုးတွေဖြစ်နေတယ်။ အဲဒါကြောင့် သူတို့လည်းပဲ အဲဒီနေရာမှာ သူတိုအထဲကနေပစ်တဲ့အခါ ဖြတ်ပြီးတော့မှ သွားရတဲ့အခါကျတော့ ထိုင်းရဲ့ ဧရိယာထဲရောက်သွားတာပေါ့နော်။ အဲလိုမျိုးပဲ ခန့်မှန်းရတာပေါ့နော်။ ထိုင်းစစ်သားကတော့ ရှိတော့ရှိပါရဲ့၊ ဒါပေမဲ့ သူတို့ တဖက်နဲ့တဖက်အဲလိုမျိုး အသိမပေးကြပဲနဲ့ အဲလိုမျိုးတခါတလေ ဗြုန်းခနဲ ဖြတ်သွားတဲ့ သဘောမျိုးဖြစ်တာပေါ့နော်။ ဒါပေမဲ့ သူတို့အထက်အချင်းချင်းကတော့ သူတို့ ဘယ်လို ဆက်ဆံမှုရှိလဲဆိုတော့ ကျနော်တို့လည်း မသိဘူးပေါ့။”
ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေတွေမှာ ရက် ၂၀ အတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း ၆၇ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ၂၂၇ ဦးသေဆုံးပြီး ၁၅၉ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ကေအန်ယူက ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်မှ ၂၀ ရက်နေ့အထိ စစ်ကောင်စီရဲ့တပ်၊ နယ်ခြားစောင့်တပ် (BGF) တပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တို့ တိုက်ပေါင်း ၆၇ ကြိမ်ဖြစ်ပွားခဲ့ပြီး KNLA၊ KNDO တပ်ဘက် တိုင်းပြည်နဲ့လူမျိုးအတွက် ၅ ဦး အသက်စွန့်ခဲ့ရပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။
စစ်ကောင်ရဲ့တပ်နဲ့ BGF ပူးပေါင်းတပ်တွေက မြေပြင်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အရပ်သားပြည်သူ ၄ ဦး သေဆုံးပြီး ၁၈ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်တွေပါ ထိခိုက်ပျက်စီးခဲ့သလို ကျေးရွာတချို့က အရပ်သားပြည်သူတွေ ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင် ခိုလှုံခဲ့ရပါတယ်။
KNU တပ်မဟာ ၁ ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ သထုံမြို့နယ်တွေအတွင်း စစ်ကောင်စီရဲ့တပ်နဲ့ BGF တပ်ရင်း ၁၀၁၄ တပ်တွေက အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာနဲ့ လုပ်ငန်းခွင်တွေအတွင်းကို မကြာခဏ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အပြင် အပြစ်မဲ့ပြည်သူတွေကို ခြောက်လှန့်ပြီး ငွေကြေးအတင်းအဓမ္မတောင်းယူတာ၊ အစားအစာနဲ့ ပစ္စည်းတွေကို အတင်းအဓမ္မသိမ်းယူတာ၊ အတင်းအဓမ္မခိုင်းစေတာတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါအပြင် KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ်နဲ့ ဆောထီမြို့နယ်တွေအတွင်း စစ်ကောင်စီရဲ့တပ်တွေက အရပ်သားပြည်သူတွေ သွားလာရာမှာ စစ်ဆေးမေးမြန်းတာတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် စားဝတ်နေရေးအတွက် လုပ်ငန်းခွင် သွားလာရာမှာ လွပ်လပ်မှုမရှိတဲ့အပြင် ဖမ်းဆီးခံရမှာကို စိုးရိမ်ခဲ့ကြရပါတယ်။
အလားတူ KNU တပ်မဟာ ၅ မူတြော်ခရိုင် ဒွယ်လိုးမြို့နယ်၊ ဘူးသိုမြို့နယ်နဲ့ လူသောမြို့နယ်တွေအတွင်း စစ်ကောင်စီတပ်တွေနဲ့ BGF တပ်ရင်း ၁၀၁၂/၁၀၁၃/၁၀၁၄ တပ်တွေက အရပ်သားပြည်သူတွေရဲ့ ကျေးရွာတွေနဲ့ လုပ်ငန်းခွင်တွေအတွင်းကို နေ့စဉ်လက်နက်ကြီးတွေ ပစ်ခဲ့တဲ့အပြင် ရက် ၂၀ အတွင်း ဒွယ်လိုးမြို့နယ်နဲ့ လူသောမြို့နယ်တွေထဲကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၇ လုံး ကြဲချခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ် မတ်လကစတင်ပြီး စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်တွေက နယ်မြေကျော် စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာတာဖြစ်ပြီး တိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာပြီး စစ်ဘေးရှောင်ခိုလှုံနေရသူ စုစုပေါင်း ၁ သိန်းကျော်ရှိတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။