close

KNU

close

May 5, 2023

ကေအန်ယူ ပစ်ခတ်မှုကြောင့် မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား ၁ ဦး သေဆုံး

ကေအန်ယူ တပ်မဟာ ၄ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ တပ်ရင်း ၁၁ ရဲ့ တပ်ဖွဲ့ဝင်တွေ ပစ်ခတ်တာကြောင့် အရပ်သားတဦးနဲ့ တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့တယ်လို့ မွန်ပြည်ကာကွယ်ရေးတပ် MSDF က မေလ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

တော်လှန်ရေးလှုပ်ရှားမှုတွေကို ပူးပေါင်းလုပ်ဆောင်ဖို့ KNLA တပ်ရင်း ၁၁ က ဗိုလ်ကြီးစောဘွဲ့မှူးနဲ့ တခြားတာဝန်ရှိသူတွေကို ဧပြီလ ၂၉ ရက်နေ့မှာ သွားရောက်တွေ့ဆုံခဲ့ပြီး အဲဒီကအပြန် နောက်တရက် မနက်ပိုင်းမှာ ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ်ရဲ့ တာဝန်ရှိသူတဦးကတော့ "သူတို့နဲ့ သွားတွေ့တာကလည်း အားလုံးအဆင်ပြေပြေပဲ၊ ဘာပြဿနာမှ မဖြစ်ခဲ့ဘူး။ တပ်ရင်း ၁၁ က တပ်ဖွဲ့ဝင်တွေကလည်း ကျနော်တို့နဲ့ အရင်ကတည်းက ရင်းနှီးပြီးသား လူတွေ၊ ဘာလို့အခုလိုပစ်လဲဆိုတာကိုတောင် ကျနော်တို့ မသိရသေးဘူး" လို့ ပြောပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ်ရဲ့ ဦးဆောင်မှုအောက်မှာရှိတဲ့ တနင်္သာရီတပ်၊ တပ်ရင်း ၃ တာဝန်ခံ နိုင်တမော့ချမ်းနဲ့ တပ်ဖွဲ့ဝင် ၁၀ ဦးခန့်ဟာ KNLA တပ်ရင်း ၁၁ တာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံပြီး အပြန် ဧပြီလ ၃၀ ရက် မနက် ၇ နာရီလောက်မှာ မြိတ်ခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ မိုင်တိုင် ၂၃ အနီး ပထမအကြိမ် ပစ်ခတ်ခံခဲ့ရပြီး တပ်ခွဲမှူးနဲ့ တပ်သားတဦးသေဆုံးခဲ့တဲ့အပြင် ဆုံလည်သေနတ်တလက်၊ M 16 သေနတ်တလက်နဲ့ လက်ပစ်ဗုံးတချို့လည်း ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

"စပစ်ခံရတာနဲ့ တပ်ရင်း ၁၁ ကို ကျနော်တို့ ဆက်သွယ်နေကျ ဆက်သွယ်ရေးလိုင်းတွေကနေ ဆက်သွယ်တာ လုံးဝမရဘူး၊ အလောင်းလည်း တလောင်းမှ ကျနော်တို့ ပြန်မသယ်ခဲ့နိုင်ဘူး" လို့ မွန်ပြည်ကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။

အဲဒီနေ့ မနက်မှာပဲ နိုင်တမော့ချမ်း ဦးဆောင်တဲ့ တပ်ဖွဲ့ကို လက်နက်လာပို့တဲ့ အခြားတပ်ဖွဲ့ဝင် ၄ ဦးကိုလည်း ဘုတ်ပြင်းမြို့နယ်၊ ကော့ဟံသာရွာအနီး KNLA တပ်ရင်း ၁၁ တပ်ဖွဲ့ဝင်တွေက တားဆီးပြီး M 16 သေနတ်နှစ်လက်၊ HK 16 သေနတ်နှစ်လက်နဲ့ Shot Gun ခေါက်ချိုးသေနတ်နှစ်လက်ကို သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပစ်ခတ်မှုဖြစ်ပြီး လွတ်မြောက်လာတဲ့တာဝန်ခံ နိုင်တမော့ချမ်းနဲ့ တပ်ဖွဲ့ဝင် ၉ ဦး ပြည်ကြိီးမဏ္ဍိုင်မြို့အနီး နေ့လယ် ၁၂ နာရီလောက်မှာ ထပ်မံတိုက်ခိုက်ခံရလို့ အရပ်သားယာဥ်မောင်းတဦးနဲ့ တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့တဲ့အပြင် AK 47 သေနတ်တလက်လည်း ဆုံးရှုံးခဲ့ရတယ်လို့ မွန်ပြည်ကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။

"ဆုံးသွားတဲ့ အရပ်သားယာဥ်မောင်းကတော့ အစည်းအဝေးပြီး ပြန်ကြလို့ ကားနဲ့လိုက်ပို့ဖို့ ငှားလာတဲ့သူပါ"

အခုလိုပစ်ခတ်မှုနဲ့ပတ်သက်ပြီး KNU တပ်မဟာ ၄ စစ်ရုံးကို ဒီဗွီဘီက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်ရေးလိုင်း အခက်အခဲကြောင့် ဖုန်းလက်ခံဖြေကြားနိုင်ခြင်း မရှိခဲ့ပါဘူး။

မွန်ပြည်ကာကွယ်ရေးတပ်ဘက်ကတော့ အခုဖြစ်စဥ်နဲ့ပတ်သက်ပြီး လူမျိုးရေးပဋိပက္ခတွေမဖြစ်အောင် ညှိနှိုင်းလုပ်ဆောင်သွားမယ်လို့ပြောပါတယ်။

"ကျနော်တို့ကတော့ ဒါတွေကို အခြေခံပြီး လူမျိုးရေးပဋိပက္ခတွေမဖြစ်အောင် အထူးဂရုစိုက်ပြီး ညှိနှိုင်းသွားဖို့ရှိပါတယ်။ KNU ဗဟိုက လူကြီးတွေကိုလည်း ဆက်သွယ်ပြီး သေချာစကားပြောဖို့ ကြိုးစားနေပါတယ်"

ဒုတိယအကြိမ် ပစ်ခတ်ခံရပြီးနောက် တပ်ဖွဲ့ဝင် ၅ ဦးနဲ့ အဆက်သွယ်ပြတ်တောက်သွားခဲ့ပြီး တာဝန်ခံ နိုင်တမော့ချမ်း အပါအဝင် ၄ ဦးနဲ့သာ အဆက်သွယ်ရသေးတယ်လို့လည်း ပြောပါတယ်။

"ကျနော်တို့ တပ်ဖွဲ့ဝင်တွေ မြေပြင်မှာ လိုက်ရှာနေတုန်းပဲ၊ အသက်ရှင်နေသေးရဲ့လားဆိုတာကိုတောင် ကျနော်တို့ မပြောနိုင်သေးဘူး"

မွန်ပြည်ကာကွယ်ရေးတပ် MSDF ကတော့ KNU တာဝန်ရှိသူတွေအနေနဲ့ အခုလို ပြစ်မှုကျူးလွန်ခဲ့တဲ့ တပ်မဟာ ၄ တပ်ရင်း ၁၁ က တပ်ဖွဲ့ဝင်တွေကို အမြန်ဆုံး စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - MSDF တပ်ဖွဲ့ဝင်များ

5 days Ago

ဖာပွန်ခရိုင်တွင် BGF စခန်းကို KNLA တိုက်ခိုက်သိမ်းပိုက်၊ တပ်ခွဲမှူးအပါ ၆ ဦးသေဆုံး

ကေအန်ယူ တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်(မူတြော်)ခရိုင်အတွင်းက စစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) နီကန်တပ်စခန်းကို မေ ၂ ရက် မွန်းလွဲ ၂ နာရီလောက်က KNLA တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ BGF တပ်ခွဲမှူးအပါအဝင် ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ရှေ့တန်းစစ်မြေပြင်ကို လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာတွေပို့ဆောင်ဖို့အတွက် လမ်းလုံခြုံရေးတာဝန်ယူပေးထားတဲ့ BGFတပ်နယ် ၃ လက်အောက်ခံ နီကန်တပ်စခန်းကို တပ်မဟာ ၅ လက်အောက်ခံ KNLA တပ်ရင်း၊ တပ်ခွဲက တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

KNLA တာဝန်ရှိသူတဦးက”ဒီစခန်းကနေပြီး စကစစစ်ကြောင်းတွေကို ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို လက်ခံပြီ လမ်းကြောင်းလုံခြုံရေးလုပ်ပေးနေတာ။ စကစအတွက် အရေးပါတဲ့ စခန်းတခု။ ဒါကြောင့် ဝင်ရောက်တိုက်ခိုက်တာ”လို့ ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း နယ်ခြားစောင့်တပ်(BGF)ဘက်က တပ်ခွဲမှူး ၁ ဦး၊ ဒု-ခွဲမှူး ၁ ဦးနဲ့ တပ်ကြပ်ကြီး ၁ ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့သလို BGFထံကနေ AR- ၅ လက်နဲ့အတူ ကျည်ဆံအပြည့်ပါကျည်ဘောက် ၁၆ ချပ်၊ 9-MM-နိုင်းမမပစ်စတို ၁ လက်၊ RPG-7 လက်၊ ဗုံးသီး ၆ လုံး၊ NATO-စက်လတ် ၁ လက်၊ ကျည် ၅၀၀ တောင့်၊ ဆက်သွယ်ရေးစကားပြောစက် ၂ လုံးသိမ်းဆည်းရမိခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း KNLA တပ်ဖွဲ့ဘက်က စစ်သည် ၂ ဦးကျဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တဘ်လို့ သတင်းထုတ်ပြန်ထားပြီး နယ်ခြားစောင့်တပ်(BGF)ဘက်က သေဆုံးမှုအခြေအနေကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

5 days Ago

May 2, 2023

ကေအန်ယူဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်းကို ရွေးချယ်တင်မြှောက်

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ရဲ့ ၁၀ ဦး‌မြောက် ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်းကို ၁၇ ကြိမ်မြောက် ကေအန်ယူကွန်ဂရက်ကနေ မေလ ၂ ရက် ဒီနေ့မှာ ‌ရွေးကောက်တင်မြှောက်လိုက်ပါတယ်။

ကွန်ဂရက်မှာ မနေ့က ဗဟိုကော်မတီလောင်းတွေကို ရွေးချယ်ခဲ့ပြီး ဒီကနေ့မှာတော့ ဗဟိုကော်မတီ အယောက် ၃၀ ကို ရွေးချယ်တင်မြှောက်ခဲ့တာပါ။

အဲဒီဗဟိုကော်မတီဝင်ထဲမှာ‌တော့ လူ့အခွင့်အရေးချိုးဖောက်မှုများစွာရှိပြီး တရားမဝင်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တရုတ်မြို့သစ်စီမံကိန်းမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ကရင်လူထုက ထောက်ပြနေတဲ့ ပဒိုရော်ဂျာခင်ကိုတော့ ပြန်လည်ရွေးချယ်ခြင်း မပြုတော့ပါဘူး။

ဒီရွေးချယ်တင်မြှောက်လိုက်တဲ့ ဗဟိုကော်မတီ ၃၀ အပြင် ခရိုင်မှူးနဲ့ တပ်မဟာမှူးတွေဟာ အလိုအ‌လျောက် ဗဟိုကော်မတီဝင်ဖြစ်ပါတယ်။

ဒီကနေ့ ဗဟိုကော်မတီရွေးချယ်ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ဆက်လက်ရွေးချယ်ရာမှာ  ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်းကို ရွေးချယ်တင်မြှောက်လိုက်တာပါ။

ဆက်လက်ပြီး ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ရဲ့ ၁၀ ဦး‌မြောက်ဥက္ကဋ္ဌအဖြစ် ဒီကနေ့ ရွေးချယ်ခံရတဲ့ ပဒိုစောကွယ်ထူးဝင်းဟာ ဘိတ်/ထားဝယ်ခရိုင်ကနေတဆင့် ဗဟိုအဆင့် ရောက်ရှိလာသူဖြစ်ပြီး ပြီးခဲ့တဲ့သက်တမ်းမှာ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး ပထမဆုံးဥက္ကဋ္ဌမှာ စောစံဖိုးသင် ဖြစ်ပါတယ်။

ခေတ်အဆက်ဆက် ကေအန်ယူ ဥက္ကဋ္ဌတွေအဖြစ် စောစံဖိုးသင် ၁၉၄၇၊ စောဘဦးကြီး ၁၉၄၇ မှ ၁၉၅၀၊ စကောလယ်တော ၁၉၅၀ မှ ၁၉၅၃၊ စောဟံတာသာမွေး ၁၉၅၃ မှ ၁၉၆၃၊ မန်းဘဇံ ၁၉၆၃ မှ ၁၉၇၅၊ စောဘိုမြ ၁၉၇၆ မှ ၂၀၀၀၊ စောဘသင်စိန် ၂၀၀၀ မှ ၂၀၀၈၊ စောတာမလာဘော ၂၀၀၈ မှ ၂၀၁၂၊ စောမူတူးစေးဖိုး ၂၀၁၂ မှ ၂၀၂၃ အထိ တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှာ ကာကွယ်ရေးဌာန၊ ပြည်ထဲရေးနှင့် သာသနာရေးဌာန၊ တရားရေးဌာန၊ သစ်တောဌာန အပါအဝင် ဌာနကြီး ၁၄ ခုနဲ့ ဖွဲ့စည်းထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) လက်အောက်မှာ  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နဲ့ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့ ၃ ဖွဲ့ ရှိပါတယ်။

1 week Ago
Up