close

KSCM

close

January 10, 2023

မြစ်ကြီးနားအထကကျောင်းတွင် KSCM သပိတ်ကော်မတီက ကချင်ပြည်အမျိုးသားအလံတော် လွှင့်ထူ

ပင်လုံစာချုပ်အရ ဖြစ်ပေါ်လာတဲ့ ၇၅ နှစ်ပြည့် ကချင်ပြည်ထောင်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ KSCM သပိတ်ကော်မတီက လုံခြုံရေးတင်းကျပ်စွာချထားတဲ့ မြစ်ကြီးနားမြို့လယ်ရှိ အထကကျောင်းက အလံတိုင်မှာ ကချင်ပြည်အမျိုးသားအလံတော်ကို ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းက အောင်မြင်စွာ လွှင့်ထူနိုင်ခဲ့တယ်လို့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့သူတွေက ပြောပါတယ်။

ဒါ့အပြင် ကချင်ပြည်သူတွေရဲ့ အိပ်မက်ဖြစ်တဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် (Self-Determination) စာတန်းကိုလည်း ကချင်ပြည်အမျိုးသားအလံတော်အောက်မှာ ချိတ်ဆွဲနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၁၉၄၇ ပင်လုံစာချုပ်အရ ပေါ်ပေါက်လာတဲ့ ကချင်ပြည်ထောင်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကိုယ်ကံကြမ္မာ ကိုယ် အပြည့်အဝဖန်တီးခွင့် (Self-Determination) ရနိုင်ဖို့ ရည်ရွယ်ပြီး အခုလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာလို့လည်း ဦးဆောင်သူတွေက ပြောပါတယ်။

KSCM သပိတ်ကော်မတီအနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ မြန်မာစစ်တပ် မပြုတ်သရွေ့ တော်လှန်ရေးလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်နေမှာဖြစ်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာနိုင်တဲ့အထိ လုပ်ဆောင်နေမှာဖြစ်တယ်လို့ ဆိုပါတယ်။

Kachin State Civilian Movement လို့ခေါ်တဲ့ KSCM သပိတ်ကော်မတီဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာစသိမ်းကတည်းက စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ ကချင်ပြည်နယ်က လူငယ်တွေ စုဖွဲ့ထားတဲ့ သပိတ်ကော်မတီလည်း ဖြစ်ပါတယ်။

4 mins Ago
Up