close

KTV ဆိုင်

close

February 14, 2022

နတ္တလင်းတွင် KTV ဆိုင်ကို စစ်ကောင်စီတပ်က ဝင်စီးနင်းပြီး လူ ၁၃ ဦးကို ဖမ်းဆီး

ပဲခူးတိုင်း၊ နတ္တလင်းမြို့ရှိ ပါဝါ KTV ဆိုင်ကို  ဖေဖေါ်ဝါရီ  ၁၂ ရက် ည ၁၀ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းပြီး အမျိုးသမီးငယ် ၅ ယောက်၊ အမျိုးသား ၅ ယောက်နဲ့ ဆိုင်ရှင်မန်နေဂျာအပါဝင်  စုစုပေါင်း ၁၂ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံထံက သိရပါတယ်။

ပါဝါ KTV ဆိုင်ကို စစ်ကောင်စီတပ်က ဗိုလ်မှူးထွန်းလင်းအောင်က ဦးဆောင်ပြီး  ရဲမြို့နယ်မှူး၊ ရက်ကွက်အုပ်ချုပ်ရေးမှူးတို့နဲ့ အတူ အင်အား ၂၀ လောက်နဲ့   ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

“အဲ့ဒိ KTV က အသံလဲ မလုံဘူးထင်တယ်။ အမြဲတမ်း အသံဆူနေတာ။ အရင်ကတော့ ရဲကိုပိုင်တယ်ထင်တယ်။ ဘယ်သူတိုင်တိုင် ဘာမှ မဖြစ်ဘူး။ အခုတော့ စစ်ကောင်စီတပ်က ဦးဆောင်ပြီးဖမ်းတော့ သူတို့လည်းဘာမှလုပ်လို့မရတော့ဘူးထင်တယ်။ ကြားထဲမှာသနားတာတော့ ခလေးမလေးတွေပါပဲ။ ခေတ်က မကောင်းတော့ စားဝတ်နေရေးအတွက် လုပ်စားနေရတာ သူတို့ကိုတော့ သနားနေတာ” လို့  မြို့ခံ တယောက်ကပြောပါတယ်။ 

လတ်တလော ဖမ်းဆီးခံရသူတွေကို သဘာ၀ဘေး စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၀ (က)နဲ့ အမှုဖွင့်ထားတယ်လို့ ရဲစခန်း အသိုင်းအဝန်းကနေ သိရပါတယ်။

ပါဝါ KTV ဆိုင်ဟာ   နတ္တလင်းမြို့ ရန်ကုန်-ပြည်လမ်းပေါ်က ဇီးကုန်းမြို့အထွက်ဘက် မှာတည်ရှိပြီး၊ ဆိုင်ကိုဝင်ဖမ်းချိန်မှာ  ဆိုင်ကောင်တာထဲကနေ ကျပ်ငွေ ၃၀၀,၀၀၀ လလောက်ကို စစ်ကောင်စီတပ်က သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။ 

8 mins Ago

October 26, 2021

ဆားလင်းကြီးမြို့နယ်၌ စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရ၊ လောင်းကစားဝိုင်းများနှင့် KTV ဆိုင်များကို PDF သတိပေး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပေါ်  ကိုင်းရွာလမ်းခွဲတောင်ဘက်မှာ အောက်တိုဘာ ၂၆ ရက်  ညနေ ၄ နာရီလောက်က  စစ်ကောင်စီယာဉ်တန်းကို မိုင်း ၁၈ လုံးဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ကျနော်တို့  ဆားလင်းကြီးပြည်သူ့ကာကွယ်ရေးနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ပေါင်း တိုက်ခိုက်ခဲ့တာဗျ။ အကျဆုံးကတော့ ကျနော်တို့ဘက်ကမရှိဘူး။ စစ် (--) တွေဘက်ကတော့  ကားလေးစီးလာတယ်။ သုံးစီးမိုင်းထိတယ်ပျက်စီးတယ်ဗျ။ စစ်ကောင်စီဘက်က အကျဆုံးတော့ အတိကျ မပြောနိုင်ဘူး”လို့  ဆားလင်းကြီးပြည်သူကာကွယ်ရေးခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်မှာ   အခု အောက်တိုဘာလထဲမှာ  စစ်ကောင်စီယာဉ်တန်းကို သုံးကြိမ်အထိ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့လည်း  ဒေသခံ PDF ကပြောပါတယ်။

ဆာလင်းကြီးမြို့နယ် ကျားတက်ကျေးရွာက စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးနေသူ တစ်ယောက်လည်း  ဒီ ညနေ ၃ နာရီကျော်မှာ နေအိမ်အတွင်း ဝင်ရောက်ရှင်းလင်းခံရတယ်လို့ ဒေသခံရွာသားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“အသတ်ခံရသူက စစ်ကောင်စီသတင်းပေးတာတွေလုပ်တယ်။ ဒေသခံ ပြည်သူကာကွယ်ရေးတပ်တွေရဲ့ လှုပ်ရှားတာတွေ စစ်ကောင်စီ သတင်းပေးတာတွေလုပ်တယ်။ CDMလုပ်တဲ့ ဝန်ထမ်းတွေ ခြိမ်းခြောက်တာတွေလုပ်တယ်လို့ နာမည်ထွက်နေတာ” လို့  ကျားတက်ရွာသားက ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ကလည်း ဖောင်းကတာကျေးရွာက ဒလန်တစ်ဦး အသတ်ခံရပြီး အခု အောက်တိုဘာလအတွင်းမှာ အသတ်ခံရသူ ၂ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

ဆာလင်းကြီးမြို့နယ်မှာ စစ်ကောင်စီကို လိုင်းကြေးပေးပြီး လောင်းကစားဝိုင်းဖွင့်သူတွေနဲ့  KTVဆိုင်တွေ ချက်ချင်းပိတ်သိမ်းဖို့  ဆားလင်းကြီး SSTFက သတိပေးစာ ထုတ်ထားပါတယ်။ 

လောင်းကစားဝိုင်းနဲ့ KTV ဆိုင်တွေဟာ စစ်ကောင်စီကို အခွန်တွေ ပေးနေတာကြောင့် အခုလို ပိတ်သိမ်းခိုင်းတာဖြစ်ပြီး   လိုက်နာဆောင်ရွက်မှုမရှိပါက   စစ်ကောင်စီကို ထောက်ခံအားပေးနေတဲ့ ထောက်တိုင်မှန်သမျှ  ချေးမှုန်းရလိမ့်မယ်လို့လည်း SSTFက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်းမြို့တွေ ၊ ရွာတွေမှာ စစ်ကောင်စီ တပ်တွေက လိုင်းကြေးယူပြီး လောင်းကစားဝိုင်းတွေကို ပိုမို ဖွင့်လှစ်လုပ်ကိုင်ခွင့်ပေးနေတာဖြစ်ပါတယ်။

4 months Ago
Up