နော်ဝေအခြေစိုက် တယ်လီနောဆက်သွယ်ရေးလုပ်ငန်းစုပိုင် တယ်လီနောမြန်မာကို လက်ဘနွန် M1 Group ရဲ့ မိတ်ဖက်လုပ်ငန်းဖြစ်တဲ့ Investcom PTE Ltd. ဆီ ရောင်းချမှုကို စစ်ကောင်စီက အတည်ပြုလိုက်ပြီလို့ သိရပါတယ်။
ခုလိုအတည်ပြုကြောင်းကို အာဏာသိမ်း စစ်ကောင်စီလက်အောက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က M1 Group ဆီ အသိပေးအကြောင်းကြားခဲ့တာဖြစ်ပြီး သုံးစွဲသူတွေ၊ ဝန်ထမ်းတွေနဲ့ စီးပွားရေးမိတ်ဖက်တွေအားလုံး ယုံကြည်စိတ်ချရမှုရှိရေးတို့အတွက် Telenor Group အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ နီးကပ်စွာ လုပ်ဆောင်သွားမှာဖြစ်ကာ လုပ်ငန်းလွှဲပြောင်းရယူမှု အမြန်ဆုံးအပြီးသတ်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
M1 Group ရဲ့ အမှုဆောင်အရာရှိချုပ် Azmi T. Mikati ကတော့ “အခုလို တရားဝင်ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကျေနပ်မိပါတယ်။ M1 Group အနေနဲ့ အခက်အခဲများစွာရှိတဲ့ အခုလိုကာလမှာတောင် တယ်လီကွန်းအခြေခံအဆောက်အဦတွေ ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး မရှိမဖြစ်လိုအပ်တဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ပေးအပ်နိုင်ဖို့ Investcom PTE ကို ထောက်ပံ့ပေးသွားဖို့အတွက် ကတိပြုပါတယ်။ Investcom အနေနဲ့ နေ့စဉ်ဘဝအတွက် အရေးပါတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေအပေါ်မှာ မှီတည်နေရတဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ဆောင်ရွက်သွားမယ်” လို့ ပြောပါတယ်။
M1 Group အနေနဲ့ Telenor Group ရဲ့ မြန်မာလုပ်ငန်းခွဲကို ဝယ်ယူဖို့အတွက် ကနဦးသဘောတူညီချက်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ကြေညာခဲ့ပြီး လတ်တလောမှာတော့ မြန်မာဈေးကွက်အတွက် M1 Group ဟာ ပိုင်ဆိုင်မှုကို လွှဲပြောင်းရယူမယ့် လုပ်ငန်းသစ်တခုဖြစ်တဲ့ Investcom ကတဆင့် ပြည်တွင်းက စစ်တပ်ကျောထောက်နောက်ခံ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်နေတာပါ။
တယ်လီနောအုပ်စုရဲ့ ဆက်ဆံရေးဌာနအကြီးအကဲ Gry Rohde Nordhus ကတော့ တယ်လီနောမြန်မာကုမ္ပဏီကို ရောင်းချရခြင်းရဲ့ အဓိကအကြောင်းရင်းဟာ အော်ပရေတာအားလုံးမှာ တပ်ဆင်ဖို့လိုအပ်တဲ့ ကြားဖြတ်ကိရိယာတွေ မတပ်ဆင်လိုတာကြောင့် ဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒီလိုကြားကိရိယာတွေကို တပ်ဆင်တာဟာ နော်ဝေနိုင်ငံနဲ့ အီးယူတို့ရဲ့ မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ဆန့်ကျင်နေတာဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြီးကြီးမားမား ဖြစ်ပေါ်လာနိုင်တဲ့ စစ်တပ်ရဲ့အမိန့်ကို အတင်းအကျပ် လိုက်နာတာမျိုး မဖြစ်စေဖို့ဖြစ်တယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ တယ်လီနောမြန်မာအနေနဲ့ အဆိုပါကြားဖြတ်စက်ကိရိယာတွေကို မတပ်ဆင်ရသေးသလို မိမိဆန္ဒအလျောက်လည်း လုပ်ဆောင်မှာ မဟုတ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ နွေရာသီကတည်းက တယ်လီနောမြန်မာကုမ္ပဏီရဲ့ တန်ဖိုးကို ဇီးရိုးထိ ထားရှိခဲ့ပြီး အမြတ်ငွေ ထည့်သွင်းတွက်ချက်တာမျိုး မလုပ်တော့ဘဲ မသေချာ မရေရာတဲ့ အခြေအနေတွေကြောင့် ပဋိပက္ခတွေ၊ စီးပွားရေး အကျပ်အတည်းတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ အခြေအနေမှာ မြန်မာနိုင်ငံကနေ ဘာမှ ပြန်လည်ရရှိနိုင်တော့မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
တယ်လီနောဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း သူ့ရဲ့ ငွေကြေးနည်းပညာကုမ္ပဏီ Wave Money ကို သူ့ရဲ့အဓိက လုပ်ငန်းပါတနာ Yoma Strategic Holdings ကို ရောင်းချကြောင်း ကြေညာခဲ့ပါတယ်။
တယ်လီနောအုပ်စုဟာ သူ့ရဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တယ်လီကွန်းလုပ်ငန်းကို မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေးလုပ်ငန်းစုကြီးတခုကို ရောင်းချဖို့ စီစဉ်နေပြီး ဒါဟာ တရားမဝင် လူသတ်စစ်ကောင်စီကို ကြွယ်ဝချမ်းသာစေမှာဖြစ်သလို သုံးစွဲနေတဲ့ မြန်မာပြည်သူ ၁၈ သန်းရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို စစ်ရာဇဝတ်ကောင်တွေ လက်အတွင်းသို့ ကျရောက်စေမယ့် အန္တရာယ်ရှိနေတယ်လို့ Justice For Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။
တယ်လီနောကုမ္ပဏီရဲ့ မြန်မာနိုင်ငံမှာရှိတဲ့လုပ်ငန်းငွေတွေ မြန်မာစစ်တပ်နဲ့ဆက်နွှယ်နေတဲ့ MI Group ထံရောင်းချလိုက်တာကို ပြန်လည် ပယ်ဖျက်ပေးဖို့ တယ်လီနောကုမ္ပဏီနဲ့ နော်ဝေအစိုးရထံ မြန်မာအရပ်အဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
နော်ဝေဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီကြီး တယ်လီနောဟာ မြန်မာနိုင်ငံရှိ သူ့ရဲ့လုပ်ငန်းတွေကို လက်ဘနွန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ M1 Group ဆီကို အမေရိကန်ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းချလိုက်ပြီလို့ ဇူလိုင် ၈ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီလိုရောင်းချတာနဲ့ပတ်သက်ပြီး ဖျက်သိမ်းပေးဖို့ မြန်မာပြည်တွင်းရှိ အရပ်ဖက်အဖွဲ့စည်း ၄၆၄ ဖွဲ့က နော်ဝေဝန်ကြီးချုပ်ထံ လိပ်မူပြီး ဇူလိုင် ၁၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်တောင်းဆို လိုက်တာဖြစ်ပါတယ်။ အဖွဲ့အစည်းတွေရဲ့အမည်ကိုတော့ လုံခြုံရေးအရ လျှို့ဝှက်ထားပါတယ်။
တယ်လီနောအနေနဲ့ လူ့အခွင့်အရေးနဲ့ လာဘ်ပေးလာဘ်ယူမှုတွေ နာမည်ပျက်ရှိတဲ့ MI Group သို့ လုပ်ငန်းရောင်းချတာကို ဖျက်သိမ်းပေးဖို့၊ မြန်မာနိုင်ငံရှိ တယ်လီနောလုပ်ငန်းတွေ ကို ရောင်းချရာမှာ လူ့အခွင့်အရေးဆိုင်ရာ ကြိုတင်ဆန်းစစ်ခြင်းကို ကျယ်ပြန့်စွာ လူသိရှင်ကြား ဆောင်ရွက်ဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက တိုက်တွန်းပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံကနေ တယ်လီနောကုမ္ပဏီ စွန့်ခွာမယ့် အစီအစဉ်ကို အရပ်ဖက်အဖွဲ့အစည်းတွေ၊ ဂျာနယ်လစ်တွေ၊ သုံးစွဲသူတွေ၊ အသက်နဲ့ရင်းပြီး စစ်အာဏာရှင်ကို အာခံနေသူတွေအပါအဝင် တယ်လီနောလုပ်ငန်းနဲ့ ဆက်စပ်ပတ်သက်သူတွေကို အကျေအလည်တိုင်ပင်ဆွေးနွေးပြီး ဆောင်ရွက်ဖို့လည်း တိုက်တွန်း တောင်းဆိုထားပါတယ်။
တယ်လီနောအနေနဲ့ MI Group သို့ ရောင်းချလိုက်ခြင်းအားဖြင့် တယ်လီနောသုံးစွဲသူ ၁၆ သန်းတို့ရဲ့ ကိုယ်ရေးအချက်အလက်ရဲ့ ကံကြမ္မာဘယ်လိုဖြစ်လာမယ်၊ တယ်လီနောက ဒီအချက်အလက်တွေကို စစ်အစိုးရနဲ့ ဆက်စပ်နေတဲ့ MI Group ထံ ဘယ်လိုလွှဲပြောင်းပေးမယ် စတဲ့တာတွေကို စိုးရိမ်နေကြရကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
တယ်လီနောအနေနဲ့ ကျင့်ဝတ်လိုက်နာတဲ့ စီးပွားရေးလုပ်ငန်းမျိုးကို လုပ်ကိုင်ခြင်းဖြင့် နိုင်ငံတကာအသိအမှတ်ပြုထားတဲ့ စံချိန်စံညွန်းတွေကို ဖော်ဆောင်မြင့်တင်ပေးနေတယ်လို့ ကြွေးကြော်ခဲ့သလို ပြည်သူတို့ရဲ့ ဒစ်ဂျစ်တယ်သုံးစွဲမှုတွေကို လုံခြုံစေပြီး ပုဂ္ဂလိကလွပ်လပ်ပိုင်ခွင့်ကို ထိပါးတဲ့နည်းလမ်းအားဖြင့် လူ့အဖွဲ့အစည်းကို ကာကွယ်ရန် ကြိုးပမ်းမယ်လို့ ကြွေးကြော်ထားပြီး အခုအခါ တယ်လီနော်ဟာ ဒီကျင့်ဝတ်တွေနဲ့အညီ ကျင့်ကြံခြင်းမရှိဘူးလို့လည်း ထောက်ပြထားပါတယ်။
တယ်လီနောအုပ်စုဟာ မြန်မာနိုင်ငံရှိ မိုဘိုင်းလ်ဖုန်းတွေရဲ့ ၁၀၀ ရာခိုင်နှုန်းကို M1 Group သို့ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းချဖို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး အဲဒီထဲက ၅၅ သန်းဟာ ၅ နှစ်အတွင်း ပေးသွင်းရမယ့်ကြွေးမြီပုံစံ ပေးချေမှုဖြစ်တယ်လို့လည်းဆိုပါတယ်။
M1 Group ဟာ တယ်လီနောမြန်မာရှိ အစုရှယ်ယာအားလုံးကို ရယူပြီး လက်ရှိလုပ်ငန်းလည်ပတ်မှုကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုအပြီးမှာ မိုဘိုင်းလ်လုပ်ငန်းကို အကြီး အကျယ်ကန့်သတ်ချုပ်ချယ်ခံရပြီးနောက် တယ်လီနောဟာ မေလအတွင်းမှာ သူ့ရဲ့ မြန်မာနိုင်ငံက လုပ်ငန်းရဲ့တန်ဖိုးကို ပယ်ဖျက်ပစ်လိုက်ပြီး ဒေါ်လာ ၇၅၂ သန်း ဆုံးရှုံးခဲ့ပါတယ်။
တယ်လီနောကုမ္ပဏီဟာ မြန်မာနိုင်ငံအတွင်းလုပ်ငန်းတွေကနေ ၂၀၂၀ ပြည့်နှစ်မှာ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ရရှိခဲ့တယ်လို့ ကုမ္ပဏီရဲ့အစီရင်ခံစာအရ သိရပါတယ်။ တယ်လီနောမြန်မာကို ဝယ်ယူတဲ့ M1 Group ဟာ မသမာတဲ့ စီးပွားရေး နိုင်ငံရေး နည်းလမ်း တွေနဲ့ အလွန်အမင်းချမ်းသာကြွယ်ဝလာကြတဲ့ လက်ဘနွန်နိုင်ငံသား မီကာတီ (Mikati) မိသားစုက ပိုင်ဆိုင်သည့် ဦးပိုင်ကုမ္ပဏီတစ်ခု ဖြစ်သလို မြန်မာစစ်တပ်ပိုင် Mytel နဲ့ စီးပွားရေး လုပ်ဆောင်နေတဲ့ Irrawaddy Green Towers ဆက်သွယ်ရေးတာဝါတိုင်ကုမ္ပဏီမှာ ရင်းနှီး မြှုပ်နှံထားတယ်လို့ Justice For Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။