မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့၊ ပြည်တော်သာရပ်ကွက်၊ ဓမ္မာရုံလမ်းကြားမှာ ဇွန် ၁၆ ရက် မနက် ၁ နာရီဝန်းကျင်က Mandalay Independent Association အဖွဲ့က ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အဲဒီထဲက တယောက်ကတော့ သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်တော်သာရပ်ကွက်ထဲက နေအိမ်မှာ အခုလို ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေက မထက်ယုမွန်၊ မဂျင်းနီ၊ မစုနန္ဒာမြင့်၊ ကိုဇင်မင်းဌေး၊ ကိုဇေရာမြင့်၊ ကိုမင်းသူမောင်မောင် ဖြစ်ပြီး သူတို့အိမ်ငှားနေထိုင်တဲ့ နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။
အဲဒီလို ဖမ်းဆီးတဲ့အချိန် ကိုမင်းသူမောင်မောင်က ထွက်ပြေးတဲ့အတွက် စစ်ကောင်စီက သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် ကျည်ဆန် ၆ ချက် ထိမှန်ခံခဲ့ရပြီး ထွက်ပြေးလွတ်မြောက်သွားကာ အဖွဲ့ဝင်ဟောင်းတွေနဲ့ ပြန်လည်ချိတ်ဆက်မိချိန်မှာတော့ ဆေးဝါးအလုံအလောက် မရှိတဲ့အတွက် သွေးထွက်လွန်ပြီး သေဆုံးသွားတယ်လို့ Mandalay Independent Association အဖွဲ့ဝင်တဦးက ပြောပါတယ်။
အခု ဖမ်းဆီးခံထားရသူတွေဟာ စစ်ကောင်စီက မတရားပုဒ်မတွေတပ်ပြီး ဝရမ်းထုတ်ခံထားရသူတွေ ဖြစ်တယ်လို့လည်း အဖွဲ့ဝင်တွေက ပြောပါတယ်။
လက်ရှိမှာတော့ အဖမ်းခံရတဲ့ အဖွဲ့ဝင်တွေရဲ့ အခြေအနေ အသေးစိတ်ကို မသိရသေးဘဲ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ ကျောက်ပန်းတောင်းက ဘောလုံးကွင်းမှာ ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။