close

MAPCO

close

June 15, 2022

မြောင်းမြနှင့် မအူပင်တွင် ဖွဲနုဆီစက်ရုံ တည်ဆောက်မည်

ဧရာဝတီတိုင်း၊  မြောင်းမြမြို့နယ်နဲ့ မအူပင်မြို့နယ်တို့မှာ ဖွဲနုဆီစက်ရုံတွေ တည်ဆောက်သွားဖို့ မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက် (MAPCO)က စီစဉ်နေပါတယ်။

အဲဒီ စီမံကိန်းကို စိုက်ပျိုးရေးဦးစီးဌာနထံက နှစ်ရှည်ငှားရမ်း ထားတဲ့ မြေနေရာပေါ်မှာ  လက်ရှိ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း  အကောင်အထည် ဖော်သွားမှာ ဖြစ်တယ်လို့  MAPCO ကုမ္ပဏီ ရဲ့  ၂၀၂၁−၂၀၂၂ နှစ်ပတ်လည် အစီရင်ခံစာအရ သိရပါတယ်။

မြောင်းမြနဲ့ မအူပင်မှာ ဖွဲနုကနေ ဖွဲနုဆီကြမ်း တစ်ရက်ကို တန် ၂၀၀ ထုတ်လုပ်နိုင်တဲ့ စက်ရုံနဲ့  ဖွဲနုဆီကြမ်းကနေ ဆီချော တစ်ရက်ကို တန် ၅၀ ထုတ်လုပ်နိုင်တဲ့ စက်ရုံတွေ တည်ဆောက်သွားမှာ ဖြစ်ပြီး အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့က  အတွေ့အကြုံရှိကုမ္ပဏီ ၅ ခု ထံကနေ စျေးနှုန်းအဆိုပြုလွှာတွေ တောင်းခံရရှိထားပြီးဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

အခုအခါ စီမံကိန်းမှာ တပ်ဆင်မယ့် စက်ဒီဇိုင်းကို သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းနေပြီး၊ စျေးနှုန်းစိစစ်ခြင်း၊ နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးခြင်းတွေကို ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆောင်ရွက်နေတယ်လို့လည်း  MAPCO ကုမ္ပဏီရဲ့  ၂၀၂၁−၂၀၂၂ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

MAPCO ကုမ္ပဏီဟာ လယ်ယာစီးပွားရေးကို အခြေခံတဲ့အများပိုင်ကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ ကျေးလက်ဖွံ့ဖြိုးရေး၊ စိုက်ပျိုးမွေးမြူရေး အခြေခံစက်မှုကုန်ထုတ်လုပ်ငန်းတွေ လုပ်ကိုင်တဲ့ ကုမ္ပဏီအဖွဲ့အစည်း တစ်ခုလည်း ဖြစ်ပါတယ်။ 

ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ရဲ့ အစီရင်ခံစာမှာကုမ္ပဏီဟာ နိုင်ငံတော်လိုအပ်ချက်နဲ့ အားပေးမှုအရ  ဖွဲနုဆီစက်လုပ်ငန်းအပါအဝင်  ကန်ထရိုက်လယ်ယာလုပ်ငန်း၊ စပါးခွံကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့လုပ်ငန်းတွေကိုလည်း  ဆောင်ရွက်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ပကနေ စားဆီတင်သွင်းမှုကို လျော့ချနိုင်ရေး မူဝါဒချလုပ်ဆောင်လာပြီး ဖွဲနုအပါအဝင် နေကြာ၊ ဝါစေ့နဲ့ ပဲပုတ်တို့ကနေ ဆီထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံမှုတွေတိုးချဲ့ဖို့ ပြည်တွင်း၊ပြည်ပလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ထားပြီး လိုအပ်တဲ့အကူအညီတွေ ပေးသွားမယ်လို့လည်း ပြောထားပါတယ်။

10 hours Ago

June 14, 2022

လျှပ်စစ်ဓာတ်အားထုတ်လုပ်ငန်းအပါအဝင် MAPCO ၏ စီမံကိန်းတချို့ ခေတ္တရပ်ဆိုင်းထားရ

မြန်မာနိုင်ငံ လယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက် (MAPCO) ရဲ့ စီမံကိန်းတချို့ ခေတ္တရပ်ဆိုင်းထားခဲ့ရကြောင်း ယင်းကုမ္ပဏီရဲ့ ၂၀၂၁−၂၀၂၂ နှစ်ပတ်လည် အစီရင်ခံစာမှာ  ဖော်ပြထားပါတယ်။

သီလ၀ါမှာ ဂျပန်နိုင်ငံက မိတ်ဖက်ကုမ္ပဏီတွေနဲ့ ဆောင်ရွက်ဖို့ရှိတဲ့ LNG to Power စီမံကိန်း၊ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံတို့က မိတ်ဖက်အဖွဲ့တွေနဲ့ ဆောင်ရွက်နေတဲ့ လှည်းကူးစီမံကိန်းနဲ့ တခြားစီမံကိန်းတွေကို လက်ရှိအခြေအနေတွေကြောင့် ခေတ္တရပ်ဆိုင်းထားရတဲ့ အနေအထား ဖြစ်တယ်လို့  ဒါရိုက်တာအဖွဲ့ရဲ့ အစီရင်ခံ တင်ပြစာမှာ ထည့်သွင်းဖော်ပြထားတာပါ။

ဒါ့အပြင် ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အခက်အခဲတွေ၊ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေ၊ ဘဏ်နဲ့ ငွေရေးကြေးရေးဆိုင်ရာ အကျပ်အတည်းတွေအကြားမှာ MAPCO ကုမ္ပဏီကို ရှင်သန်ရပ်တည်နိုင်အောင် ကြိုးစားရုန်းကန်ခဲ့ရပြီး လယ်ယာကဏ္ဍအကျိုးနဲ့ အစုရှယ်ယာ၀င်တွေရဲ့ အကျိုးစီးပွား မယုတ်လျော့စေဖို့ကိုလည်း ဆောင်ရွက်ခဲ့ရကြောင်း အဲဒီအစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

စီမံကိန်းတချို့ ခေတ္တရပ်ဆိုင်းထားရတဲ့ အနေအထား ဖြစ်နေတယ်လို့ဆိုပေမဲ့ ကုမ္ပဏီအနေနဲ့  ဆောင်ရွက်ဆဲလုပ်ငန်းတွေကိုတော့ တက်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်နေပြီး၊ ပို့ကုန်မြှင့်တင်ရေး၊ သွင်းကုန် အစားထိုးရေး မူဝါဒတွေနဲ့ လိုက်လျောညီထွေရှိပြီး အလားအလားရှိတဲ့လုပ်ငန်းတွေကို  ရွေးချယ်လုပ်ကိုင်ဖို့ ဦးစားပေး ဆောင်ရွက်နေတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

ကုမ္ပဏီမှာ ပုံမှန်လည်ပတ်ပြီး၊ တိုးချဲ့ဆောင်ရွက်ဖို့ စီစဥ်နေတဲ့ လုပ်ငန်းတွေလည်း ရှိသလို၊ နိုင်ငံတော် လိုအပ်ချက်နဲ့ အားပေးမှုကြောင့် ကန်ထရိုက်လယ်ယာလုပ်ငန်း၊ ဖွဲနုဆီစက်လုပ်ငန်း၊ စပါးခွံကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့လုပ်ငန်းတွေကိုလည်း ဆောင်ရွက်ဖို့ ကြိုးပမ်းနေတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

ဒါ့အပြင်  ဆန်နဲ့လယ်ယာထွက်ကုန်တွေ ထုပ်ပိုးတဲ့ PPအိတ်ခွံတွေ၊ တခြားအိတ်ခွံတွေ ထုတ်လုပ်တဲ့ စက်ရုံကို အိန္ဒိယနိုင်ငံက မိတ်ဖက်ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပူးပေါင်းပြီး တွံတေးမှာရှိတဲ့ MAPCO မြေနေရာမှာ ဆောင်ရွက်ဖို့ စီစဥ်နေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

MAPCO ကုမ္ပဏီဟာ လယ်ယာစီးပွားရေးကို အခြေခံတဲ့ အများပိုင်ကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ ကျေးလက်ဖွံ့ဖြိုးရေး၊ စိုက်ပျိုးမွေးမြူရေး အခြေခံစက်မှုကုန်ထုတ်လုပ်ငန်းတွေ လုပ်ကိုင်တဲ့ ကုမ္ပဏီအဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် သြဂုတ်လမှာ စတင်ဖွဲ့စည်းခဲ့ပြီး ရန်ကုန်စတော့ အိတ်ချိန်း (YSX) မှာ စာရင်း၀င် ကုမ္ပဏီအဖြစ် ၀င်ရောက်ဖို့လည်း ပြင်ဆင်ခဲ့ဖူးပါတယ်။

1 day Ago
Up