အာဂျင်တီးနားသမ္မတ အယ်လ်ဘာတို ဖာနန်ဒက်ဇ်နဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF တို့ရဲ့ သဘောတူညီချက်တွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဂျင်တီးနားနိုင်ငံ လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇူလိုင် ၉ ရက်မှာ ဗျူနိုအေးရိစ်မြို့တော်ရဲ့ လမ်းမတွေပေါ်မှာ ပြည်သူတွေ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
အလုပ်သမားအဖွဲ့အစည်းတွေ ကိုင်ဆောင်ထားတဲ့ ဆိုင်းဘုတ်တွေပေါ်မှာ “IMF နဲ့အတူ ထွက်သွား”၊ “အကြွေးဆပ်ဖို့ မလို”စတဲ့ စာတွေကို ရေးထားပါတယ်။
ဇူလိုင် ၈ ရက်က အာဂျင်တီးနားအစိုးရက အသစ်ခန့်အပ်ထားတဲ့ စီးပွားရေးဝန်ကြီး ဆီလ်ဗီနာ ဘာတာကစ်ဟာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာအဖွဲ့နဲ့ ပထမဆုံး အကြိမ်တွေ့ဆုံခဲ့ပြီး အာဂျင်တီးနားဒေါ်လာ ၄၄ ဘီလီယံတန်ဖိုးရှိတဲ့ အစီအစဉ်ကို ဆွေးနွေးပါတယ်။
IMF နဲ့ တောင်အမေရိကနိုင်ငံ အာဂျင်တီးနားတို့ရဲ့ သဘောတူညီချက်အတွက် စီးပွားရေးဝန်ကြီးဟောင်း မာတင်ဂဲ့ဇ်မဲန်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ရာထူးကနေ ရုတ်တရက် နုတ်ထွက်ခဲ့ပါတယ်။
သူနုတ်ထွက်ချိန်မှာ ညွန့်ပေါင်းအစိုးရအဖွဲ့အတွင်း စီးပွားရေးအကျပ်အတည်းကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ မြင့်တက်နေခဲ့ပါတယ်။
ငွေကြေးဖောင်းပွမှု ၆၀ ရာခိုင်နှုန်း အထက်လည်ပတ်နေတဲ့ တိုင်းပြည်မှာ ဝန်ကြီးဂဲ့ဇ်မဲန်း ထွက်သွားတဲ့အတွက် လူကြိုက်များတဲ့ မူဝါဒတွေနဲ့ နိုင်ငံတော်အသုံးစရိတ် အပြောင်းအလဲ ဖြစ်မှာကို စိုးရိမ်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။