close

MMA ပြိုင်ပွဲ

close

August 6, 2022

တိုကျို MMA ပြိုင်ပွဲတွင် ကချင်တိုင်းရင်းသား ယိန်းတိန့် ပါဝင်ယှဉ်ပြိုင်မည်

ဂျပန်နိုင်ငံ တိုကျို ရှင်ဂျူခုအိုခုဘိုအနီး GEN Sports Palace မှာ ဩဂုတ် ၇ ရက်နေ့ ကျင်းပမယ့် MMA ပွဲကြီးမှာ မြန်မာနိုင်ငံသား ကချင်တိုင်းရင်းသား Ying Ting Lagyawm က ကီလို ၇၀ တန်းမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

အသက် ၃၀ နှစ်အရွယ် ယိန်းတိန့်ဟာ ဇူလိုင်လကလည်း မြန်မာပြည်ကိုယ်စား All Japan Oota Dojo Brazilian Jiu- Jitsu Academy ပွဲမှာ ငွေတံဆပ်ဆွတ်ခူးရရှိခဲ့သူလည်း ဖြစ်ပါတယ်။

ယိန်းတိန့်ဟာ ဂျပန်နိုင်ငံကို ဂျပန်ဘာသာသင်ကျောင်းသားအနေနဲ့ ၂၀၁၇ ခုနှစ်က ရောက်ရှိခဲ့ပြီး အခုအခါ ဆိုင်တမခရိုင်မှာ ကုမ္ပဏီဝန်းထမ်းလုပ်ကိုင်ရင်း မိသားစုနဲ့အတူနေထိုင်ကာ Karate, Kick Boxing , Paraester MMA & BJJ တို့ကို MMA ပြိုင်ပွဲတွေအတွက် ကြိုးပမ်းလေ့ကျင့်နေတယ်လို့ သိရပါတယ်။

3 hours Ago

May 19, 2020

MMA ပြိုင်ပွဲတွင် မြန်မာ့လက်ဝှေ့ကို ထည့်သွင်းကျင်းပချင်ဟု One Championship ဥက္ကဋ္ဌ ပြော

မြန်မာ့ရိုးရာ လက်ဝှေ့က စစ်မှန်တဲ့ အနုပညာရပ်ဖြစ်တဲ့အကြောင်းနဲ့ မြန်မာ့ရိုးရာ လက်ဝှေ့ပွဲစဉ်ကို  MMA One Championship  ပြိုင်ပွဲမှာ ထည့်သွင်းကျင်းပချင်တယ်လို့  One Championship ဥက္ကဋ္ဌ ချက်ထရီက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ “ONE Championship က ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားတခုတည်းကိုသာ ကျင်းပပေးနေတာ မဟုတ်ပါဘူး။ ကိုယ်ခံပညာရပ် အားလုံးကို ကျင်းပပေးနေပါတယ်။ မြေပြင်ချုပ်ကွက် အသားပေးတဲ့ နပန်း၊ အနောက်တိုင်းလက်ဝှေ့၊ မွေထိုင်း၊ Kickboxing၊ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားတွေကို ကျင်းပပေးနေသလို မြန်မာ့ရိုးရာလက်ဝှေ့ကိုလည်း ထည့်သွင်းကျင်းပချင်ပါတယ်။ ကျနော်က မွေထိုင်းနဲ့ ဂျူဂျစ်ဆုကို နေ့တိုင်း လေ့ကျင့်နေသူပါ။ ကျနော့်အတွက် အကာအကွယ်မပါဘဲ လက်ဝှေ့ထိုးနေတာက ဘာနည်းစနစ်မှမရှိဘဲ လမ်းပေါ်မှာ လူနှစ်ယောက် ထိုးနေသလိုမျိုးပဲ။ ဒါပေမဲ့ လက်ဝှေ့ကတော့ စစ်မှန်ပြီး အနုပညာဆန်တဲ့ ကိုယ်ခံပညာရပ်တခုပါပဲ။ စစ်မှန်တဲ့ နည်းစနစ်တွေ ရှိတယ်။ နေ့တိုင်း လေ့ကျင့်မယ်ဆိုရင် ဆယ်စုနှစ်တခုလောက်အကြာမှာ လက်ဝှေ့လောကရဲ့ ထိပ်ဆုံးနေရာကို ရောက်ရှိလာနိုင်မှာ ဖြစ်ပါတယ်။” ဒါ့အပြင် လက်ရှိမြန်မာ့ရိုးရာ လက်ဝှေ့ချန်ပီယံ ကနေဒါနိုင်ငံသား Dave Leduc ရဲ့ ထိုးသတ်ပုံတွေကိုလည်း ကြိုက်နှစ်သက်ပြီး ဘီလူးကြီးတကောင်လိုပဲလို့ သူက သုံးသပ်ပါတယ်။ “မြန်မာ့ရိုးရာလက်ဝှေ့သမားတွေထဲမှာ Dave Leduc ရဲ့ ထိုးသတ်ပုံတွေကို ကြိုက်တယ်။ ဘယ်သူ့ကိုမှ မကြောက်တတ်တဲ့ သူ့ရဲ့စိတ်ဓာတ်နဲ့ ပွဲသိမ်းစွမ်းရည်ကိုလည်း ကြိုက်တယ်။ Dave Leduc က စစ်မှန်တဲ့ အားကစားသမားကောင်းတစ်ယောက်ပါ” လို့ ချက်ထရီက ပြောပါတယ်။ အသက် ၂၈ နှစ်အရွယ် ကနေဒါနိုင်ငံသား Dave Leduc ဟာ ထိုင်းနိုင်ငံမှာ နေထိုင်ပြီး မွေထိုင်းပြိုင်ပွဲပေါင်းများစွာ ယှဉ်ပြိုင်ကာ ခေါင်းတိုက်သတ်ကွက် အသုံးပြုလို့ရတဲ့ လက်ဝှေ့ကိုနှစ်သက်တာကြောင့် မြန်မာနိုင်ငံကိုလာရောက်ကာ ပြိုင်ပွဲတွေ ယှဉ်ပြိုင်ခဲ့သူပါ။ သူဟာ မြန်မာ့ရိုးရာ လက်ဝှေ့ချန်ပီယံတွေဖြစ်တဲ့ ထွန်းထွန်းမင်းကို အနိုင်ရဖူးသလို တူးတူးကိုလည်း အစီးသရေ ထိုးသတ်ကာ ခေါင်းတိုက်သတ်ကွက်ပိုင်းမှာ ထူးချွန်သူ ဖြစ်ပါတယ်။ Dave Leduc ဟာ လက်ရှိမှာ WLC ခရူဆာဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်သလို ပထမတန်းချန်ပီယံအဖြစ် သတ်မှတ်ခံခဲ့ရဖူးတဲ့ နိုင်ငံခြားသားလက်ဝှေ့သမားလည်း ဖြစ်ပါတယ်။ မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံတွေအပြင် လက်ဝှေ့ခေါင်းစဉ်အောက် ထိုးသတ်တဲ့ ပြိုင်ပွဲတွေမှာ ရှုံးပွဲ လုံးဝမရှိဘဲ ၅ ပွဲနိုင်၊ ၆ ပွဲသရေထိုးသတ်ထားတဲ့ Dave Leduc က ၂၀၁၉ ခုနှစ်အတွင်း Bloody Elbow သတင်းဌာနနဲ့ တွေ့ဆုံစဉ် တချိန်ကျရင် ONE Championship မှာ ထိုးသတ်ဖွယ်ရှိတယ်လို့ ပြောကြားဖူးပါတယ်။ နိုင်ငံတကာက လက်ဝှေ့လို့ သိရှိထားတဲ့ ရိုးရာလက်ဝှေ့ဟာ မြန်မာလူမျိုးတွေရဲ့ အမျိုးသားရေး  အမွေအနှစ် ကိုယ်ခံပညာရပ် ဖြစ်ပါတယ်။ သက်တမ်း ၂၀၀၀ ကျော်ရှိပြီဖြစ်တဲ့ ကမ္ဘာ့အမွေအနှစ် ပုဂံဒေသက ဘုရားပုထိုးတွေမှာ လက်ဝှေ့ထိုးသတ်နေတဲ့ နံရံဆေးရေးပန်းချီတွေကို ယနေ့တိုင် မြင်တွေ့နိုင်ပါတယ်။ မြန်မာ့ရိုးရာလက်ဝှေ့ရဲ့ ထူးခြားချက်တွေက လက်အိတ်မစွတ်ဘဲ ထိုးသတ်ရတာ၊ ခေါင်းတိုက် သတ်ကွက်ကို အသုံးပြုခွင့်ပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အားကစားသမားနှစ်ယောက် ယှဉ်ပြိုင်ထိုးသတ်ရာမှာ တစ်ယောက်က လက်ရည်သာပေမယ့်လည်း အလဲမထိုးနိုင်ဘူးဆိုရင် သရေပွဲအဖြစ် သတ်မှတ်တာကလည်း ထူးခြားချက်တခုလို့ ဆိုနိုင်ပါတယ်။ တချို့ ပြိုင်ပွဲတွေမှာ ၅ ချီအတွင်း သရေကျနေရင် အမှတ်နဲ့ ဆုံးဖြတ်တာမျိုး၊ အနိုင်အရှုံး အဖြေပေါ်အောင် နောက်ထပ်မိနစ်ဘယ်လောက်ဆိုပြီး ထပ်မံထိုးသတ်ရတာမျိုးတွေ ရှိပေမယ့်လည်း အများစုကတော့ အရှုံးအနိုင်မပေါ်ရင် သရေပွဲအဖြစ်သာ သတ်မှတ်ကြတာ ဖြစ်ပါတယ်။ ကိုယ်ခံပညာသိုင်းပေါင်းစုံအပါအဝင် နိုင်ငံတွေရဲ့ ကိုယ်ခံပညာရပ်သတင်းတွေကို တင်ဆက်နေတဲ့ Bloody Elbow၊ Vice စတဲ့ သတင်း ဌာနတွေကဆိုရင် လက်အိတ်မစွတ်ဘဲ ယှဉ်ပြိုင်ထိုးသတ်ရတဲ့ အားကစားနည်းတွေထဲမှာ လက်ဝှေ့က တိုက်စစ်အသားပေးတဲ့ အကြမ်း တမ်းဆုံး တိုက်ခိုက်ရေးပညာရပ်ဖြစ်တယ်လို့ ဖော်ပြပါတယ်။ ONE Championship ကစီစဉ်ကျင်းပတဲ့ MMA ပြိုင်ပွဲတွေမှာ မွေထိုင်း၊ Kickboxing အားကစားနည်းတွေပါ ထည့်သွင်းကျင်းပနေပြီး ဝိတ်တန်း အလိုက် ချန်ပီယံရွှေခါးပတ်တွေလည်း ပေးအပ်ထားတာပါ။ စင်ကာပူအခြေစိုက် ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ဟာ တခြားသော အဖွဲ့အစည်းတွေနဲ့ လုံးဝကွဲပြားတဲ့ ရပ်တည်ချက်ရှိပြီး ကိုယ်ခံပညာရပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ ထင်ရှားတဲ့ အာရှတိုက်က ရိုးရာကိုယ်ခံပညာရပ်တွေကို ကမ္ဘာ့စင်မြင့်ထက် ပို့ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။ စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ ONE Championship ဥက္ကဋ္ဌ Chatri Sityodtong ဟာ မွေထိုင်းကစားသမားအဖြစ် ပြိုင်ပွဲတွေယှဉ်ပြိုင်ထိုးသတ်ဖူးသူပါ။  ထိုင်းနိုင်ငံသား ချက်ထရီဟာ ၂၀၁၁ ခုနှစ်မှာ ONE Championship ကို ထူထောင်လိုက်ချိန်ကစလို့ ထိုင်းလူမျိုးတွေရဲ့ကိုယ်ပိုင်အားကစားလည်းဖြစ်၊ ကမ္ဘာကလည်းသိတဲ့ မွေထိုင်းကို သီးခြားခွဲထုတ်ကာ ပြိုင်ပွဲတွေကျင်းပပေးနေတာပါ။ လက်ရှိအချိန်မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ COVID-19 ကြောင့် ပြိုင်ပွဲတွေရွှေ့ ဆိုင်းထားရတဲ့အတွက် အခက်အခဲဖြစ်နေရပေမယ့်လည်း လက်လျှော့အရှုံးပေးသွားမှာ မဟုတ်ဘဲ ရောဂါထိန်းချုပ်နိုင်တဲ့အချိန်မှာ ပရိသတ်အကြိုက် စိတ်လှုပ်ရှားစရာ တွဲဆိုင်းကောင်းတွေနဲ့အတူ ပြိုင်ပွဲတွေကို  အရင်ကထက် ခမ်းခမ်းနားနား ကျင်းပသွားမယ်လို့လည်း ပြောပါတယ်။
2 years Ago
Up