close

MOEAF

close

March 31, 2022

မလေးရှားနိုင်ငံက မြန်မာလုပ်သားများကို ပြန်လည်ခေါ်ယူမည်

မလေးရှားနိုင်ငံက မြန်မာလုပ်သားတွေကို ပြန်လည်ခေါ်ယူဖို့ စတင်နေပြီဖြစ်လို့ လိုင်စင်ရအေဂျင်စီတွေအနေနဲ့ လိုအပ်တာတွေ ပြင်ဆင်ထားကြဖို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ MOEAF မှ ဦးဆောင်ကာ လိုင်စင်ရအေဂျင်စီတွေနဲ့ တွေ့ဆုံခဲ့ပြီး မလေးရှားနိုင်ငံဆီ ထွက်ခွာမယ့် မြန်မာလုပ်သားတွေကို ဆေးစစ်တာနဲ့ စေလွှတ်ရေးအတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသေးတယ်။

မလေးနိုင်ငံဆီ တရားဝင်စေလွှတ်ခွင့်ရရှိထားတဲ့ လိုင်စင်ရအေဂျင်စီမှ လုပ်ငန်းရှင်တဦးက “မလေးရှားဘက်ကလည်း အရင်အဟောင်းတွေကို ဦးစားပေးပြီး သူတို့ ဆောင်ရွက်ပေးနေတယ်နော်။ ဒီတော့ မလေးရှားဘက်က သူတို့ ခွင့်ပြုမိန့်ပေးထားတဲ့သူတွေအတွက် အလုပ်ခေါ်စာတွေကို သက်တမ်း ပြန်တိုးပေးတာတွေ လုပ်ပေးနေပြီ။ ဒါကြောင့် မလေးရှားဘက်က ဆောင်ရွက်ပေးရတဲ့ လုပ်ငန်း တစိတ်တပိုင်း ရှိနေပြီဖြစ်လို့ ဒီဘက်ကလည်း ကိုယ့်အပိုင်းက ဆောင်ရွက်ရာမှာ ကျန်မနေရအောင် အလုပ်ခေါ်စာတွေ ကမ်းလှမ်းစာတွေ ရရှိခဲ့ရင် တင်ကြပါဆိုပြီး မြန်မာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)မှ အသင်းဝင်တဦးက “ကျနော်တို့ ယခင်(၂၀၂ဝခုနှစ်၊ မတ်လ ၁၈ ရက်နေ့)က တင်ထားခဲ့တဲ့ ကလေးတွေရဲ့ ဆေးစစ်ချက်ဒေတာတွေက အခုအချိန်မှာ ပြန်ပြီး သက်တမ်းတိုးတဲ့အခါ ဒေတာတွေက ထပ်နေတယ်ဆိုပြီး ဖြစ်လာတယ်။ အဲ့ဒါလေးတွေကို ဘယ်လို ဖြေရှင်းမလဲဆိုပြီးတော့ သံရုံးက တာဝန်ရှိတဲ့သူတွေနဲ့ ကျနော်တို့ သွားဆွေးနွေးခဲ့တာ ရှိပါတယ်။ အဲ့ဒီ့က သူတို့ အကြံပြုချက်တွေကို ကျနော်တို့ရဲ့ အသင်းဝင်တွေထံ ပြန်ပြီးတော့ ဝေမျှပေးတာပါ။ ဘာတွေ၊ ဘာတွေကတော့ ဘယ်လို လုပ်လို့ ရပါတယ်ဆိုတာကို ခေါ်ပြီး ရှင်းပြပေးတာပေါ့။ တကယ်လို့ အခက်အခဲ ရှိလို့ရှိရင်လည်း ဘယ်သူတွေနဲ့ ဆက်သွယ်ရမယ်၊ ဘယ်လို ဆောင်ရွက်ရမယ် ဆိုပြီး ကျနော်တို့ ဆွေးနွေးခဲ့တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

မလေးရှားနိုင်ငံရဲ့ ဥပဒေအရ အခြေခံလုပ်ခလစာမှာ မလေးရှားငွေကြေး ရင်းဂစ် ၁၂၀၀ သတ်မှတ်ထားပေမဲ့ လာမယ့် မေလ ၁ ရက်ကစပြီး အခြေခံလုပ်ခလစာကို ရင်းဂစ် ၁၅၀၀ အထိ တိုမြှင့်သတ်မှတ်သွားဖို့ ရှိပါတယ်။

ဒါကြောင့် တရားဝင် သတ်မှတ်ချက်ထွက်လာပြီး ရင်းဂစ် ၁၅၀၀ ဖြစ်ပါက မြန်မာလုပ်သားတွေလည်း တပြေးညီခံစားခွင့် ရရှိမှာ ဖြစ်ပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ မလေးနိုင်ငံဆီ သွားရောက်လုပ်ကိုင်ရာမှာ များသောအားဖြင့် ကုန်ထုတ်လုပ်မှု ကဏ္ဍဖြစ်တဲ့ စက်မှုလုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အများဆုံးလုပ်ကိုင်နေကြပြီး ဝန်ဆောင်မှုအတွက် ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၈၅၀ နဲ့ မြန်မာငွေ ၂၂၅၀၀ ကျပ်နှုန်း သတ်မှတ်ထားပါတယ်။

7 mins Ago

January 19, 2022

ပြည်ပထွက်ခွာ အလုပ်သွားလုပ်လိုသည့် လူငယ်များကို ပစ်မှတ်ထား လိမ်လည်မှုများရှိနေ

မြန်မာပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုကြောင့် ပြည်ပထွက်ခွာ သွားရောက်လုပ်ကိုင်လိုတဲ့ လူငယ်တွေကို ပစ်မှတ်ထားကာ လူလိမ်ပွဲစားတွေ အကြိုက်တွေ့နေတယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေက ပြောပါတယ်။ 

ပြည်ပအလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ရဲ့ ဇန်နဝါရီ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံဆီ တရားမဝင် ပို့ဆောင်ခံရတဲ့  လုပ်သားပေါင်း ၂၀၀ ကျော်ကို ကယ်တင်တားဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အခုနှစ် ဇန်နဝါရီ ၁၆ ရက်က ရွှေတိဂုံစေတီတော်အရှေ့ဘက်မုခ် ဘုန်းတော်ကြီးကျောင်းတခုမှာ ပွဲစား ၃ ယောက်က လူစုဆောင်းထားရှိတဲ့ ယောကျ်ား၊ မိန်းမ စုစုပေါင်း ၁၆၀ ကျော်ကို တားဆီးနိုင်ခဲ့သလို ဇန်နဝါရီ ၁၈ ရက်နေ့မှာ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၃ ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း အဆောင်တခုမှာ ပွဲစားတွေ လူစုဆောင်းထားတဲ့ ယောကျာ်း၊ မိန်းမ စုစုပေါင်း ၅၁ ယောက်ကို တားဆီးပေးနိုင်ခဲ့ပြီး ပွဲစားတွေက သိမ်းဆည်းထားတဲ့ နိုင်ငံကူးလက်မှတ်တွေနဲ့ ငွေကြေးတွေ ပြန်ရဖို့  ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

မြောက်ဒဂုံ ဖြစ်စဉ်မှာ အလိမ်ခံခဲ့ရတဲ့ အလုပ်သမားတဦးက “ကျနော်တို့က ဖြူးမြို့ကပါ။ ပွဲစားက တရားဝင်လမ်းကြောင်းက ပို့ပေးမယ် ပြောလို့လိုက်လာတာပါ။ passport စာအုပ်ဖိုး ၁ သိန်း ၇ သောင်း အရင်ပေးခဲ့ရတယ်။ မနေ့ကမှ ၁၈ သိန်းသွင်းခဲ့တာပါ။ ထိုင်းနိုင်ငံက အီလက်ထရောနစ်စက်ရုံမှာ အလုပ်ရမယ်။ တနေ့ ဘတ် ၃၃၀ ရမယ်။ ရန်ကုန်မှာ စာချုပ်ချုပ်မယ်။ ခုလောလောဆယ် OWIC ကတ်လုပ်ဖို့ ဒီအဆောင်မှာ စောင့်ပါဆိုလို့ စောင့်နေတာပါ။ ရန်ကုန်ရောက်တာ ၁ဝ ရက်ကျော်ကြာပါပြီ။ ၁၈ သိန်းလည်း သွင်းပြီးပါပြီ” လို့ ပြောပါတယ်။

ပြည်ပမှာ အလုပ်သွားလုပ်လိုတဲ့ အလုပ်သမားတွေဟာ အွန်လိုင်း  လူမှုကွန်ရက်စာမျက်နှာတွေကနေ   ပွဲစားတွေရဲ့ လိမ်လည်ခံရတာ များတယ်လို့လည်း MOEAF မှတာဝန်ရှိသူတဦးက ပြောပါတယ်။ 

“ကျနော်တို့နိုင်ငံရဲ့ အနေအထားအရ အထူးသဖြင့် လူမှုကွန်ရက်သုံးတာများတယ်နော်။ အဲဒီတော့ လိမ်တဲ့သူတွေကလည်း ဒါကိုပဲ ပစ်မှတ်ထားကြတာ။ အဲဒီတော့ ဒီလိမ်တဲ့ဟာတွေကို သွားဖတ်မယ့်အစား တရားဝင်ဖြစ်တဲ့ အလုပ်သမားဝန်ကြီးဌာနက ဖွင့်ထားတဲ့ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ Safe Migration နဲ့ MOEAF အဖွဲ့ချုပ်က ဖွင့်ထားတဲ့ လူမှုကွန်ရက်စာမျက်နှာက အချက်အလက်တွေကို ဝင်ဖတ်ကြပါ။ ပြီးတော့ သိချင်တဲ့ဟာတွေကိုလည်း မက်ဆေ့ဘောက်ကနေ မေးလို့ရပါတယ်။ ကျနော်တို့ အကြောင်းပြန်ပြီး ဖြေကြားပေးပါတယ်။ ဒါ့အပြင် ပြည်ပရောက်နေလို့ အကူအညီလှမ်းတောင်းရင်လည်း ကျနော်တို့ ကူညီပေးပါတယ်ဗျ။ ဟိုတခေါက်ကဆိုရင် ပြန်သာလာတယ်။ လုပ်ခ လစာ ရမလာဘူး။ ဒါကလည်း တရားဝင်အေဂျင်စီက ပို့တာမဟုတ်ဘူးနော်။ ဒါပေမဲ့ ကျနော်တို့ ဒါကို ညှိနှိုင်းပြီးတော့ တောင်းတာ ပြန်ရပါတယ်။ ဒါကြောင့် တရားဝင်အဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့ အချက်အလက်တွေကိုသာ ကိုးကားပြီး လုပ်ကြပါ” လို့ ဒီဗွီဘီအား ပြောပါတယ်။

ထိုင်းနိုင်ငံက သူ့နိုင်ငံမှာ အလုပ်သမားရှားပါးမှုကြောင့် ပြည်ပကနေ အလုပ်သမားတွေကို MOU စနစ်နဲ့ တရားဝင်နှစ်စဉ် ခေါ်ယူနေတာကြောင့် တရားဝင်သွားရောက်နိုင်ဖို့အတွက် မြန်မာအလုပ်သမားဝန်ကြီးဌာနနဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနတို့အကြားမှာ MOU စနစ်နဲ့ မြန်မာလုပ်သားတွေကို နှစ်စဉ်စေလွှတ်မှု ရှိခဲ့ပါတယ်။

ဒါပေမဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်ရောဂါကြောင့် ၂၀၂၀ ခုနှစ်၊ မတ်လ ၁၈ ရက်နောက်ပိုင်းကစလို့ ဒီနေ့အချိန်အထိ ထိုင်းနိုင်ငံဆီ မြန်မာလုပ်သားတွေကို တရားဝင်စေလွှတ်မှုက ရပ်နားထားပါတယ်။

ဒီအခြေအနေကို အခွင့်ကောင်းယူပြီး လူကုန်ကူးပွဲစားတွေက တောရွာတွေရှိ လူငယ်တွေကို ထိုင်းနိုင်ငံဆီ တရားဝင်ပို့ ဆောင်ပေးမယ်ဆိုကာ လူစုဆောင်းပြီး ငွေကြေးကောက်ခံကာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေ လုပ်လာကြပါတယ်။ ဒါ့ကြောင့်ပဲ ထိုင်းနိုင်ငံမှ လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့က တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူတွေကို နေ့စဉ် ဖမ်းဆီးမှုတွေ ရှိလာတာပါ။

ထိုင်းနိုင်ငံဆီ MOU စနစ်နဲ့ သွားရောက်မယ့် အလုပ်သမားတွေအတွက် လုံခြုံစိတ်ချရတဲ့ ရွှေ့ပြောင်းသွားလာမှုဖြစ်စေဖို့ နှစ်နိုင်ငံဝန်ကြီးဌာနအကြားမှာ ဆွေးနွေးညှိနှိုင်းဆဲဖြစ်တာကြောင့် လက်ရှိကာလအထိ ထိုင်းအလုပ်ကမ်းလှမ်းစာ (Demand Letter) လုံးဝမရရှိသေးဘူးလို့ သိရပါတယ်။

2 months Ago
Up