မြန်မာစစ်အုပ်စုရဲ့ ဘဏ္ဍာရေးဆိုင်ရာ ပင်မရင်းမြစ်ကြီးဖြစ်ပြီး နိုင်ငံခြားဝင်ငွေ အများဆုံးရရှိတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အရေးယူ ပိတ်ဆို့နိုင်ရေးအတွက် တောင်းဆိုတဲ့ ကမ်ပိန်းမှာ ပြည်သူလူထုတရပ်လုံး ပါဝင်ဖို့ Blood Money သွေးစွန်းငွေအဖွဲ့က တိုက်တွန်းထားပြီး လက်မှတ်ထိုးပါဝင်မှု ၄ သိန်းကျော် လိုအပ်တယ်လို့ ဆိုပါတယ်။
“သင့်ရဲ့ လက်မှတ်တခုနဲ့ တော်လှန်ရေးမှာ ပါဝင်ပါ။ ဆန်ဈေး၊ ဆီဈေးတက်လို့ စိတ်ညစ်နေပါသလား။ ဖက်ဆစ်စစ်တပ်မရှိရင် ပြန်အဆင်ပြေသွားမှာမို့ လက်မှတ်ထိုးပါ။ သင်နဲ့ အသက်တူ၊ အရွယ်တူတွေ တောထဲ တောင်ထဲ အသက်စွန့်နေရတာကို အားနာပါသလား။ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ဖို့ လက်မှတ်ထိုးပါ။ မြန်မာပြည်အလယ်ပိုင်းက အိမ်မီးရှို့ခံထားရသူတွေကို မြင်မိပါသလား။ ဖက်ဆစ်စစ်တပ်မရှိရင် အဆင်ပြေသွားမှာမို့ လက်မှတ်ထိုးပါ။ တိုင်းရင်းသားဒေသက ကလေးတွေကို စာနာပါသလား။ ဖက်ဆစ်စစ်တပ် မရှိရင် သူတို့လေးတွေ အေးအေးဆေးဆေး နေနိုင်မှာမို့ လက်မှတ်ထိုးပါ။”
ဒီလှုပ်ရှားမှုဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်၊ ရာဇဝတ်မှု၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု၊ မုဒိမ်းမှု၊ ဓားစာခံဖမ်းဆီးမှု၊ မီးရှို့ဖျက်ဆီးမှု၊ မီးရှို့သတ်ဖြတ်မှု စတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အဆုံးသတ်နိုင်ဖို့ စစ်အုပ်စုရဲ့ ငွေပင်ငွေရင်း MOGE ကို ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ရေး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို တိုက်ရိုက်စာပို့ တောင်းဆိုတဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။
MOGE ရဲ့ ဝင်ငွေဟာ မြန်မာနိုင်ငံ နိုင်ငံခြားဝင်ငွေရဲ့ ၇၅ ရာခိုင်နှုန်းရှိပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁,၅၀၀ ကျော် အမြတ်အစွန်း ရရှိနေတာလို့ ဆိုပါတယ်။
အမေရိကန်အစိုးရက MOGE ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ရင် စစ်အုပ်စု လက်နက်ဝယ်ယူရေးနဲ့ လေကြောင်းတိုက်ဖို့ လောင်စာဝယ်ယူရေး ခက်ခဲပြီး ရပ်တန့်သွားမှာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“အကြမ်းဖက်စစ်အုပ်စုက ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကနေ နိုင်ငံခြားဝင်ငွေတွေ ရရှိနေတာ ဖြစ်ပါတယ်။ ဒီငွေတွေနဲ့ဝယ်တဲ့ လက်နက်တွေနဲ့ ဘဝပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်။ ဒီငွေတွေနဲ့ဝယ်တဲ့ လေယာဉ်တွေနဲ့ အခု တိုင်းရင်းသားဒေသတွေမှာ ဗုံးကြဲနေတယ်။ ဒီငွေတွေကြောင့် ကျနော်တို့ရဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေ၊ ကလေးတွေ သေကျေကုန်ကြတယ်။ ဒီတော့ အမေရိကန်အစိုးရက MOGE ကို Sanction ချဖို့ ကျနော်တို့ အတူတကွ တောင်းဆိုကြရအောင်။”
ဒီလက်မှတ်ထိုးလှုပ်ရှားမှုကို Blood Money Facebook Page မှာ ဝင်ရောက်ကြည့်နိုင်ပြီး ဖော်ပြပါလင့်ခ် https://bit.ly/sanctionMOGE ကတဆင့် အားလုံးပါဝင်နိုင်ဖို့ နှိုးဆော်ထားပါတယ်။
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာရှိတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ရုံးခွဲနဲ့ ကံပေါက်-သာကေတ ပိုက်လိုင်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ကံပေါက်ဒေသ ကာကွယ်ရေးတပ်ဖွဲ့ (KBDF) နဲ့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF) တို့က ထုတ်ပြန်ပါတယ်။
သြဂုတ် ၉ ရက်မှာ စစ်တပ်အစုရှယ်ယာပါတဲ့ မြိုင်ကလေး ဘိလပ်မြေစက်ရုံသို့ ပို့ဆောင်တဲ့ ကံပေါက်-သာကေတ ပိုက်လိုင်းကို မနက် ၅ နာရီမှာ အိန္ဒရာဇာရွာနဲ့ ဆင်ကူးရွာအကြားမှာ တကြိမ်၊ မနက် ၈ နာရီမှာ စိန်ဘုံရွာနဲ့ နတ်ကြီးစင်ရွာအကြားမှာ တကြိမ် စုစုပေါင်း နှစ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သြဂုတ် ၃ ရက်မနက် ၃ နာရီလောက်မှာလည်း ကံပေါက်အခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ ၂၇၃ အနီးမှာရှိတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းရဲ့ ကံပေါက်ရုံးခွဲကို အဆိုပါ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှစ်ဖွဲ့က တိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးပမာဏကို အတိအကျမသိရသလို စစ်ကောင်စီနဲ့ MOGE ဘက်ကလည်း တစုံတရာထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်တွေကတော့ သြဂုတ်လ ၃ ရက် နဲ့ ၄ ရက်တွေမှာ အုန်းပင်ကွင်းရွာက အိမ်တွေကို ဝင်စစ်တာနဲ့ လမ်းတွေမှာ ကင်းပုန်းဝပ်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ဟာ စစ်အုပ်စုအတွက် ဝင်ငွေရရှိနေတဲ့ အဓိကလမ်းကြောင်း ဖြစ်တဲ့အတွက် အခုလို တိုက်ခိုက်တာဖြစ်တယ်လို့ KBDF က ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်ကလည်း ကလိန်အောင်မြို့ မယ်သီလရှင်တောင်ကြောမှာ ဇောတိကစီမံကိန်း ကုန်းတွင်းပိုင်းပိုက်လိုင်း ပေါက်ကွဲပျက်စီးခဲ့ပြီး ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သက်ဆိုင်မှုမရှိကြောင်း ငြင်းဆိုထားသလို ကုမ္ပဏီဘက်ကလည်း ဓာတ်ငွေ့ယိုစိမ့်မှုသာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။