close

Mon News Agency (MNA)

close

October 6, 2022

မွန်သတင်းအေဂျင်စီ ပိတ်သိမ်း

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ  ရုံးအခြေစိုက် ဖွင့်လှစ်ခဲ့တဲ့ မွန်သတင်းအေဂျင်စီ Mon News Agency (MNA)ဟာ လုပ်ငန်းကို အပြီးအပိုင် ပိတ်သိမ်းလိုက်ကြောင်း သတင်းဌာနရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အောက်တိုဘာ ၅ ရက်က ထုတ်ပြန်ထားပါတယ်။

MNA ပိတ်တဲ့ကိစ္စ သက်ဆိုင်ရာ အယ်ဒီတာ၊ သတင်းထောက်၊ နည်းပညာရှင်၊ ဝက်ဘ်မာစတာနဲ့ ဝန်ထမ်းတွေကို ဆွေးနွေးပြီးသားမို့ နောက်နောင် MNA အနေနဲ့ သတင်းယူတာ၊ ဝက်ဘ်ဆိုက်၊ Social Media ပရိုဂရမ်တွေမှာ သတင်းတွေတင်ပြတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

MNA တည်ထောင်သူအနေနဲ့ လုပ်ငန်းဆက်လုပ်ဖို့ စိတ်ဆန္ဒ လုံးဝမရှိတော့ကြောင်း၊ နှစ်ပေါင်းများစွာ စာဖတ်ပရိသတ်ရဲ့ သတင်းအချက်အလက် ရယူမှုအတွက် ရပ်တည်လာခဲ့တဲ့ MNA ဟာ ဆက်လက်ရပ်တည်နိုင်ခြင်း မရှိတော့လို့ များစွာဝမ်းနည်း စိတ်မကောင်း ဖြစ်ရကြောင်း ပရိသတ်တွေကို ပြောကြားပါတယ်။

မွန်သတင်းအေဂျင်စီဟာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုချက် ၀၀၀၂၂ နဲ့ ပြည်တွင်းမှာ တရားဝင်ရပ်တည်လာခဲ့ပြီး အခု စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်မပြည့်ခင်မှာပဲ ပိတ်သိမ်းခဲ့ရတဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ MNA တာဝန်ခံအယ်ဒီတာကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ မရသေးပါဘူး။

MNA နဲ့ နှစ်ပေါင်းများစွာ ကျွမ်းဝင်ခဲ့သူ သတင်းမီဒီယာသမားဟောင်းတယောက်ဖြစ်တဲ့ စိုင်းထွန်းအောင်လွင်ကတော့ လက်ရှိ နိုင်ငံရေး ကသောင်းကနင်းကာလမှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ပြည်တွင်းမှာ ရပ်တည်ရခက်ခဲတယ်လို့ သုံးသပ် ပြောပါတယ်။

“စစ်တပ် အာဏာသိမ်းထားတဲ့ ကာလမှာ အကုန်လုံး အပြိုပြိုအလဲလဲဖြစ်ပြီး မရပ်တည်နိုင်တဲ့ လက္ခဏာမျိုးတွေတွေ့နေရတယ်၊ မွန်သတင်းအေဂျင်စီရဲ့ ဖြစ်ရပ်က သက်သေပြနေတယ်၊ ဘာဘဲပြောပြော သတင်းဌာနတခု ပိတ်သွားတာ ကျနော်တို့ လုပ်ဖော်ကိုင်ဘက်ဟောင်း သတင်းသမားဟောင်းတယောက်အနေနဲ့ စိတ်မကောင်း ဖြစ်ရတယ်၊ မွန်ဒေသမျိုးမှာ  လိုတယ်(ပြည်တွင်း)မီဒီယာ အားကောင်းဖို့ လိုနေတဲ့ကာလလည်းဖြစ်တယ်လေ။”

မြန်မာပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတည်းက သတင်းထောက်တွေနဲ့ စာရေးဆရာတွေအပါအဝင် စာနယ်ဇင်းသမားတွေဟာ တိုက်ခိုက်နှောင့်ယှက်ခံရ၊ ဖမ်းဆီးနှိပ်စက်ခံရတာတွေနဲ့ ကြုံတွေ့ခံစားနေရတာဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် မတ်လထဲမှာ ဒီဗွီဘီအပါအဝင် သတင်းမီဒီယာ ၅ ခုကို လိုင်စင်ပိတ်သိမ်းခံခဲ့ရပြီး လက်ရှိအချိန်အထိ  စစ်ကောင်စီအလိုကျဝါဒဖြန့်ပေးနေတဲ့ မီဒီယာတွေကလွဲလို့ ကျန်ပြည်တွင်းသတင်းဌာနတွေဟာ သတင်းမှန် ရေးသားဖြန့်ဝေခွင့် ကန့်သတ်ခံထားရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမား အယောက် ၁၆၀ ကျော်ကို ဖမ်းဆီးတာ၊ ဖမ်းဝရမ်းထုတ်တာတွေ လုပ်ခဲ့ပြီး ဒီထဲက အယောက် ၅၀ ကျော်ဟာ အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲဖြစ်ပြီး သတင်းသမား ၃ ယောက်ကတော့ စစ်မြေပြင်နဲ့ စစ်ကြောရေးမှာ ကျဆုံးခဲ့ရပါတယ်။

2 mins Ago
Up