ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူလူနာ ၁ ဦး ထပ်မံတွေ့ရှိတဲ့အတွက် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
အဆိုပါ စတုတ္ထမြောက်လူနာမှာ ဘန်ကောက်မှ အသက် ၂၂ နှစ်ရွယ် မိန်းကလေး ၁ ဦးဖြစ်ပြီး ဩဂုတ် ၃ ရက်နေ့က စတင်ဖျားနာကာ ကျူလာရတ်ဆေးရုံမှာ လာရောက်ကုသကြောင်း၊ ရောဂါလက္ခဏာမှာ မျောက်ကျောက်ရောဂါနဲ့တူလို့ နမူနာစယူပြီး ဓာတ်ခွဲခန်းသို့ ပို့ဆောင်ရာမှာ မျောက်ကျောက်ရောဂါပိုး တွေ့ရှိတာလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ အစီရင်ခံချက်ကို ကိုးကားပြီး ဘန်ကောက်ခရိုင်ဝန် နိုင်းချာ့ချတ်ဆစ်ထိဖန်းက သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါမိန်းကလေးမှာ နိုင်ငံခြားသားနဲ့ ထိစပ်ခဲ့ဖူးပြီး မိသားစုထဲမှာလည်း နီးကပ်စွာ နေထိုင်သူ ၂ ဦးရှိတာကြောင့် သူတို့ကိုလည်း ထပ်မံစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ ဒီမတိုင်ခင် မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ၃ ဦး တွေ့ရှိခဲ့ပြီး အဲဒီထဲမှာ ဖူးကက်က အသက် ၂၇ နှစ်ရွယ် နိုင်ဂျီးရီးယားနိုင်ငံသား ၁ ဦး၊ အသက် ၂၅ နှစ်အရွယ် ဂျာမနီနိုင်ငံသား ၁ ဦးနဲ့ ဘန်ကောက်က အသက် ၄၇ နှစ်အရွယ် အမျိုးသား ၁ ဦးတို့ ပါဝင်ပါတယ်။
ဖူးကက်က လူနာတွေနဲ့ ထိစပ်ခဲ့သူ ၇ ဦးကို စောင့်ကြည့်စစ်ဆေးရာမှာတော့ ရောဂါပိုး ကူးစက်ခံထားရတာ မရှိကြောင်း၊ ဒီရောဂါဟာ အလွယ်တကူ မကူးစက်နိုင်သလို ကူးစက်ခံရရင်လည်း ကုသလို့ရတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီး နိုင်းအနုထင်းချိုင်းဝီရကွန်းက သတင်းထောက်တွေကို ပြောပါတယ်။
ဒါပေမဲ့လည်း ကာကွယ်ဆေးတွေကိုတော့ နိုင်ငံခြားကနေ မှာယူထားတယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောသွားပါတယ်။
ကိုးကား - pptvhd36
ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူလူနာ နောက်ထပ်တဦး တွေ့ရှိတယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။
အဆိုပါလူနာမှာ အသက် ၂၅ နှစ်ရွယ်ရှိ ဂျာမနီနိုင်ငံသားတဦးဖြစ်ကြောင်း၊ ထိုင်းနိုင်ငံထဲကို ဇူလိုင် ၁၈ ရက်က ဝင်ရောက်လာကာ ထိုင်းတောင်ပိုင်း ဖူးကက်ခရိုင်မှာ ရောက်ရှိနေတာလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအိုဖတ်ကန်ကဝင်းဖုန်းက ဒီကနေ့ ဩဂုတ် ၃ ရက် နေ့ခင်းပိုင်းမှာ သတင်းထောက်တွေကို ပြောပါတယ်။
“သူဟာ အစပိုင်းမှာ အဖျားရှိပြီး အမျိုးသားအင်္ဂါတဝိုက်မှာ အဖုတွေပေါက်လာကာ ခန္ဓာကိုယ်ရဲ့ တခြားနေရာမှာလည်း အဖုတွေ ဆက်ပေါက်လာကြောင်း၊ ဒါကြောင့် ဆေးရုံကို လာပြတာမှာ ဆေးရုံက သူ့ရဲ့ နမူနာယူပြီး ဓာတ်ခွဲခန်းကို ပို့ထားကြောင်း၊ ဓာတ်ခွဲခန်းက အဖြေထွက်မလာသေးပေမဲ့ ရောဂါလက္ခဏာအရ မျောက်ကျောက်ရောဂါဖြစ်တာ သေချာသလောက်ပဲ၊ ဒါကြောင့် သူနဲ့ထိစပ်ခဲ့သူတွေကို ရှာဖွေနေတယ်” လို့ သူက ဆက်ပြောပါတယ်။
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်အရ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူတွေထဲက ၉၈ ရာခိုင်နှုန်းဟာ လိင်တူချစ်သူတွေ ဖြစ်နေကြကြောင်း၊ ဒီရောဂါဟာ အလွယ်တကူ မကူးစက်နိုင်ဘဲ ကူးစက်ရင်လည်း ပြင်းထန်တဲ့ရောဂါ မဟုတ်ကြောင်း၊ ဒီမတိုင်ခင်ကတွေ့ခဲ့တဲ့ လူနာ ၂ ယောက်လည်း သက်သာတဲ့ အခြေအနေရှိကြောင်း၊ သူတို့နဲ့ ထိစပ်မှုရှိခဲ့တဲ့သူတွေတော့ ၂၁ ရက် စောင့်ကြည့်နေဆဲပဲလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဇူလိုင်လက ဖူးကက်ခရိုင်က အသက် ၂၇ နှစ်အရွယ် နိုင်ငံခြားသားတဦးနဲ့ ဘန်ကောက်က ၄၇ နှစ်အရွယ် အမျိုးသားတဦးတို့ထံမှာ မျောက်ကျောက်ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။