MPT Exchange ရုံးမီးလောင်မှုဖြစ်ပွားပြီးနောက် MPT အင်တာနက်နဲ့ မိုဘိုင်းလ် တယ်လီဖုန်းလိုင်းတွေ ဆက်သွယ်မှုပြတ်တောက်နေတာနဲ့ ပတ်သက်ပြီး တောင်းပန်တဲ့ အကြောင်း သုံးစွဲသူတွေထံ MPT ကုမ္ပဏီက အသိပေးထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ MPT Exchange ရုံးမှာ ဖေဖော်ဝါရီ ၇ ရက် ဒီမနက် ၁၀ နာရီ ၂၃ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
မီးလောင်မှုကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်က မီးသတ်ယာဉ်တွေနဲ့ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်တွေ ထွက်ခွာငြှိမ်းသတ်ခဲ့ရာမှာ မနက် ၁၀ ၃၇ အချိန် မီးထိန်းနိုင်ခဲ့ပြီး မနက် ၁၀ နာရီ ၄၅ အချိန် မီးငြိမ်းသွားတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မီးလောင်မှုဖြစ်ပြီးနောက် MPT Call Center, ဖိုင်ဘာအင်တာနက်၊ မိုဘိုင်းလ် အင်တာနက်၊ မိုဘိုင်းလ်နဲ့ တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းတွေ လတ်တလောအခက်အခဲတွေ ဖြစ်ပေါ်နေပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတာ၀န်ရှိသူတွေက မူလအတိုင်း ဆက်သွယ်မှု ပြန်လည်ရရှိနိုင်စေရေး အမြန်ဆုံး ပြုပြင်ဆောင်ရွက်သွားမှာဖြစ်ပြီး အဆင်မပြေမှုတွေအတွက် အနူးအညွတ်တောင်းပန်ကြောင်း ထုတ်ပြန်ထားပါတယ်။
ဆက်သွယ်ရေးကွန်ရက်အခြေအနေနဲ့ ပတ်သက်ပြီးအပြောင်းအလဲရှိပါကအကြောင်းကြားပေး သွားမယ်လို့လည်း အသိပေးကြေညာထားပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ မီးလောင်ဆုံးရှုံးမှု ပမာဏကိုတော့ လတ်တလော မသိရသေးပါဘူး။