close

Myanmar Dollar

close

August 20, 2021

Myanmar Dollar (MYD) ဒစ်ဂျစ်တယ်ငွေကြေးအသစ် ထွက်ပေါ်

စစ်အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေအပေါ် လူထုယုံကြည်မူ လျော့ကျလာချိန် Myanmar Dollar (MYD) ဆိုတဲ့ ဒစ်ဂျစ်တယ်ငွေကြေး (Cryptocurrency)အသစ်တစ်ခု ပေါ်ထွက်လာပါတယ်။ 

Cryptocurrency   ဆိုတာ အွန်လိုင်းငွေကြေးတစ်မျိုးဖြစ်ပြီး  သူကို အသုံးပြုမယ်ဆိုရင် အွန်လိုင်း ငွေပေးချေမူတွေမှာပဲ အသုံးပြုလို့ရမှာဖြစ်ပါတယ်။

အခုလက်ရှိ စစ်ကောင်စီက ငွေကြေးစီးဆင်းမှုတွေကို ထိန်းချုပ်ထားတာကို တန်ပြန်ဖို့ Myanmar Dollar (MYD)ဆိုတဲ့ ဒစ်ဂျစ်တယ်ငွေကြေး (cryptocurrency) အသစ်တစ်ခု ပေါ်ထွက်လာတာဖြစ်တယ်လို့ Myanmar Dollar စီမံကိန်း အဖွဲ့သိရပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအဖြစ်ထွက်ပေါ်လာတဲ့ ဒီ ဒစ်ဂျစ်တယ်ငွေကြေးကို ခုချိန်မှာကျပ်ငွေကို အသုံးပြုပြီး အရောင်းအဝယ် ပြုလုပ်တာတွေလည်း စတင်နေပါပြီ။

ဒီ Myanmar Dollar ဆိုတဲ့ ဒစ်ဂျစ်တယ်ငွေကြေးက ဖေဖော်ဝါရီလ အာဏာသိမ်းပြီး တစ်လလောက်အကြာမှာ စတင်သန္ဓေတည်လာတာဖြစ်ပြီး စစ်ကောင်စီကထိန်းချုပ်လို့ မရနိုင်မယ့် ဗဟိုချုပ်ကိုင်မှုမရှိတဲ့ ငွေကြေး စနစ်သစ်တစ်ခုကို ဖန်တီးဖို့ ကြိုးစားခဲ့ကြတာဖြစ်တယ်လို့ Myanmar Dollar စီမံကိန်း အဖွဲ့ကဆိုပါတယ်။ 

“ငွေဆိုတာ လူတွေက တန်းဖိုးရှိကြောင်း အသိအမှတ်ပြုပြီး အသုံးပြုမှပါဝါရှိတယ်။ အကယ်၍ လူတွေဟာ ကျပ်ငွေကို မသုံးတော့ဘူးဆိုရင် သူ့မှာ ဘာအဓိပ္ပာယ်မှမရှိတော့သလို တန်ဖိုးလည်းမရှိတော့။ အဲဒီလိုဆိုရင် အခုအခါ ငွေပမာဏအမြောက်အများကို ကိုင်ထားတဲ့ အရမ်းချမ်းသာတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ ခရိုနီတွေ သူတို့ရဲ့ ပါဝါအာဏာလျော့ပါးသွားလိမ့်မယ်။ မြန်မာပြည်သူတွေက ဒီစစ်ဗိုလ်ချုပ်တွေ ချုပ်ကိုင်ထားတဲ့ ငွေတွေကို ဖယ်ရှားလိုက်ရင် စစ်ဗိုလ်ချုပ်တွေဟာ သူ့စစ်သားတွေကို ငွေပေးနိုင်မှာ မဟုတ်တော့ဘူး။ ကျနော်တို့ အနေနဲ့ ကျပ်ငွေကို စစ်ဗိုလ်ချုပ်တွေ ချုပ်ကိုင်ထားရာကနေဆွဲထုတ်ပြီး ပြည်သူတွေလက်ထဲ ပြန်ထည့်ပေးဖို့ နည်းလမ်းလိုတယ်။ ကျပ်ငွေကို သူတို့ ချုပ်ကိုင်ထားရာက သူတို့ရမယ့် ငွေကြေးဆိုင်ရာ အကျိုးအမြတ်တွေကို ဖယ်ထုတ်ဖို့လိုတယ်”လို့ Myanmar Dollar စီမံကိန်း အဖွဲ့ကဆိုပါတယ်။ 

အခုလက်ရှိမှာတော့ Myanmar Dollar လို ဒစ်ဂျစ်တယ် ငွေကြေးအသစ်တွေအတွက် စာရင်းဝင်ဖို့ မူဝါဒပိုင်းလွယ်ကူတဲ့ CoinEx၊ TXBit၊ Mercatox နဲ့ Bittrexလို  နိုင်ငံတကာ ငွေလဲပလက်ဖောင်း (exchanges) တွေမှာ အရင်စာရင်းသွင်းဖို့ စီစဉ်နေပြီး စာရင်းဝင်သွားပြီး နောက်ပိုင်းမှာတော့ Binance၊ Coinbase၊ Kraken နဲ့ Gemini တို့လို နာမည်ကြီး ငွေလဲလှယ်ရေးပလက်ဖောင်းတွေမှာ စာရင်းသွင်းသွားမယ်လို့ ဆိုပါတယ်။ 

MYDကို ဖန်တီးသူတွေကတော့ ငွေလဲလှယ်ရေး ပလက်ဖောင်းမှာ ကျိန်းသေ စာရင်းဝင်ခွင့်ရမယ်လို့ ယုံကြည်ထားပါတယ်။ စာရင်းဝင်သွားပြီးရင်တော့ အရောင်းအဝယ်အပေါ်မှာ မူတည်ပြီး MYD တန်ဖိုးအတက်အကျရှိမှာဖြစ်ပြီး  Myanmar Dollar Community မှာ ပြန့်နေတဲ့ အချက်အလက်တွေအရတော့ အမေရိကန်တစ်ဒေါ်လာကို MYD ၃၂ ဒေါ်လာနဲ့ exchange မှာ စာရင်းသွင်းထားတာတွေ့ရပါတယ်။ 

MYD ဟာ အခုအခါ ဒေါ်လာ လေးသောင်းကျော် ဈေးပေါက်နေတဲ့ Bitcoin လိုမျိုး မိုင်းတူးလို့ ရတဲ့ ဒစ်ဂျစ်တယ်ငွေကြေးမျိုးမဟုတ်သလို၊ Blockchain ကို အခြေခံထားတဲ့ ဒစ်ဂျစ်တယ် ငွေကြေးမဟုတ်ဘဲ Nano က ဖန်တီးထားတဲ့ Block-Lattice ကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။ 

စုစုပေါင်း MYD ၁၀၀ ဘီလီယံ လျာထားပြီး အဲဒီထဲက ၅၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသားတွေဆီ ဖြန့်ဝေသွားမှာဖြစ်ပြီး ၂၅ ရာခိုင်နှုန်းကို NUG၊ ကျန် ၂၀ ရာခိုင်နှုန်းကို ပရဟိတလုပ်ငန်းတွေဆီကိုဖြန့်ဝေသွားမယ်လို့ ဆိုထားပါတယ်။ 

အခုလက်ရှိမှာတော့ MYD ဖန်တီးတဲ့အဖွဲ့အနေနဲ့ NUG ကို ဆက်သွယ်ပေမယ့်လည်း ဆက်သွယ်လို့ မရသေးဘူးလို့ ဆိုပါတယ်။ နိုင်ငံတကာမှာတော့ Cryptocurrency ခေါ်တဲ့ ဒစ်ဂျစ်တယ်ငွေကြေးတွေကို အမေရိကန်အပါအဝင် နိုင်ငံတချို့က တရားဝင်အသိအမှတ်ပြု သုံးစွဲနေပေမဲ့ မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်ကတည်းက အဲဒီ ဒစ်ဂျစ်တယ်ငွေကြေးတွေကို ငွေကြေးဆုံးရှုံးမှု အန္တရာယ်တွေပေါ်ပေါက်လာနိုင်တဲ့အတွက် နိုင်ငံတော်ဗဟို ဘဏ်က အသိအမှတ်မပြုဘူးလို့ ကြေညာထားပါတယ်။

2 mins Ago
Up