close

NDAA 2023

close

December 27, 2022

NDAA ဥပဒေ အကြမ်းဖက်မှုကို အားပေးရာရောက်ဟု စစ်ကောင်စီတုံ့ပြန်၊ အမေရိကန်သံရုံး တာဝန်ခံကို ခေါ်ယူ ကန့်ကွက်

အမေရိကန်ကအတည်ပြုပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားကာကွယ်ရေးအက်ဥပဒေ (NDAA 2023) ဟာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်၊ အချုပ်အခြာအာဏာကို ထိပါးရာရောက်ပြီး  အကြမ်းဖက်မှုကို အားပေးရာ ရောက်တယ်လို့  စစ်ကောင်စီနိုင်ငံခြားရေးဌာနက ဒီဇင်ဘာ ၂၇ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားကာကွယ်ရေးအက်ဥပဒေ (National Defense Authorization Act–NDAA) ကို ဒီဇင်ဘာ ၂၃ ရက်နေ့မှာ  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုး အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ အပေါ် စစ်ကောင်စီက  ပြန်လည်တုံ့ပြန်လိုက်တာပါ။

ဒီဥပဒေမှာ “BURMA ACT” ဥပဒေကိုလည်း ထည့်သွင်းထားပြီး NUG၊ CRPH၊ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း အကူအညီပေးဖို့ ထည့်သွင်းထားတာပါ။

အက်ဥပဒေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဖော်ပြချက်တွေဟာ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်တာ၊ အချုပ်အခြာအာဏာကို ထိပါးရာရောက်တဲ့အပြင် NUG၊ NUCC၊ CRPH နဲ့ PDF တွေကို ကူညီထောက်ပံ့မှုဟာ အကြမ်းဖက်မှုကို အားပေးရာရောက်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM) သို့ အမေရိကန်ရဲ့ ငွေကြေးထောက်ပံ့မှုအပေါ် ကန့်ကွက်ကြောင်းနဲ့ ဒါဟာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနဲ့ သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းရဲ့ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်တာဖြစ်လို့ ပြင်းထန်စွာကန့်ကွက်ကြောင်း သံတမန်စာကို မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှတဆင့် ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးယာယီတာဝန်ခံက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဌာန၊ မြန်မာနိုင်ငံတာဝန်ခံ ညွှန်ကြားရေးမှူးထံ ဆက်သွယ်ပြီး တရားဝင် ထပ်မံကန့်ကွက်ပြောကြားခဲ့သလို ရန်ကုန်ရှိ၊ အမေရိကန်သံရုံးမှ သံရုံးဒုတိယအကြီးအကဲ Ms. Deborah C. Lynn နိုင်ငံခြားရေးဝန်ကြီးဌာန ရန်ကုန်ရုံးကို ဆင့်ခေါ်တွေ့ဆုံ ပြင်းထန်စွာကန့်ကွက်ခဲ့တယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ NDAA ဥပဒေကို သမ္မတဂျိုးဘိုင်ဒင်က အတည်ပြုလက်မှတ်ထိုးလိုက်တဲ့အပေါ် ကြိုဆိုကြောင်းနဲ့ ရလာနိုင်စရာရှိတဲ့ အကူအညီတွေကို မဟာမိတ်တိုင်းရင်းသားအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြန်မာပြည်သူတွေကို အမြန်ဆုံးကူညီနိုင်အောင် စီစဉ်သွားမယ်လို့  NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဒီဗွီဘီကို ပြောပါတယ်။

2 mins Ago

December 21, 2022

အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ ထောက်ပံ့ကူညီမှု (၂၀၂၃)

(၁) ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားကာကွယ်ရေး အာဏာအပ်နှင်းမှုဥပဒေ ၂၀၂၃ (NDAA 2023) မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒနဲ့ ရန်ပုံငွေခွဲဝေသုံးစွဲရန် လမ်းညွှန်မှုတွေကို ပြဋ္ဌာန်းထားတဲ့ The Burma Act of 2022 ကိုပါ ထည့်သွင်းအတည်ပြုခဲ့တဲ့အကြောင်း တင်ပြခဲ့ပါတယ်။ 

NDAA 2023 က မူဝါဒဆိုင်ရာ ဥပဒေ (Policy Bill) ဖြစ်ပါတယ်။ ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဆိုင်ရာ ဥပဒေ (Appropriations Bill) မဟုတ်တဲ့အတွက် အဲဒီ NDAA/The Burma Act ထဲမှာ မြန်မာနိုင်ငံကို အကူအညီပေးမယ့် ထောက်ပံ့ငွေပမာဏ မပါဝင်ပါ။ မြန်မာနိုင်ငံဆိုင်ရာ ငွေကြေးထောက်ပံ့မှု ပမာဏဟာ ကွန်ဂရက်လွှတ်တော်မှာ ပါတီကြီး ၂ ခုစလုံးက ခေါင်းဆောင်တွေ ညှိနှိုင်းရေးဆွဲနေကြတဲ့ ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရ ငွေကြေးခွဲဝေသုံးစွဲရေးဆိုင်ရာ ဥပဒေ (The Consolidated Appropriations Act 2023/ CAA 2023) မှာ ပါဝင်လိမ့်မယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

(၂) ကျနော်တို့  စောင့်စားခဲ့တဲ့ CAA 2023 မူကြမ်းကို ဒီကနေ့ (ဒီဇင်ဘာလ ၂၀ ရက်နေ့) မှာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်က ပြည်ထောင်စုအစိုးရ အသုံးစားရိတ်ခွဲဝေ သတ်မှတ်ရေးကော်မတီ (Senate and House Appropriations Committees) ခေါင်းဆောင်များက ထုတ်ပြန်လိုက်ပါတယ်။ ဝန်ကြီးဌာနအသီးသီးအတွက် အသုံးစရိတ် ခွဲဝေသတ်မှတ်မှုတွေ အားလုံးကို စုပေါင်းပြဋ္ဌာန်းထားတာမို့ ဒီဥပဒေမူကြမ်းဟာ စာမျက်နှာ ၄,၀၀၀ ကျော်ရှိပါတယ်။ အဲဒီ ဥပဒေမူကြမ်းကို အထက်လွှတ်တော်မှာ ကြာသပတေးနေ့ (ဒီဇင်ဘာ ၂၂)၊ အောက်လွှတ်တော်မှာ သောကြာနေ့ (ဒီဇင်ဘာ ၂၃) ရက်တွေမှာ အတည်ပြုနိုင်ဖို့ ပြင်ဆင်နေကြပြီး သောကြာနေ့ ညနေပိုင်းမှာ သမ္မတ ဘိုင်ဒင် လက်မှတ်ရေးထိုးအတည်ပြုနိုင်ဖို့ မျှော်လင့်နေကြပါတယ်။  

(၃) ဒီ စာမျက်နှာ ၄,၀၀၀ ကျော်တဲ့ ဥပဒေမူကြမ်းထဲမှာ မြန်မာနိုင်ငံဆိုင်ရာ ထောက်ပံ့ငွေပမာဏနဲ့ လမ်းညွှန်ချက်များ စာမျက်နှာ ၄ မျက်နှာ ပါဝင်ပါတယ်။ အကျဉ်းချုံးပြောရရင် ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်းမှာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကြီးအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၁၃၆ သန်းတစ်သိန်းနှစ်သောင်းခုနှစ်ထောင် ($136,127,000) ထောက်ပံ့ကူညီမှာ ဖြစ်ပါတယ်။ ဒီပမာဏဟာ မနှစ်က ထောက်ပံ့ကူညီဖို့ သတ်မှတ်ပေးခဲ့တဲ့ ပမာဏနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များအတွက် ဒေါ်လာ ၂၃ သန်း ၅ သိန်း ($23,500,000) ထောက်ပံ့မှာ ဖြစ်ပါတယ်။ အဲဒီ ထောက်ပံ့ငွေတွေနဲ့  မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကြီးရဲ့ ဦးဆောင်အင်အားစုများဖြစ်ကြတဲ့ NUG၊ NUCC၊ CRPH၊ CDM၊ EROs၊ PDFs နဲ့ တိုင်းရင်းသားအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများကို ဘယ်လိုဘယ်ပုံ ကူညီရမယ်ဆိုတာတွေကို The Burma Act ထဲမှာ အသေးစိတ်ဖော်ပြထားပြီသား ဖြစ်ပါတယ်။  

(၄) အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ္ဍာရေးနှစ်က အောက်တိုဘာလ ၁ ရက်နေ့ကစပြီး စက်တင်ဘာလ ၃၀ ရက်နေ့မှာ ကုန်ဆုံးပါတယ်။ ၂၀၂၃ ဘဏ္ဍာရေးနှစ်က တကယ်တော့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ကတည်းက စတင်ခဲ့တာပါ။ ဒီမိုကရက်တစ်ပါတီနဲ့ ရီပါတ်ဘလီကန်ပါတီ ခေါင်းဆောင်များအကြား ကွဲပြားမှုတွေများလွန်းလို့ အချိန်မီ မပြဋ္ဌာန်းနိုင်ခဲ့ပါ။ ဒါကြောင့် ကြားကာလမှာ အစိုးရယန္တရားများ အဆက်မပြတ် အလုပ်လုပ်နိုင်ရေးအတွက် Continuing Resolution (CR) လို့ ခေါ်တဲ့ ကာလတိုဘတ်ဂျက်ဥပဒေတွေ ပြဋ္ဌာန်းပေးခဲ့ရပါတယ်။ နောက်ဆုံးအတည်ပြုထားတဲ့ CR က လာမယ့် သောကြာနေ့၊ ဒီဇင်ဘာ ၂၃၊ ည ၁၂ နာရီမှာ ကုန်ဆုံးမှာပါ။ အဲဒီအချိန်အထိ ဒီ CAA 2023 ကို သမ္မတ လက်မှတ်ရေးထိုးအတည်မပြုနိုင်ရင် အစိုးရမှာ ဆက်လက်သုံးစွဲစရာ ဘတ်ဂျက်မရှိတော့ဘဲ အစိုးရယန္တရားကြီးတခုလုံး အချိန်အတိုင်းအတာတခုအထိ ရပ်ဆိုင်းသွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ အစိုးရယန္ထရားကြီး ရပ်ဆိုင်းသွားရင် အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးစနစ်ကြီးတခုလုံးအပေါ် ကြီးမားတဲ့ သက်ရောက်မှုကြီး ရှိမှာဖြစ်ပြီး အဲဒီအကျိုးဆက်က တကမ္ဘာလုံးအပေါ် ဆိုးဝါးစွာ သက်ရောက်နိုင်ပါတယ်။ ဒါကြောင့်လည်း အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် ခေါင်းဆောင်များက သူတို့ ညှိနှိုင်းဆွေးနွေးသဘောတူထားတဲ့ CAA 2023 ကို ဒီအပတ်ထဲမှာ လွှတ်တော် ၂ ရပ်စလုံးမှာ အတည်ပြုပြီး သမ္မတဆီ သောကြာနေ့ ညသန်းခေါင်မတိုင်မီ ပို့နိုင်ဖို့ ကြိုးစားနေကြတာပါ။

(၅) ပါတီကြီး ၂ ခုစလုံးထဲမှာ ဒီ CAA 2023 မူကြမ်းကို အပြည့်အဝ လက်မခံနိုင်ကြသူတွေလည်း ရှိကြပါတယ်။ အထူးသဖြင့် အောက်လွှတ်တော်မှာ လက်ရှိ လူနည်းစုပါတီ (Minority Party) ဖြစ်တဲ့ ရီပါတ်ဘလီကန်ပါတီအမတ်များက သူတို့ လူများစုပါတီ (Majority Party) ဖြစ်လာမယ့် အချိန် နောက်နှစ် ဇန်နဝါရီလကျမှပဲ ဒီဥပဒေကို စဉ်းစားနိုင်မယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပါတီကြီး ၂ ခုစလုံးမှာ ဒီတပတ်မကုန်ခင် ဒီ CAA 2023 ကို သမ္မတ လက်မှတ်ရေးထိုး အတည်ပြုစေချင်တဲ့ အမတ်တွေက အများစုပါ။ သူတို့အားလုံး ခရစ္စမတ်ရုံးပိတ်ရက်များမတိုင်ခင် အရေးကြီးတဲ့ ဥပဒေပြုတာဝန်တွေကို အဆုံးသတ်ပြီး ကိုယ့်အိမ်ကို ပြန်ချင်နေကြပါပြီ။ 

ဒါကြောင့် ကျနော်ကတော့ လာမယ့် သောကြာနေ့မှာ သမ္မတ ဂျိုးဘိုင်ဒင်က NDAA 2023 နဲ့ CAA 2023 တို့ကို လက်မှတ်ရေးထိုး အတည်ပြုလိမ့်မယ်။ ဒီဥပဒေများထဲမှာ အပါအဝင်ဖြစ်တဲ့ The Burma Act of 2022 နဲ့ မြန်မာနိုင်ငံဆိုင်ရာ ထောက်ပံ့ငွေများဟာလည်း အသက်ဝင်လာမယ်လို့ ယုံကြည်ပါတယ်။

အောင်ဒင်

6 days Ago
Up