close

ndf

close

September 25, 2021

ဆေးဝါးနှင့် အခြေခံစားကုန်များရောင်းချပေးသည့်စစ်ကောင်စီကို ကြိုဆိုကြောင်း NDF ပါတီကြေညာ၊ စက်သုံးဆီဈေးကျဆင်းရေး တိုက်တွန်း

ပြည်သူတွေအဆင်ပြေစေဖို့ အာဏာသိမ်း စစ်ကောင်စီက  ဆေးဝါးတွေနဲ့ အခြေခံစားကုန်တွေ ရောင်းချပေးတဲ့အပေါ် ကြိုဆိုကြောင်းနဲ့ စက်သုံးဆီစျေးနှုန်းကျဆင်းအောင် လုပ်ဆောင်ပေးဖို့ တိုက်တွန်းကြောင်း စစ်ကောင်စီဝင် ဦးခင်မောင်ဆွေခေါင်းဆောင်တဲ့  အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီက စက်တင်ဘာ ၂၅ ရက်မှာ ထုတ်ပြန် ကြေညာပါတယ်။

“နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ် (၁၉) ရောဂါကာလအတွင်း ပြည်သူများအဆင်ပြေစေရန် အတွက် ဆေးဝါးရောင်းချမှုအခြေအနေကို ကုမ္ပဏီများနှင့်ညှိနှိုင်းဆောင်ရွက်မှု၊ စားသောက်ရေး အခက်အခဲမရှိစေရန်အတွက် အခြေခံစားကုန်များရောင်းချပေးမှုနှင့် တောင်သူလယ်သမားများ၏သီးနှံများကို ဝယ်ယူအားပေးမှု စသည့်ဆောင်ရွက်ချက်များကို ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီက ကြိုဆိုပါသည်။” လို့ ပါတီ   ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ခုအချိန်ဟာ ပြည်သူတွေ အဘက်ဘက်မှ အကျပ်အတည်း၊ အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ ကာလဖြစ်သလို စက်သုံးဆီစျေးနှုန်းတွေ တနေ့တခြား မြင့်မားလာတာဟာ ပြည်သူတွေအပေါ် စားဝတ်နေရေး ပိုမိုကြပ်တည်းပြီး မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ပေါ်ပေါက်လာစေနိုင်လို့ စက်သုံးဆီစျေးမြင့်တက်နေတာကိုလည်း  အထူးအရေးထား တာဝန်ယူထိန်းညှိပေးဖို့လည်း စစ်ကောင်စီကို တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ တတိယလှိုင်းရောဂါပြန့်ပွားမှုကို ပြည်သူတွေခံစားနေရချိန်မှာ သယ်ယူပို့ဆောင်ရေးနဲ့ကုန်စည်စီးဆင်းရေးအတွက်  မရှိမဖြစ်အရေးကြီးလိုအပ်ချက်ဖြစ်တဲ့ စက်သုံးဆီစျေးတွေ တနေ့တခြား စျေးနှုန်းကြီးမြင့်လာတာဟာ လက်လုပ်လက်စား အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးအခြေအနေကို ပိုမို ကြပ်တည်းမှုကြီးဆီသို့  တွန်းပို့နေတာ မြင်တွေ့ရတယ်လို့ NDF ပါတီက ဆိုပါတယ်။

မြန်မာပြည်တွင်းမှာ ကျပ်ငွေ တန်ဖိုးကျတာနဲ့အတူ စက်သုံးဆီဈေးနှုန်းမြင့်တက်လာကာ စက်တင်ဘာ ၂၀ ရက် ရန်ကုန်ဓာတ်ဆီဆိုင်တွေမှာ  ဒီဇယ် တစ်လီတာ ကျပ် ၁၂၁၀ ၊ ပရီမီယံ (Premium) ဒီဇယ်တစ်လီတာ ၁၂၁၅ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၁၂၁၅ ကျပ် ၊အောက်တိန်း 95 Ron တစ်လီတာ ၁၂၃၅ ကျပ်ဝန်းကျင်ထိ  ဆက်တိုက် မြင့်တက်နေတာ ဖြစ်ပါတယ်။

3 mins Ago
Up