အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်အောင် အမှုအတွက် ဇန်နဝါရီ ၆ ရက်နေ့မှာ နှစ်ဖက်လျှောက်လဲချက်ပေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။
အခုရုံးချိန်းမှာတော့ ဒေါ်နွယ်နွယ်အောင်အား မော်လမြိုင်မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးဖို့ စစ်ကောင်စီ ရှေ့နေနဲ့ စွပ်စွဲခံရသူ ရှေ့နေတို့ အွန်းလိုင်းကနေ နှစ်ဖက်လျှောက်လဲချက်ပေးခဲ့တာပါ။
နှစ်ဖက် ရှေ့နေ လျှောက်လဲချက်ပေးပြီးနောက် စစ်ကောင်စီတရားသူကြီးက လာမယ့် ဇန်နဝါရီ ၁၂ ရက်ကို ရုံးချိန်း ပြောင်းရွှေ့ခဲ့တာပါ။
မော်လမြိုင်မြို့နယ် NLD ဥက္ကဋ္ဌနဲ့ ရွေးကောက်ခံအမတ် ဒေါ်နွယ်နွယ်အောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၂၇ ရက်နေ့ ညပိုင်းမှာ မော်လမြိုင်ဈေးကြိုရပ်ရှိ နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ခဲ့တာပါ။
ဒေါ်နွယ်နွယ်အောင်ကိုတော့ စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းမှာ ပူးပေါင်းဆောင်ရွက်တာ၊ ငွေးကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။
ဒေါ်နွယ်နွယ်အောင်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ ဟာ ပြစ်မှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်အပြင် ငွေဒဏ်ပါ အမိန့်ချမှတ်နိုင်ပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်နွယ်နွယ်အောင်ဟာ မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီ ဥက္ကဋ္ဌ ဖြစ်သလို ၂၀၁၅၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာ အနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်ပါတယ်။
မွန်ပြည်နယ် ရေးမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မိုးအေး ရဲ့ သမီးဖြစ်သူ သစ်အရောင်းဆိုင်က သစ်မျိုးစုံတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက် သိမ်းဆည်းသွားခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ဦးကျော်မိုးအေးရဲ့သမီးဖြစ်သူ သစ်အရောင်းဆိုင်က ကျပ်သိန်း ရာဂဏန်းခန့်တန်ဖိုးရှိ သစ်မျိုးစုံကို အောက်တိုဘာ ၁၃ ရက် မနက်မှာ လာရောက် သိမ်းဆည်းခဲ့ပြီး အိမ်ကိုလည်း ချိပ်ပိတ်သွားတယ်လို့ ဆိုပါတယ်။
ဒီနေ့ထိ NLD မြို့နယ်ဥက္ကဋ္ဌ ဦးကျော်မိုးအေးနဲ့ မိသားစုဟာ တိမ်းရှောင်နေရပြီး နေအိမ်ကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်း စစ်ကောင်စီတပ်က ရှာဖွေကာ ပစ္စည်းတချို့ ယူဆောင်သွားတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
ဒါ့အပြင် ဦးကျော်မိုးအေးရဲ့ ညီဖြစ်သူနဲ့ တက္ကသိုလ်ကျောင်းသား တူဖြစ်သူကိုလည်း ဒီနေ့အထိ ဖမ်းဆီးထားတယ်လို့လည်း ဆိုပါတယ်။
ရေးမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်တာကြောင့် ဖမ်းဆီးခံထားရသူပေါင်း အယောက် ၃၀ လောက်ရှိပြီလို့ သိရပါတယ်။