close

NLD ရပ်ကျေးဥက္ကဋ္ဌ

close

December 2, 2021

ဝါးခယ်မတွင် NLD ရပ်ကျေးဥက္ကဋ္ဌအပါအဝင် ဒေသခံ ၄ ဦးကို စစ်ကောင်စီဖမ်းဆီး

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှာ ဒီဇင်ဘာ ၁ ရက် ညပိုင်းက   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ ရပ်ကျေးဥက္ကဋ္ဌ အပါအဝင်  ဒေသခံပြည်သူ ၄ ယောက်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားပါတယ်။ 

သရွတ်မြိုက်ကျေးရွာမှာ နေထိုင်တဲ့ အန်အယ်လ်ဒီရပ်ကျေး ဉက္ကဋ္ဌ ဦးအောင်လှသန်း၊ သူ့ရဲ့သားမက် ကိုရှိုင်းထက်ကျော်၊ ကိုနေလင်းနဲ့ ကိုငပုတို့ကို  ည ၁၀ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်သား အင်အား ၃၀ ကျော်လောက်က နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။ 

“ကိုအောင်လှသန်းကို ပြီးခဲ့တဲ့ ၅ ရက်လောက်ကတည်းက  ဘယ်မှမသွားနဲ့ အိမ်မှာနေရမယ်လို့ အမိန့်ပေးထားတာ အခုတော့ သူ့သားမက်ကိုရော  သူ့ကိုရော တခါတည်း ဖမ်းသွားတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

ဝါးခယ်မမြို့နယ်မှာ နိုဝင်ဘာလကုန်ပိုင်းကစတင်ကာ အန်အယ်လ်ဒီပါတီဝင်တွေကို ဆက်တိုက်ဖမ်းဆီးနေပြီး လွန်ခဲ့တဲ့ ၅ ရက်ကလည်း မြို့နယ် အတွင်းရေးမှူးဟောင်း ဦးအောင်ကြွယ်ကို စစ်ကောင်စီတပ်သားတွေက  ဖမ်းသွားတယ်လို့ ဆိုပါတယ်။

ဝါးခယ်မမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မတရားဖမ်းဆီးခံရသူ အယောက်  ၅၀ ကျော်ထိရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

9 hours Ago

September 4, 2021

ကန်ကြီးထောင့်မြို့နယ်၌ စစ်တပ်နှင့်ရဲက NLD ရပ်ကျေးဥက္ကဋ္ဌ၏ နေအိမ်ကို ဖောက်ထွင်းပြီး ဆိုင်ကယ်နှင့် ပစ္စည်းများခိုးယူ

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာ သော့ခတ်ထားတဲ့  အန်အယ်လ်ဒီ ရပ်ကျေးဥက္ကဋ္ဌရဲ့ နေအိမ်ကို စက်တင်ဘာ ၃ ရက် ညနေပိုင်းမှာ  စစ်တပ်နဲ့ရဲက ဖောက်ထွင်းဝင်ရောက်ပြီး  ဆိုင်ကယ်နဲ့ ပစ္စည်းခိုးယူသွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

စစ်တပ်အမာခံသတင်းပေး ၁ ဦး သေဆုံးပြီးနောက်ပိုင်း အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးတာ များလာတာကြောင့် တိမ်းရှောင်နေတဲ့ ပိတောက်ပင်ကျေးရွာ အန်အယ်လ်ဒီ ရပ်ကျေးဥက္ကဋ္ဌ ဦးယမင်းထွန်းနေအိမ်ကို ညနေ ၆ နာရီကျော်လောက်မှာ သော့ဖျက်ဝင်ရောက်ပြီး ဆိုင်ကယ်နဲ့ တခြားပစ္စည်းတွေယူသွားတာဖြစ်ပါတယ်။

မျက်မြင်ဒေသခံရွာသားတစ်ဦးက " ကိုယမင်းထွန်းက ရှောင်နေတာ သူ့အိမ်ကသော့ခတ်ထားတယ် အဲ့တာကို စစ်တပ်နဲ့ရဲကရောက်လာပြီး သော့ဖျက်ပြီးဝင်တာ ပြီးတော့ ဆိုင်ကယ်တစ်စီးနဲ့ တခြားပစ္စည်းတွေယူသွားတာတွေ့တယ် ဘယ်ကို ယူသွားလည်းတော့မသိဘူး''လို့ ပြောပါတယ်။

ကန်ကြီးထောင့်မြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်နဲ့ရဲက ညတိုင်းဝင်ရောက် ရှာဖွေတာတွေရှိလာလို့ ဒေသခံတွေဟာ ညတိုင်းပုန်းနေကြရတယ်လို့လည်း ဆိုပါတယ်။

ကန်ကြီးထောင့်မြို့မှာ သြဂုတ်လ ၂၉ ရက်က စစ်တပ်အမာခံသတင်းပေးအမျိုးသား ၁ ဦးအသတ်ခံရပြီးနောက်ပိုင်း လသားအရွယ်ကလေးအပါဝင် ဖမ်းဆီးခံရသူ ၇ ဦးထိရှိလာပြီ ဖြစ်ပါတယ်။

3 months Ago
Up