close

NLD လွှတ်တော်အမတ်ဟောင်း

close

November 5, 2021

NLD လွှတ်တော်အမတ်ဟောင်း ဦးဇော်ထက် နေအိမ်နှင့်ဆိုင်ကယ်ပစ္စည်းဆိုင် ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် NLD လွှတ်တော်အမတ်ဟောင်း ဦးဇော်ထက်ရဲ့ မိသားစုပိုင်နေအိမ်နဲ့ ဆိုင်ကယ်ဆိုင်ပစ္စည်းဆိုင်ကို စစ်ကောင်စီက ၂ ကြိမ်တိုင် ဝင်ရောက်ဖျက်ဆီးပြီး ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဦးဇော်ထက်ရဲ့ မိသားစုပိုင် ဇော်ဦးနောင် ဆိုင်ကယ်ပစ္စည်းဆိုင်ကို စစ်ကောင်စီတပ်တွေက နိုဝင်ဘာ ၄ ရက်နေ့ ညနေ ၃ နာရီခွဲမှာ တစ်ကြိမ်၊ နိုဝင်ဘာ ၅ ရက်နေ့မနက်ခင်း တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေဖျက်ဆီးသွားတာလို့ ဆိုပါတယ်။

ဖျက်ဆီးခံရတဲ့ ဆိုင်ကယ်ပစ္စည်းဆိုင်ဟာ သူတဦးတယောက်တည်းပိုင်မဟုတ်ဘဲ မိသားစု အားလုံး ပိုင်ဆိုင်တာလို့ တိမ်းရှောင်နေတဲ့ ဦးဇော်ထက်က ပြောပါတယ်။

“ကျနော်တို့ မိသားစုက ဒီကောင်တွေအကျင့်ကို သိလို့ ဘေးလွတ်ရာကို ရှောင်နေတာကြာပြီ။ ဒီကောင်တွေ ဘာလုပ်လုပ်၊ မလုပ်လုပ် NLD ပါတီကဆို အခုလိုလုပ်နေကြဗျ၊ နောက်လည်း လာဦးမယ်။ ပြည်သူပိုင်သိမ်းတာတို့၊ ဘာတိုဆိုပြီး အိမ်ကို စာလာချိတ်ဦးမယ်ဆိုတာ ကြိုသိပြီးသားပဲ။ လုပ်လည်း ဒါက ကျနော်တယောက်တည်း ပိုင်တဲ့ ပိုင်ဆိုင်မှု မဟုတ်ဘူးဗျ။ မိသားစု အကုန်ပိုင်ဆိုင်တာ။”‌

စစ်ကောင်စီက ဦးဇော်ထက် ရဲ့ မိသားစုပိုင်နေအိမ်ကိုလည်း သေနတ် ၁၅  ချက်လောက် ပစ်ဖောက် ဝင်ရောက်ကာ CCTV တွေ ဖျက်ဆီးပြီး အိမ်ခန်း ဗီရိုတွေဖွင့်ပြီး အင်ဂျင်ဝိုင်ဘူးတွေကအစ ပစ္စည်းအတော်များများ ယူဆောင်သွားကြတယ်လို့ မင်တိုင်ပင်ရွာက မျက်မြင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဦးဇော်ထက်ဟာ ပုလဲမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ခံ NLD လွှတ်တော်အမတ်ဟောင်းတစ်ဦး ဖြစ်ပါတယ်။

2 mins Ago

November 1, 2021

မိုးညိုမြို့နယ် NLD လွှတ်တော်အမတ်ဟောင်း ဦးကျော်မျိုးမင်း ပြန်အဖမ်းခံရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမတ်ဟောင်း ဦးကျော်မျိုးမင်းဟာ ပဲခူးတိုင်းအနောက်ခြမ်း၊ မိုးညိုမြို့နယ်၊ ပိတောက်ကုန်းကျေးရွာက နေအိမ်မှာ အောက်တိုဘာ ၃၀ ရက် နေ့ညပိုင်းက ပြန်လည်ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

ဆွေမျိုးနီးစပ်သူတဦးက “အရင်က အဂတိလိုက်စားတယ်ဆိုပြီး ထောင်ချခံထားရပြီး ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပြန်လွတ်လာတာ မကြာသေးဘူး။ ပြန်အဖမ်းခံရတာ။ စစ်သားနဲ့ရဲက ပြန်ဖမ်းသွားတာ။ စုံစမ်းကြည့်တော့ ရွာက ဒလန်က တိုင်လိုက်တာတဲ့လေ” လို့ပြောပြပါတယ်။

ဦးကျော်မျိုးမင်းဟာ မိုးညိုမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့သူဖြစ်ကာ ၂၀၁၉ ခုနှစ်၊ မတ်လပိုင်းထဲက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အပါအဝင်ပုဒ်မ ၂ ခုနဲ့ ထောင် ၈ နှစ် ချမှတ်ခံထားရသူဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပြန်လွတ်လာတာလို့ သိရပါတယ်။

ပြန်လွတ်လာပြီး ထပ်မံဖမ်းဆီးခံရတဲ့ ဦးကျော်မျိုးမင်းကို ဘယ်နေရာမှာ ဖမ်းဆီးချုပ်နှောင်ထားသလဲဆိုတာ မသိရသေးဘူးလို့ မိသားစုနဲ့နီးစပ်သူတွေဆီကသိရပါတယ်။

ဒီဗွီဘီက ဦးကျော်မျိုးမင်း ပြန်လည်ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ မိုးညိုမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ “သိချင်ရင်လာမေးလှည့်။ အလုပ်ရှုပ်တယ်'' လို့ တာဝန်ကျရဲအရာရှိက ပြန်လည်ဖြေကြားခဲ့ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ကိုလည်း အကြမ်းဖက်စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ တရားစွဲပြီး ထောင် ၃ နှစ် ချမှတ်ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

4 days Ago
Up