ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၈ ရက်နေ့မှာ ထောင်ကနေ လွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသားတဦးဖြစ်တဲ့ ကိုကျော်ကျော်ဉာဏ်ဝင်းကို ဧပြီ ၂၃ ရက်နေ့ ညပိုင်းမှာ သူနေထိုင်ရာအိမ်ကနေ စစ်ကောင်စီက လာဖမ်းသွားတယ်လို့ သိရပါတယ်။
“နှစ်ကြိမ်လာဖမ်းတာ၊ ပထမအကြိမ်က မနက်ပိုင်း ၁၀ နာရီလောက်မှာ ကား ၂ စီးနဲ့လာခေါ်သွား တာ၊ ရဲမပါဘူး။ စစ်ကောင်စီတပ်သားတွေရယ်၊ အရပ်၀တ်တွေရယ်ပဲပါတာ။ နောက် ညနေ ၅ နာရီ လောက်မှာ အိမ်ပြန်ပို့ပေးတယ်။ ဟိုမှာတော့ ဘာတွေမေးပြီးမှ ဘာလို့ပြန် လာပို့တာလဲတော့မသိပါဘူး။ နောက် ညပိုင်း ၉ နာရီကျော်လောက်မှာ ကား ၂ စီးနဲ့၊ တစီးမှာက စစ်ကောင်စီတပ်သားအပြည့်၊ နောက်တစီးမှာက အရပ်၀တ်အပြည့် နဲ့ ၁၅ ယောက်၊ အယောက် ၂၀လောက်ပါတယ်၊ အိမ်မှာပဲ လာဖမ်းသွားတာ” လို့ အိမ်အနီးနေသူတဦးက ပြောပါတယ်။
ကိုကျော်ကျော်ဉာဏ်၀င်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှာ ပြည်မြို့နယ်အလုပ်မှုဆောင်၊ သတင်းပြန်ကြားရေး တာဝန်ခံ တယောက်ဖြစ်ပါတယ်။
သူ့ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ပထမအကြိမ် ဖမ်းဆီးခဲ့ပြီး သဘာ၀ဘေးဥပဒေပုဒ်မ ၂၅ နဲ့ အမှုဖွင့်ကာ ပြည်ထောင်အထူးထောင်တရားရုံးကနေ ထောင် ၂ နှစ်ချလိုက်ပါတယ်။ ဒီနောက် ၈ လ နဲ့ ၆ ရက် ထောင်ထဲမှာနေခဲ့ရပြီး လွှတ်ငြိမ်းချမ်းသာနဲ့ အောက်တိုဘာ ၁၈ ရက်နေ့မှာ ပြည်ထောင်ကနေပြန်လွတ်လာတာပါ။