close

NLD အလုပ်အမှုဆောင်

close

January 6, 2022

ကံမမြို့နယ် NLD အလုပ်အမှုဆောင် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီဖမ်းဆီး

မကွေးတိုင်းဒေသကြီး ကံမမြို့နယ်မှာ ဒီဇင်ဘာ ၅ ရက်နေ့ နေ့လယ်လောက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မြို့နယ်အလုပ်အမှုဆောင်တစ်ယောက်ကို စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကံမမြို့နယ် အလယ်ချောင်းကျေးရွာက NLD ပါတီရဲ့ မြို့နယ်အလုပ်အမှုဆောင် ဒေါ်ထားထားလွင် ကို စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ဒေါ်ထားထားလွင်က အသက် ၄၅ နှစ်လောက်ရှိပြီးတော့ ကျန်းမာရေးမကောင်းတဲ့ အကိုဖြစ်သူနဲ့ အတူနေတာဗျ။ အလယ်ချောင်းကျေးရွာမှာ ဗုံးပေါက်ကွဲတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီးတော့ မတရားဖမ်းဆီးခံရတာ။ စစ်ကောင်စီတပ်တွေဟာ ကားတွေနဲ့ လည်ပြီးတော့ သူတို့ မသင်္ကာတဲ့ သူတွေကို တောက်လျှောက် ပတ်ဖမ်းနေကြတာဗျ။ မနေ့က ကြို့ပင်ရွာမှာလည်း တစ်ယောက်ထပ်အဖမ်းခံရပြီးတော့ ကံမမြို့ပေါ်က တစ်ယောက်ကိုလည်း လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့အချိန် မေးစရာရှိလို့ဆိုပြီး စစ်ကောင်စီတပ်တွေက လာခေါ်သွားကြတယ်။”

ကံမမြို့နယ်မှာ ဇန်နဝါရီ ၄ ရက်နေ့က မြို့နယ်ထွေအုပ်ရုံးအပါအဝင် စစ်ကောင်စီရဲ့ နေရာ ၇ ခုမှာ ဗုံးပေါက်ကွဲခဲ့ပြီး မနေ့က မွန်းလွဲပိုင်းမှာလည်း ခရိုင်ရဲမှူး လိုက်ပါလာတဲ ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ ရတယ်လို့ သိရပါတယ်။

ဒေသခံပြည်သူတွေ ဖမ်းဆီးခံရတဲ့ အခြေနေကို အသေးစိတ် သိရှိနိုင်ဖို့ ကံမမြို့မရဲစခန်းကို တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပါဘူး။

7 mins Ago

October 19, 2021

ဗန်းမော်အကျဉ်းထောင်မှ NLD အလုပ်အမှုဆောင်အချို့အပါအဝင် ၁၄ ဦး ပြန်လွတ်

ကချင်ပြည်နယ် ဗန်းမော်မြို့ အကျဉ်းထောင်ကနေ  ဗန်းမော်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အလုပ်အမှုဆောင်အချို့နဲ့ ကျောင်းသား လူငယ်တွေအပါအဝင် ၁၄ ယောက် ပြန်လွတ်လာတယ်လို့ သိရပါတယ်။

ရွှေကူမြို့က ၃ ဦး၊ ဗန်းမော်မြို့က ၁၁ ဦး၊ စုစုပေါင်း ၁၄ ဦးဟာ ၄ လကျော် ချုပ်နှောင်ခံရပြီးနောက် အောက်တိုဘာ ၁၉ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ရွှေကူမြို့က သုံးဦးလုံးကို ကတိခံဝန်ချက်ရေးထိုးပြီး လွှတ်ပေးလိုက်တာလို့ ပြန်လွတ်လာသူ တဦးက ပြောပါတယ်။

ထပ်မံပြုလုပ်ပါက အခုပြစ်ဒဏ်အပါအဝင် ပြစ်ဒဏ်နှစ်ခုလုံးနဲ့ အရေးယူခံရမယ်ဆိုပြီး ကတိခံဝန်ချက်ထိုးခဲ့ရကြောင်း၊ ဗန်းမော်မြို့နယ်နေသူတွေကိုတော့  လိုအပ်လျှင် ကတိခံဝန်ခေါ်ယူ ထိုးခိုင်းမယ်ဆိုပြီး လွှတ်ပေးလိုက်တာလို့ ဆိုပါတယ်။

အကျဉ်းထောင်တွင်း အခြေအနေကိုလည်း ပြန်လွတ်လာသူက “နေထိုင်ရတာ အလွန်ကျပ်တည်း ပြီး အဆင်မပြေဘူး။ ရေမသန့်တော့ ဝဲတွေပေါက်တယ်၊ လေကောင်းလေသန့်မရရှိဘူး” လို့ ပြောပါတယ်။

ပြန်မလွတ်လာသေးတဲ့သူတွေရဲ့ ကျန်းမာရေးနဲ့ နေထိုင်ရမှု အခြေအနေကို မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

ဗန်းမော်ခရိုင်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို စစ်ကောင်စီတပ်နဲ့ရဲတွေရဲ့ အကြမ်းဖက်နှိမ်နင်းပစ်ခတ်မူ့ကြောင့် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ရပြီး  လူငယ်တွေ အပါအဝင် ဒေသခံအယောက် ၅၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

3 months Ago
Up