close

nld

close

April 11, 2023

ကန့်ဘလူ ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၀၀ ကျော်ရှိလာ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို လူမဆန်စွာကျူးလွန်ခြင်းဖြစ်ဟု NLD ကြေညာ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်၊ ပဇီကြီးကျေးရွာကို ဧပြီလ ၁၁ ရက် ဒီနေ့ မနက်  စစ်ကောင်စီတပ်က  တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ထိခိုက်သေဆုံးသူ  ၁၀၀ ကျော်ရှိနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ပဇီကြီးကျေးရွာမှာ ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲ ပြုလုပ်နေချိန်  ဒီနက် ၇ နာရီ မိနစ် ၅၀ လောက်က စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲပြီး Mi35 စစ်ရဟတ်ယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဒေသခံ ကိုဖိုးသိမ်းက ဒီဗွီဘီကို ပြောပါတယ်။

“နောက်ဆုံးအခြအနေကတော့ ကျနော်တို့ ဒီကလေးသူငယ်ချည်းပဲကို ၃၀ ကျော်လောက်သေမယ်။ အားလုံးစုစုပေါင်းလိုက်မယ်ဆိုရင် အရပ်သားသေဆုံးမှု ၁၀၀ ကျော်မယ်။ စဖြစ်တာက ဒေသကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ ပလဖ အစည်းအဝေး ရုံးဖွင့်ပွဲလေးပေါ့ဗျာ။ ရုံးဖွင့်ပွဲလေးလုပ်တော့ အကျွေးအမွေးပါတော့ ကလေးတွေရော ကျောင်းသူကျောင်းသားတွေကလည်း ထမင်းစားပြီးတော့မှ ကျောင်းသွားမယ်ဆိုတဲ့ပုံစံမျိုးနဲ့ ထမင်းဝင်စားနေကြတဲ့အချိန် ၇ နာရီ ၅၀ မှာ ဝင်ချသွားတာ။”

အဆိုပါ ပွဲမှာ ကလေးရောလူကြီးပါ အယောက်  ၂၀၀ ကျော်လောက်ရှိပြီး  သေဆုံးတာ ၁၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ ၅၀ ကျော်ရှိမယ်လို့လည်း  တက်ကြွလှုပ်ရှားသူ တဦးကပြောပါတယ်။  

“ဒီ ၁၀၀ အထက်မှာရှိတယ်။ဒီသေဆုံးတဲ့သူတွေက၊ အဲဒါပြီးတော့မှ ထိခိုက်တဲ့သူက ၅၀ ဝန်းကျင်မှာ ရှိမယ်ပေါ့။”

သေဆုံးသူတွေထဲမှာ ပဇီကြီးကျေးရွာသားတွေသာမက  အနီးနားက ကျေးရွာသားတွေလည်း ပါဝင်ကြောင်း လည်း ဒေသခံတွေက ပြောပါတယ်။

သေဆုံးဒဏ်ရာရသူတွေများပြားလွန်းတဲ့အတွက် အရေအတွက် အတိအကျကိုတော့ လတ်တလော မသိရသေးဘဲ ဒီဗွီဘီက ရရှိထားတဲ့ ရုပ်သံတွေနဲ့ ဓာတ်ပုံတွေမှာတော့ အများပြည်သူ မြင်မကောင်းအောင် ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အလောင်းတွေ စုပုံနေတာကို မြင်တွေ့ရပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ကျနော်ပြောချင်တာကတာ့ ကလေးသူငယ်နဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်မထားပါနဲ့ပေါ့ဗျာ။ ကျနော်တို့ဖြစ်စေချင်တာကတော့ စစ်မြေပြင်ဖြစ်တဲ့အတွက် တုတ်တုတ်ချင်း၊ ဓားဓားချင်း ခုတ်တဲ့ပုံစံမျိုးပဲဖြစ်စေချင်တာပါ။ အခုလိုမျိုးကြီးကတော့ ကျနော်တို့ ရင်ထဲမှာ ဘယ်လိုမှမကောင်းဘူးပေါ့နော်။ ကျနော်တို့ကို ပစ်သတ်လိုက်တာထက်ကို ပိုဆိုးတယ်”  လို့ ပြောပါတယ်။

ဒေသခံရွာသားတဦးကလည်း “ကလေးတွေကော လူကြီးတွေကော အမျိုးသားတွေကော အမျိုးတွေကော ထိခိုက်သေဆုံးတာဗျ။ လက်ရှိအချိန်ထိ ကလေးအလောင်းက ခြောက်လောင်းတွေ့ပြီးပြီ လူကြီးအလောင်းကတော့ နှစ်ဆယ်ကျော်လောက်တွေ့ပြီး ပါပြီ။ လက်ရှိအိမ်တွေကော မီးလောင်နေတယ်ဆိုတော့ အလောင်းအားလုံးမကောက်ရသေးဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဒီလေကြောင်းတိုက်ခိုက်မှုဟာ ပြည်သူတွေကို အကြောင်းမဲ့ တိုက်ခိုက်တာဖြစ်တယ်လို့ ရွာခံတွေက ပြောပါတယ်။

“ကျနော်တို့ရွာမှာ တိုက်ပွဲလည်းမဖြစ်ခဲ့ဘူး။ တိုက်ပွဲလည်းမရှိဘူး။ အကြောင်းမဲ့ ပြည်သူတွေကို တိုက်ခိုက်တာဖြစ်တယ်။ ဒီလုပ်ရပ်ကို မကျေနပ်ဘူး။ တခြားဒေသကပြည်သူတွေကို ပြောချင်တာကတော့ တိုက်ပွဲဖြစ်ဖြစ် မဖြစ်ဖြစ် ဘယ်နေရာမှ လုံခြုံမှုမရှိတော့ဘူး။ အမြဲသတိနဲ့ နေကြပါလို့ သတိပေးချင်ပါတယ်” လို့ ရွာခံတစ်ဦးကပြောပါတယ်။

ပဇီကြီးကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီက အပြစ်မဲ့ပြည်သူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို လူမဆန်စွာ ကျူးလွန်ခဲ့တာဖြစ်တယ်လို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက ထုတ်ပြန်ကြေညာပါတယ်။

“အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မိစ္ဆာတပ်များသည် မြန်မာပြည်တစ်ဝန်းလုံး၌ အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်မှုများကို ကျူးလွန်လျက်ရှိသည်။ ​ကမ္ဘာ့နိုင် ငံအသီးသီးအနေဖြင့်လည်း မြန်မာအကြမ်းဖက်စစ်ကောင်စီသည် မြန်မာပြည်တွင် လူမျိုးတုန်း သတ်ဖြတ်မှုများကို အရှက်တရားကင်းမဲ့စွာ ကျူးလွန်ပြနေမှုအား ထိရောက်သော တားဆီးမှုများပြုလုပ်ရန် တိုက်တွန်းအပ်ပါသည်” လို့ အန်အယ်လ်ဒီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာပြည်တဝန်း စစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ အားလုံးအပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ဝမ်းနည်းကြေကွဲရကြောင်းနဲ့  အကြမ်းဖက်စစ်ကောင်စီအား  ပြင်းထန်စွာရှုတ်ကြောင်းလည်း ကြေညာထားပါတယ်။

စစ်ကောင်စီဟာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက် ညပိုင်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အနန့်ပါကျေးရွာမှာ ကေအိုင်အေ တည်ထောင်ခြင်း ၆၂နှစ်မြောက် အထိမ်းအမှတ်ပွဲ ကျင်းပနေချိန် လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့  လူ ၁၀၀ လောက် ထိခိုက်ဒဏ်ရာရ သေဆုံးမှုရှိခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးတဲ့ အရပ်သားပြည် သူဦး ရေဟာ ၃၂၂၅ ဦးထိရှိလာကာ ဖမ်းဆီးထိန်းသိမ်း ခံထားရသူ ၂၁၂၇၆ ဦးထိရှိလာပြီးတယ်လို့ နိုင်ငံရေး အကျဉ်းသားများကူ ညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ထားပါတယ်။

43 mins Ago

ရှင်းလင်းပြတ်သားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်

အရင်က အာဏာသိမ်းခဲ့တဲ့အစဉ်အလာတွေကိုကြည့်ကာ အာဏာသိမ်းပြီး တစ်လလောက် ကြာရင် အရာရာဟာ နေသားတကျနဲ့ သမ္မတအိမ်တော်ထက်မှာ ခေါင်းပေါင်းစတလူလူလွှင့်နိုင်လိမ့်မယ်လို့ မင်းအောင်လှိုင် လျှော့တွက်ခဲ့ပုံပါပဲ။

အလွန်ဆုံးအဆင့် ဆန္ဒပြတာ နည်းနည်းကြာလာပါက ကြမ်းကြမ်းရမ်းရမ်း ပစ်ခတ်ဖမ်းဆီးလိုက်ရင် ပွဲပြီးသွားမယ်ပေါ့။ ဉာဏ်ရည်တိမ်ပြီး ခေါင်းပေါင်းစထောင်ဖို့သာ စိတ်ကူးယဉ်နေတဲ့ မင်းအောင်လှိုင်က CRPH ၊NUCC နဲ့ NUG အစိုးရဆိုတာ ဘယ်မျှော်လင့်ထားလိမ့်မလဲ။ ပြီးတော့ Generation Z တွေ နယ်စပ်မှာ စစ်သင်တန်းတက်၊ ပြီးတော့ မြို့ပြပြန်လာ။ မြို့ကြီးတွေမှာ ဝုန်းဒိုင်းကြဲ ဖောက်ခွဲပစ်လိုက်တဲ့အခါမှ အိပ်မက်မက်နေတဲ့ မင်းအောင်လှိုင် လန့်နိုးလာခဲ့ပုံရတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းပြီးပြီးချင်းမှာပင် အနောက်အုပ်စုရဲ့ လက်ကမ်းကြိုဆိုမှု ရရှိခဲ့တယ်။ မင်းအောင်လှိုင်အတွက် အကြီးအကျယ် အထိနာ၊ မိုက်လုံးကြီးကြီး ထွက်လာတဲ့ ဒေါသကို ထိန်းချုပ်နိုင်တဲ့ ဆင်ခြင်တုံတရားနဲ့ မွေးရာပါ နိုင်ငံရေးဉာဏ်ရည်ချို့တဲ့မှုအရ မလုပ်ရဲတာ ဘာမှ မရှိကြောင်း နိုင်လို့ရတာ အကုန်မဲပြတော့တယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဆိုတာက နှစ်လရှည်ကြာ စစ်ဗိုလ်ချုပ်တွေ ထိန်းမနိုင် သိမ်းမရ အငြိုးကြီးခဲ့ပြီးသား။ မင်းအောင်လှိုင်အတွက်က ပိုလို့ဆိုး။ NLD ပါတီဆိုတာ ၂၀၂၀ ရွေးကောက်ပွဲမှာ အားမနာတမ်း အနိုင်ယူပြကာ သူ့ရဲ့သမ္မတအိပ်မက်ကို ရိုက်ချိုးဖျက်ဆီးခဲ့လေတော့ ပိုအငြိုးကြီးရ။ အခုလည်း NUG အစိုးရဖွဲ့စည်းရေး အရေးပါတဲ့ မတည်သူအစုအဝေးထဲ NLD ပါတီက ရှေ့ဆုံးကဆိုတော့ မင်းအောင်လှိုင်အတွက် မလုပ်ရဲတာ ဘာမှမရှိကြောင်း ကြမ်းကြမ်းရမ်းရမ်း သက်သေပြတော့တယ်။

တကမ္ဘာလုံးက မယုံကြည်မှန်းသိပေမဲ့ မျက်နှာပြောင်ပြောင်နဲ့ပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို အဂတိပုဒ်မမျိုးစုံနဲ့ တရားစွဲခဲ့တယ်။ NLD ပါတီရဲ့ မတ်လ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ လက်ရှိထောင်ထဲမှာ NLD ပါတီဝင် ၁၂၃၅ ဦး။ ပါတီဝင် ၂၆ ဦး စစ်ကြောရေးနဲ့ ထောင်တွင်း ကျဆုံး။ အကြောင်းမဲ့ သတ်ဖြတ်ခံရတဲ့ ပါတီဝင် ၆၃ ဦး၊ NLD ဗဟိုကော်မတီဝင် ကိုဖြိုးဇေယျာသော် အင်းစိန်ထောင်တွင်း ခိုးကြောင်းခိုးဝှက် ကြိုးပေးအသတ်ခံရ။ ပါတီဝင်တွေနဲ့ လွှတ်တော်အမတ်တွေရဲ့ ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်ဝရမ်းကပ်၊ မိသားစုဘဝတွေကိုပါ ရပ်တည်လို့ မရအောင် အစွမ်းကုန်ချေမွလို့။ အငြိုးက ကြောက်မက်ဖွယ်ကြီးလေတော့ သက်ရှိတွေတင်မက သက်မဲ့ဖြစ်တဲ့ NLD ပါတီရုံးတွေကိုပါ အကြမ်းဖက် ဖျက်ဆီးတော့တယ်။ ရန်ကုန်မြို့၊ ရွှေဂုံတိုင်က NLD ပါတီရုံးချုပ် အပါအဝင် တနိုင်ငံလုံးက ပါတီရုံးတွေကို အကြမ်းဖက်ဖျက်ဆီးခဲ့တာ အကြိမ် ၁၂၀။

ဒါပေမဲ့ စစ်အုပ်စုက သူတို့ဘာလုပ်လုပ် NLD ပါတီဆိုင်းဘုတ်အောက်ကနေ ဒူးထောက် အညံ့ခံမယ့်လူတွေ လိုအပ်မှန်းလည်း ကောင်းကောင်းသိခဲ့တယ်။ နိုင်ငံတကာမှာ သူတို့ကိုယ်သူတို့ ထုတ်ရှိုးတဲ့အခါ NLD ပါတီမှာ အကြမ်းဖက်အဖွဲ့လို့ သူတို့သတ်မှတ်ထားတဲ့သူတွေချည်း ရှိနေတာ မဟုတ်ဘဲ အင်မတန်လိမ္မာယဉ်ကျေးပြီး စစ်အုပ်စုရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို လက်ခံတဲ့ NLD ပါတီဝင်တွေလည်း ရှိနေကြောင်း ထုတ်ပြနိုင်ဖို့က နိုင်ငံရေးအရ သိပ်အရေးပါတယ်။

အဲဒီမှာ NLD ဗဟိုကော်မတီဝင် စန္ဒာမင်းတို့၊ တိုးလွင်တို့ရဲ့ (အခု NLDပါတီဝင်အဖြစ်က ထုတ်ခံလိုက်ရသူ) ဒူးထောက်ဂိုဏ်းကို စစ်အုပ်စုက တွေ့တယ်။ တွေ့တယ်ဆိုတာကလည်း အဲဒီ ဒူးထောက်ဂိုဏ်းက စစ်အုပ်စု မမြင် မြင်အောင် ဖြတ်လျှောက်ပြနေတာကြောင့်လို့ နားလည်ရပါတယ်။

ဒါပေမဲ့ စစ်အုပ်စု ရာသက်ပန်အာဏာသိမ်းနိုင်ရေးလိုင်းပေါ် အမျိုးသားရင်ကြားစေ့ရေး ကြွေးကြော်သံနဲ့ လက်သီးလက်မောင်းတန်းနေတာဆိုလို့ NLD ဗဟိုကော်မတီအဆင့် ၄-၅ ယောက်ထက် မပိုတဲ့အပြင် ပြည်သူတွေကြား ထင်ရှားသူတစ်ဦးမှ မပါပါဘူး။

အခု ဧပြီပထမပတ်အတွင်း လွှင့်တဲ့ စန္ဒာမင်းနဲ့ ဘီဘီစီ၊ VOM တို့ရဲ့ တွေ့ဆုံမေးမြန်းခန်းတွေအရ NLD ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး ဆရာမုံရွာအောင်ရှင် ထောင်ကနေ ပြန်လွတ်လာတော့ ဆရာမုံရွာအောင်ရှင်နဲ့ စန္ဒာမင်းကို စစ်အုပ်စုက ခေါ်တွေ့ပြီး NLD ပါတီရုံးတွေ ပြန်ဖွင့်ပါ။ ပါတီရှင်သန်အောင် ပြန်ုလုပ်ပါ။ သူတို့က အကြမ်းဖက်လို့ သတ်မှတ်ထားသူတွေနဲ့ မပတ်သက်နဲ့။ စစ်တပ်အနေနဲ့ ပါတီကို ဖျက်ဆီးတာတွေ မလုပ်ပါဘူးလို့ ဆိုသတဲ့။

ဆရာမုံရွာအောင်ရှင် လွတ်လာတာက ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၈။ ဆရာ ကွယ်လွန်သွားတာက ၂၀၂၁ နိုဝင်ဘာ ၂၈။ စစ်အုပ်စုက ဘယ်ရက်မှာ ခေါ်တွေ့သလဲဆိုတာ မသိရပေမဲ့ ဆရာ မကွယ်လွန်မီ ၂၀၂၁ နိုဝင်ဘာ ၁၂ ရက်ညမှာတော့ ဟိုး…မွန်ပြည်နယ်ထောင့်ကွေးက ချောင်းဆုံမြို့နယ် NLD ရုံးကိုတောင် တစစီဖြစ်အောင် စစ်အုပ်စုက ဖောက်ခွဲပစ်ခဲ့တယ်။

စစ်အုပ်စုက ဆရာမုံရွာအောင်ရှင်ကို ရုံးခန်းဖွင့်ဖို့ကိစ္စ ဘာ့ကြောင့် ခေါ်ပြောသလဲဆိုတော့ စန္ဒာမင်း တို့ ဒူးထောက်ဂိုဏ်းလောက်နဲ့ မလုံလောက်လို့ပါပဲ။ NLD ပါတီက ဗဟိုအလုပ်အမှုဆောင် အဆင့်တစ်ဦးဦး (သို့မဟုတ်) ထင်ရှားသူတစ်ဦးဦးက သူတို့စစ်အုပ်စုအလိုကျ အသုံးတော်ခံမှသာလျှင် အလုပ်ဖြစ်မှာကြောင့်ပါပဲ။

စန္ဒာမင်းရဲ့ မီဒီယာနဲ့ ပြောဆိုချက်တွေအရ စန္ဒာမင်းဟာ   NLD ပါတီ ရုံးခန်းတွေ ဖွင့်ဖို့ကိစ္စကို သိပ်တက်ကြွပေမဲ့ သူ့လုပ်ပိုင်ခွင့်၊ သူ့မထင်မရှားပုံရိပ်နဲ့ မလုပ်ရဲ မလုပ်ဝံ့တာကြောင့် ခေါင်းခံနိုင်မယ့် NLD လူကြီးတွေကို ခေါင်းခံစေဖို့ ကြိုးစားခဲ့ပုံရပါတယ်။

တကယ်လို့ NLD ပါတီရုံးခန်းတွေကိုသာ စစ်အုပ်စုအလိုကျအတိုင်း ဖွင့်လိုက်မယ်ဆိုရင် စစ်အုပ်စု ဆင်ထားတဲ့ ဂွင်အတိုင်း CRPH၊ NUG နဲ့ စစ်အုပ်စုကို ဆန့်ကျင်တဲ့ NLD ပါတီဝင်တိုင်းဟာ NLD ပါတီဝင်တွေ မဟုတ်ကြောင်း နောက်ဆက်တွဲ ထိုးခွဲခြင်းတွေ ဆက်လာမှာ အသေအချာပါပဲ။ ပြောရရင် စစ်အုပ်စုရဲ့ NLD ပါတီရုံးဖွင့်စေလိုခြင်းရဲ့ အဓိကရည်ရွယ်ချက်က NLD ပါတီကို ဗြန်းဗြန်းကွဲစေလိုခြင်းပါပဲ။

NLD ပါတီရုံးတွေ ဖွင့်စေချင်တဲ့ အကြံအထမမြောက်ပြီးနောက်ပိုင်း စစ်အုပ်စုခန့် UEC က ပါတီတွေ အစစ်ဆေးခံဖို့ ဆိုပြီး အကြောင်းကြားလာပြန်ပါတယ်။ အဲဒီအကြောင်းကြားမှုဟာ စန္ဒာမင်းဆီ အရင်ရောက်လာခြင်းဖြစ်ပါတယ်။ စန္ဒာမင်းက NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်ဆီ သတင်းပို့တော့ NLD လူကြီးတွေ ထောင်ထဲမှာသာမို့ လူမစုံ၊ အစစ်ဆေးခံဖို့ အဆင်သင့် မဖြစ်သေးကြောင်း အကြောင်းပြန်ခိုင်း။ စစ်အုပ်စုလက်အောက်ခံ ပါတီတရပ်အဖြစ် နိုင်ငံတကာကို မြင်တွေ့စေချင်တဲ့ စစ်အုပ်စုရဲ့ အကြံပျက်ရ။

၂၀၂၂ နှစ်ကုန်ပိုင်းရောက်တော့ စန္ဒာမင်းနဲ့ တိုးလွင်ဟာ စစ်အုပ်စုရဲ့ ခွင့်ပြုချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရတယ်။ ဘာ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်ရတာလဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ရင် ဘာတွေ ပြောမှာလဲ။ အဲဒီမေးခွန်း ၂ ခုကို စစ်အုပ်စု ကျေလည်အောင် ဖြေဆိုနိုင်ပြီး စစ်အုပ်စုက သူတို့ အကျိုးရှိမယ်ထင်လို့ တွေ့ခွင့်ပြုတာ နိုင်ငံရေး နည်းနည်းသိသူတိုင်းက လက်နှစ်ဖက် နောက်ပစ်ပြီး ၅ မိနစ်လောက် စဉ်းစားစရာမလိုဘဲ သိပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဆိုတာ နိုင်ငံရေးကိစ္စပြီးနေတဲ့သူ။ နိုင်ငံတကာအသိုင်းအဝိုင်းက ဒီလောက် ဖိအားတွေပေးနေတာတောင် ဘယ်သူကိုမှ တွေ့ခွင့်မပြုခဲ့ပါဘဲ စန္ဒာမင်းနဲ့ တိုးလွင်ကျမှ စစ်အုပ်စုက ဘာ့ကြောင့်တွေ့ခွင့်ပြုသလဲဆိုတဲ့ အဖြေဟာ ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း ၃ ချက် တွက်နည်းထက် ပိုလွယ်နေမှာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချိန်မှာ စန္ဒာမင်းတို့ ဘာတွေ ပြောသလဲ။ အပြင်မှာ သတင်းတွေ ထွက်နေပြီး စန္ဒာမင်းက ငြင်းနေသလို နောက်တစ်ခါ လာမတွေ့နဲ့လို့ ဒေါ်အောင်ဆန်းစုကြည်က စန္ဒာမင်းနဲ့ တိုးလွင်ကို အမှန်တကယ်ပြောလိုက်တာ ဟုတ်၊ မဟုတ် လောလောဆယ် အတည်ပြုဖို့ မဖြစ်နိုင်သလို စန္ဒာမင်း ပြောတဲ့စကားကို ယုံဖို့ကလည်း မဖြစ်နိုင်တော့ ထားတော့။

ဆက်စပ်တွေးစရာ တစ်ခုက ၂၀၂၃ ခုနှစ် မတ် ၂၅ ရက်နေ့၊ စစ်အုပ်စု ခွင့်ပြုချက်နဲ့ ဒုတိယအကြိမ် ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့တော့ စန္ဒာမင်းရော တိုးလွင်ပါ ဘာ့ကြောင့် လိုက်မသွားကြတာလဲ။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာက အပြင်မှာတောင် တွေ့ခွင့်ရဖို့ မလွယ်တဲ့သူ။ အခုလို မတရားဖမ်းဆီးခံထားရတဲ့အချိန် တွေ့ခွင့်ရဖို့ဆိုတာက ရှာမှရှားတဲ့ အခွင့်အရေးမျိုး။ စန္ဒာမင်း မီဒီယာကို ပြောသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆင်ပြေပြေ ချောချောမွေ့မွေ့ပဲ တွေ့ခွင့်ရခဲ့တယ်ဆိုရင် ဘာ့ကြောင့် မတ် ၂၅ ရက်နေ့ တွေ့ဆုံရမယ့် အခွင့်အရေးကို လက်လွှတ်လိုက်သလဲလို့ မေးခွန်းထုတ်ရပါမယ်။

ပြီးတော့ စန္ဒာမင်းရဲ့အဆိုအရ ဒုတိယအကြိမ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပြုဖို့ စစ်အုပ်စုထံ စာတင်၊ စစ်အုပ်စုက မတ်လ ၂၅ ရက်နေ့ သွားတွေ့ပါလို့ ပြောတဲ့အချိန်ကျမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့အစီအစဉ်ရှိပါသလားလို့ သွားမေးကြောင်း သိရပါတယ်။

ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ စစ်အုပ်စုထံ စာတင်တာကို သူ့သဘောနဲ့သူ လုပ်ဆောင်ခြင်းလို့ နားလည်ရပါတယ်။ ဗဟိုကော်မတီဆိုတာ တစ်ခုခုကို ဆုံးဖြတ်နိုင်တဲ့အဆင့် မဟုတ်ဘူးလို့ တွင်တွင်ပြောနေတဲ့ စန္ဒာမင်းက ဘာ့ကြောင့် ဒီလောက်အရေးကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်အတွက် စစ်အုပ်စုထံ စာတင်တာကို ကိုယ့်သဘောနဲ့ကိုယ် လုပ်ဆောင်ရတာလဲလို့ မေးခွန်းထုတ်ရပါမယ်။

ဗဟိုကော်မတီလို့ စန္ဒာမင်း ပြောတဲ့သူ ၂ ဦး ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားတွေ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က စစ်အုပ်စုတီဗီနဲ့ သတင်းစာကြည့်ခွင့်၊ ဖတ်ခွင့်ရနေတာကြောင့် ပါတီမှတ်ပုံတင်ကိစ္စနဲ့ပတ်သက်ပြီး လာတာသိနေမယ့်ပုံ။ လာတွေ့တဲ့သူ ၂ ဦးကို အတွေ့မခံ၊ ဒေါ်အောင်ဆန်းစုကြည်က ထောင်အာဏာပိုင်ကို ပြောလိုက်တယ်။ သူတို့ကို လက်ဖက်ရည်တိုက်ပြီး ပြန်ခိုင်းလိုက်ပါတဲ့။ ဘာ့ကြောင့် အတွေ့မခံလိုက်တာလဲ။ အဖြေက ရှင်းရှင်းလေး။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူရှိရင် ပါတီရှိမယ်လို့ သိပ်မကြာသေးတဲ့ အချိန်ကမှ လမ်းညွှန်ချက်ပေးပြီးသား။ အင်မတန်ရိုးရှင်းလှတဲ့ အဲဒီစကားရဲ့ အဓိပ္ပာယ်ကို အရှင်းဆုံးဖြစ်အောင် ထပ်ရှင်းပြရရင် စစ်အုပ်စုက ပါတီဖျက်သိမ်းမှာကို တွေးပူမနေနဲ့၊ လုပ်စရာရှိတာ ရဲရဲသာလုပ်၊ စစ်အုပ်စုက ပါတီကို ဖျက်သိမ်းလို့မရ၊ ပြည်သူတွေရှိနေသရွေ့ ပါတီရှိနေမယ်လို့ ပြောကြားလိုက်ခြင်းပါပဲ။

NLD ပါတီဆိုတာ စစ်အုပ်စု ဖျက်တိုင်း ပျက်သွားမယ့်ပါတီ မဟုတ်တာ ဘယ်သူငြင်းရဲပါသလဲ။ စစ်အုပ်စုက NLD ပါတီထဲ သပ်လျှိုသွေးခွဲဖို့ ကြံခဲ့ပေမဲ့ မအောင်မြင်ခဲ့တာလည်း အထင်အရှားပါပဲ။ ဒူးထောက်ဂိုဏ်းရဲ့ စန္ဒာမင်းကတော့ NLD ပါတီ ပျက်သွားခဲ့လေခြင်းဆိုပြီး ယူကျုံးမရဖြစ်စွာနဲ့” ခြိမ်းခြောက်မှုတွေ အမျိုးမျိုးကြားထဲကနေပြီးတော့ ကျမတို့ပါတီ ပျက်သွားတာသည် နစက (အကြမ်းဖက်စစ်အုပ်စု) က ဖွင့်ခိုင်း (NLD ပါတီရုံး ဖွင့်ခိုင်းတာကို ဆိုလို)ရဲ့ပါလျက်နဲ့ ကျမတို့ မဖွင့်နိုင်တာက ကျမတို့ကိစ္စပဲ ဖြစ်သွားတယ်”လို့  ဆိုရဲ့။

စန္ဒာမင်းခမျာ စစ်အုပ်စုအပေါ်  လုံးဝအပြစ်မတင် အကောင်းပင် မြင်လျက်။ထွန်းလင်း

4 hours Ago

March 31, 2023

စစ်ကောင်စီက NLD ပါတီ ဆိုင်းဘုတ်များကို လိုက်လံဖြုတ်ချနေ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် ပါတီ ၄၀ ကို စစ်ကောင်စီက ပါတီကနေဖျက်သိမ်းပြီး နှစ်ရက်အကြာမှာ နေပြည်တော်နဲ့ ရန်ကုန်က မြို့နယ်ပါတီဆိုင်းဘုတ်တွေကို စစ်အုပ်စုကလိုက်လံ ဖြုတ်သိမ်းတာတွေ လုပ်လာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရန်ကုန် လှိုင်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ မြို့နယ်ဆိုင်းဘုတ်ကို မတ်လ ၃၁ ရက် ဒီနေ့မနက်မှာ ရပ်ကွက်လူကြီးတချို့နဲ့ စည်ပင်က လာရောက်ဖြုတ်သိမ်းခဲ့တယ်လို့ NLD ပါတီဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“စည်ပင်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးက လာဖြုတ်သွားတာ။ အခုချိန်မှာ ဘာမှပြောလို့မရဘူး၊ သူတို့စိတ်ထင်သလိုလုပ်မှာ။”

အလားတူ နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ပါတီဆိုင်းဘုတ်ကိုလည်း မတ်လ ၃၀ ရက် ညနေပိုင်းက စစ်ကောင်စီတပ်နဲ့ ရဲတွေက လာရောက်ဖြုတ်ချခဲ့တယ်လို့ NLD ပါတီဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့် နေအိမ်က ဆိုင်းဘုတ်ကို ဖြုတ်ချတာ။ ဖြုတ်မချရင် နေအိမ်ချိပ်ပိတ်မယ်လို့ ပြောတယ်။ ဦးကျော်တင့်က ထွက်ပြေးနေရတော့ သူ့ရဲ့အစ်ကိုပဲ အိမ်မှာရှိတယ်။ ဖိအားပေးပြီး ဖြုတ်ချခိုင်းတာ။”

စစ်ကောင်စီတပ်နဲ့ ရဲတွေက NLD ပါတီ မြို့နယ်ရုံး ဖွင့်လှစ်ထားတဲ့ နေအိမ်တွေက ဆိုင်းဘုတ်တွေကို ဖြတ်ချရာမှာ မိမိသဘောဆန္ဒအရ ဖြတ်ချတယ်ဆိုတာကို လက်မှတ်ရေးထိုးခိုင်းတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ တရားဝင် နိုင်ငံရေးပါတီ ၉၃ ပါတီရှိတဲ့အနက် စစ်ကောင်စီလက်အောက် ပြန်ပြီး မှတ်ပုံမတင်တဲ့ NLD အပါအဝင် ပါတီ ၄၀ ကို မတ်လ ၂၈ ရက်က ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။

2 weeks Ago

နိုင်ငံရေးပါတီ ​၄၀ ကို ဖျက်သိမ်းမှု အမေရိကန်၊ ကနေဒါ၊ ယူကေ၊ ဩစတြေးလျနှင့် ဂျပန် ကန့်ကွက်ရှုတ်ချ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီပေါင်း ၄၀ ကို စစ်ကောင်စီဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းလိုက်တဲ့အပေါ် အမေရိကန်၊ ကနေဒါ၊ ယူကေ၊ ဩစတြေးလျနဲ့ ဂျပန် စတဲ့နိုင်ငံတွေက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာပြည်သူတွေဟာ ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမှာ NLD နဲ့ တခြားပါတီတွေကိုသာ တခဲနက် ပြန်လည်ရွေးချယ် ထောက်ခံမဲပေးခဲ့ကြတာဖြစ်ပြီး နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းတဲ့ စစ်အာဏာရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအတွင်းက ပြည်သူအများရဲ့ ဆန္ဒသဘောထားနဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက်ပြီး မထေမဲ့မြင်ပြုကြောင်း ဖော်ပြနေတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအတိုက်အခံပြုတာကို ပိတ်ပင်ထိန်းချုပ်ဖို့နဲ့ အများပြည်သူ လွတ်လပ်စွာ ပြောဆိုလုပ်ကိုင်ခွင့်ရှိတဲ့ ပြည်သူ့အဝန်းအဝိုင်းကို မြေလှန်အမြစ်ဖြတ်ဖို့ အာဏာရှင်အဖွဲ့အစည်းက ဆက်လက်ကြိုးပမ်းနေတာတွေက သူတို့ရဲ့ အာဏာနဲ့ အကျိုးစီးပွားတွေ ပိုမိုတည်တံ့ခိုင်မြဲစေဖို့ ကြံဆောင်တာဖြစ်ပြီး ပြစ်ချက်များစွာ ပြည့်နှက်နေတဲ့ ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့မယ်ဆိုရင်လည်း မြန်မာနိုင်ငံတွင်းက မဲဆန္ဒရှင်တွေရဲ့ဆန္ဒကို ကိုယ်စားပြုလိမ့်မှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့်မို့ အခုလျှောက်လှမ်းနေတဲ့ လမ်းကြောင်းကို နောက်ကြောင်းပြန်လှည့်ဖို့၊ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်နေတာ ရပ်တန့်ဖို့၊ မတရား ဖမ်းဆီးထိန်းသိမ်းထားသူတွေကို လွှတ်ပေးဖို့နဲ့ အပြည်ပြည်ဆိုင်ရာဥပဒေအရ လိုက်နာဆောင်ရွက်ရမယ့် အချက်တွေကို လေးစားလိုက်နာဖို့ စစ်အာဏာရှင်အဖွဲ့အစည်းကို အမေရိကန်က တောင်းဆိုထားပါတယ်။

ကနေဒါနိုင်ငံကလည်း စစ်အုပ်စုရဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ၊ အဖွဲ့အစည်းတွေကို ပျက်ပြားစေဖို့နဲ့ အတိုက်အခံတွေရဲ့ အသံတွေကို နှုတ်ပိတ်ဖို့ ကြိုးပမ်းတာဟာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေကာ ဒီမိုကရေစီ အပြည့်အဝပါဝင်တဲ့ မြန်မာနိုင်ငံဆီ ပြန်လည်ရောက်ရှိရေးကို နှောင့်နှေးစေမှာဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ မြန်မာ့ဒီမိုကရေစီလမ်းကြောင်းကို ငြိမ်းချမ်းစွာပြန်လာဖို့ ကနေဒါနိုင်ငံက ဆက်လက်တောင်းဆိုလိုက်ပြီး အတိုက်အခံပါတီဝင်တွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ ဒါမှမဟုတ် နှုတ်ပိတ်တာတွေ အပါအဝင် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု မရှိတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်က ပဋိပက္ခကို ပိုမိုဆိုးရွားစေမှာ ဖြစ်တယ်လို့လည်း ပြောလိုက်တာပါ။

ယူကေအစိုးရဲ့  နိုင်ငံရပ်ခြား ဓနသဟာယနဲ့ ဖွံ့ဖြိုးရေးရုံးကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီအပါအဝင် ပါတီ ၄၀ ကို အခုလို ဖျက်သိမ်းလိုက်တာဟာ မြန်မာပြည်သူတွေရဲ့ လွတ်လပ်မှုနဲ့ အခွင့်အရေးတွေကို ထပ်ပြီးစော်ကားလိုက်တာပဲလို့ ထုတ်ပြန်ပါတယ်။

ပြည်သူတွေရဲ့ ဒီမိုကရေစီရေးဆန္ဒတွေကို လေးစားတဲ့ အဓိပ္ပာယ်ပြည့်ဝပြီး အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေမရှိဘဲ စစ်အာဏာရှင် ဖန်တီးနေတဲ့ ပဋိပက္ခတွေဟာ အဖြေရှိမှာ မဟုတ်ကြောင်း၊ အတိုက်အခံတွေကို ဖိနှိပ်ပြီး ကြောက်ရွံ့လာအောင် လူမဆန်တဲ့ ရက်စက်တဲ့နည်းတွေ တိုးမြှင့်အသုံးပြုနေတဲ့ စစ်အာဏာရှင်ရဲ့  နိုင်ငံရေးအရ လုပ်ဆောင်ချက်တွေကို ရှုတ်ချတယ်လို့လည်း ပြောပါတယ်။

အကြမ်းဖက်မှုတွေအားလုံး အဆုံးသတ်ဖို့နဲ့ အဓိပ္ပာယ်ပြည့်ဝ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုအတွက် အခင်းအကျင်းဖန်တီးဖို့ မိတ်ဘက်တွေနဲ့ပေါင်းပြီး စစ်အာဏာရှင်ကို ဆက်လက်ဖိအားပေးသွားမယ်၊ မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံဖြစ်ရေး သူတို့ရဲ့ ရည်မှန်းချက် ဆန္ဒတွေကို ပံ့ပိုးကူညီသွားမယ်လို့လည်း ယူကေအစိုးရက ဆိုပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နိုင်ငံရေးဖြစ်စဉ်မှာ NLD ပါတီကို ချန်လှပ်ထားတာဟာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ပိုမိုခက်ခဲစေမှာဖြစ်လို့ အလွန်အမင်း စိုးရိမ်တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်တွေကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံရဲ့အရေးကိစ္စတွေကို သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ့်နည်းလမ်း ပြသဖို့ မြန်မာစစ်အာဏာရှင်ကို ဂျပန်အစိုးရက ပြင်းပြင်းထန်ထန် တောင်းဆိုပါတယ်။

ဩစတြေးလျအစိုးရကတော့ နိုင်ငံရေးပါတီများမှတ်ပုံတင် ဥပဒေသစ်ကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံရေးလုပ်ဖို့ အခင်းအကျင်း နောက်ထပ်ပိုမိုကျဉ်းမြောင်းလာတဲ့အပေါ် စိုးရိမ်တယ်လို့ ပြောပါတယ်။

စစ်အာဏာရှင်ရဲ့ အကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်မှုတွေ ပိုမိုတိုးမြှင့်ရင်ဆိုင်နေတဲ့ကြားက ပြည်သူတွေဟာ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ သူတို့ရဲ့ သတ္တိနဲ့ သန္နိဋ္ဌာန်ကို ဆက်လက်ပြသနေကြတယ်လို့လည်း ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီ ခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချပြီး တရားမဝင် အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကို ဇန်နဝါရီ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့ပြီး ဒီဥပဒေအရ နိုင်ငံရေးပါတီတွေ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားဖို့ သတ်မှတ်ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။

သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိတဲ့ ပါတီ ၄၀ ဟာ အလိုလျောက် ပျက်ပြယ်ပြီးဖြစ်လို့ ဒီပါတီတွေကို မတ်လ ၂၉ ရက်ကစတင်ပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကနေ ပယ်ဖျက်ကာ ပါတီတွေကိုလည်း ဖျက်သိမ်းလိုက်တယ်လို့ စစ်ကောင်စီကော်မရှင်က ကြေညာခဲ့ပါတယ်။

ဖျက်သိမ်းခံရတဲ့ ပါတီ ၄၀ ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်အမျိုးသားပါတီ၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စတဲ့ပါတီတွေ ပါဝင်တာ ဖြစ်ပါတယ်။

တရားဝင်ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီတွေကို တရားမဝင် အာဏာသိမ်းစစ်ကောင်စီရဲ့ လက်ဝေခံ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဖျက်သိမ်းခွင့် လုံးဝမရှိကြောင်းနဲ့ ပြည်သူရှိနေသရွေ့ ပါတီရှိနေမယ်လို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တုံ့ပြန်ကြေညာထားပါတယ်။

2 weeks Ago
Up