မတ်လကုန်မှာတက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာတွေကို ဒေသအလိုက် ဖွင့်လှစ်ထားတဲ့ တက္ကသိုလ်တွေမှာ စစ်ဆေးမှာဖြစ်တဲ့အပြင်၊ စနစ်သစ် သင်ရိုး မွမ်းမံသင်တန်းတွေ တက်ရောက်ရမှာဖြစ်လို့ စစ်ကောင်စီလက်အောက်ခံ Non-CDM အထက်တန်းပြ ဆရာ ဆရာမတွေအနေနဲ့ နွေရာသီအားလပ်ရပ် နည်းနေတယ်လို့ ပညာရေး အသိုင်းအဝိုင်းကသိရပါတယ်။
လက်ရှိမှာ ၂၀၂၃ ခုနှစ် မတ်လ မှာဖြေဆိုထားတဲ့ စနစ်ဟောင်း၊ သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုထားတဲ့ အဖြေလွှာတွေကို အခုလ ၃၁ ရက်နေ့မှာ စတင်စစ်ဆေးတော့မှာဖြစ်လို့ သက်ဆိုင်ရာမြို့နယ်တွေက အထက်တန်းပြတွေအနေနဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာရှိတဲ့ တက္ကသိုလ်တွေကို အခုလ ၂၉ ရက်မှာ အရောက်လာဖို့ စစ်ကောင်စီပညာရေးဌာနက ညွှန်ကြားထားပါတယ်။
လှိုင်သာယာမြို့နယ်က အထက်တန်းပြ ဆရာမတဦးက “အခုလည်း သင်ရိုးသစ်အတွက် သင်တန်းတွေတက်နေရတယ်။ လကုန်ကျရင် အဖြေလွှာတွေသွားစစ်ရမှာ။ သင်္ကြန်ပြီးရင် မွန်းမံသင်တန်းဆိုတာ တက်ရဦးမှာ။ မေလ တလ လုံးကလည်း ကျောင်းဖွင့်ဖို့အတွက် ခိုင်းဖို့ရှိသေးတယ်လို့ကြားထားတယ်။ နားရမှာ သင်္ကြန်ကာလပဲရှိတယ်”လို့ ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ ပညာရေးဌာနဟာ လာမယ့်ပညာသင်နှစ်မှာ ကျောင်းတက်နှုန်းတွေ တိုးတက်လာနိုင်တယ်ဆိုပြီး ကျောင်းအပ်ချိန်ကို ခါတိုင်းပြုလုပ်နေကျအချိန်ဖြစ်တဲ့ မေလ ၂၅ ရက်နေ့အစား မေလ ၂၃ ရက်နေ့က စတင်ပြီး ကျောင်းအပ်လက်ခံမှာဖြစ်တဲ့အတွက် အခုနှစ်မှာ သင်ရိုးသစ်သင်တန်း၊ ကျောင်းအပ်ကိစ္စတွေကြောင့် အထက်တန်းပြဆရာဆရာမတွေ နားရက် အလွန်နည်းပါးသွားတာပါ။
အခုနှစ်မှာ စနစ်ဟောင်း၊ သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူ တသိန်းခွဲကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး ပျက်ကွက်သူ ၁၈၀၀၀၀ နီးပါးရှိကာ ကျောင်းသား အများစုကတော့ စစ်ကျွန်ပညာရေးကို ဆန့်ကျင်တဲ့ အနေနဲ့ ကျောင်းမတက်ဘဲ သပိတ်မှောက် နေကြပါတယ်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်က ကျေးရွာတချို့မှာ ပြီးခဲ့အပတ်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေနဲ့ Non-CDM ဝန်ထမ်းတွေက ပညာရေးCDMဝန်ထမ်းတွေကို အလုပ်ပြန်ဝင်ဖို့ အိမ်တိုင်ရာရောက် လိုက်လံ စည်းရုံးနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
စည်းရုံးခံခဲ့ရတဲ့ CDM ဝန်ထမ်းတဦးက “သူတို့ကတော့ ဆရာ ၊ ဆရာမ မလုံလောက်လို့ ကူညီပေးဖို့ မေတ္တာရပ်ခံတယ်လို့ပြောပါတယ်။ ဒါပေမဲ့ ကိုယ့်ဘက်က သဘောထားကို သူတို့သိလို့ သူတို့ပဲအလုပ်ထုတ်ခဲ့ပြီး အခုမှပြန်ဝင်ဖို့ လာစည်းရုံးနေတာကိုတော့ လုံးဝအယုံကြည်မရှိဘူး“လို့ ပြောပါတယ်။
အခုလို အိမ်တိုင်ရာရောက် စည်းရုံးမှုတွေကို မြို့ပေါ်ရပ်ကွက်တွေထက် နယ်ဘက်က ရွာတွေမှာ သိသိသာသာလုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ရေဖြူမြို့နယ်မှာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုCDM မှာ ပါဝင်လို့ စစ်ကောင်စီကနေ တာဝန်ရပ်ဆိုင်းပြီး အလုပ်ထုတ်ခဲ့တဲ့ ပညာရေးဝန်ထမ်း ၇၀၀ ကျော်ရှိတယ်လို့ မှတ်တမ်းတွေအရသိရပါတယ်။
အခုပညာသင်နှစ်မှာ ရေဖြူမြို့နယ်အတွင်းမှာရှိတဲ့ စာသင်ကျောင်း ၁၅၉ အနက် ၉၉ ကျောင်းကိုသာ ဖွင့်လှစ်နိုင်ပြီး ကျန်တဲ့ကျောင်းတချို့မှာ ကျောင်းအပ်လက်ခံထားပေမဲ့ မဖွင့်လှစ်နိုင်သေးဘူးလို့ စစ်ကောင်စီလက်အောက်ခံပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
တဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က အသိအမှတ်ပြုထားပြီး CDM ပညာရေးဝန်ထမ်းတွေ ဦးဆောင်တဲ့ ရေဖြူမြို့နယ် ပညာရေးဘုတ်အဖွဲ့က နေအိမ်အခြေပြုပညာရေးကို ပြီးခဲ့တဲ့နှစ်ကတည်းကနေ စပြီး အကောင်ထည်ဖော် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။