စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ Non CDM ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ထားမှုအပေါ် အလင်းဝင်လာသူ များစွာရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပြောပါတယ်။
NUG အစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွေက မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပြီး အစည်းအဝေးကိုတော့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နဲ့ ဒုတိယပြည်ထောင်စုဝန်ကြီးတို့ ဦးဆောင်ကာ တွဲဖက်အတွင်းဝန်နဲ့ ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနဲ့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ထောက်တိုက်တွေအဖြစ် လုပ်ကိုင်ပေးနေကြတဲ့ Non CDM တွေနဲ့ ပတ်သက်ပြီးတော့ သူတို့ကို CDM လုပ်ဖို့အတွက် နှိုးဆော်မှုတွေ လုပ်ထားပြီး မလိုက်နာဘူးဆိုရင် အကြမ်းဖက်ဥပဒေနဲ့ တရားစွဲပြီး ဖမ်းဝရမ်းထုတ်မယ်လို့ NUG အစိုးရ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ပြောထားပါတယ်။
မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ကလေး၊ တမူး၊ ဝက်လက်မြို့နယ်တွေမှာ အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့ရဲတပ်ဖွဲ့တွေ ဖွဲ့စည်းထားပြီး အဲဒီလိုဖွဲ့စည်းထားတာက CDM မလုပ်ဘဲ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ဝန်ထမ်းတွေကို အရေးယူနိုင်ဖို့အတွက် ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးက အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တရားစီရင်ရေးအတွက် မြို့နယ် ၁၀ ခုလောက်မှာ တရားသူကြီးအဖွဲ့တွေ ဖွဲ့စည်းထားပြီးတော့ ဒုစရိုက်မှုတွေကို စုံစမ်းစစ်ဆေးပြီး တရားစီရင်မှုတွေ စတင်နေပြီလို့လည်း ပြောပါတယ်။
အုပ်ချုပ်ရေးလုပ်ငန်းတွေဟာ အင်မတန်မှ ကြီးလေးတဲ့တာဝန် ဖြစ်တာကြောင့် မြို့နယ်တွေအနေနဲ့ စနစ်တကျ ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်းနဲ့ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ အနေနဲ့ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍတွေကိုလည်း လစ်ဟင်းမှုမရှိစေဖို့ ဝိုင်းဝန်းကြပ်မတ် ဆောင်ရွက်ကြရမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေ အပါအဝင် ပြည်သူ့ဘက်တော်သား ဝန်ထမ်းတွေဟာ သူတို့ရဲ့ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပြီး စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက်ကတော့ သောင်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။
တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်း နှိုးဆော်ထားပါတယ်။
ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်း ကြိုဆိုနေကြပါတယ်။
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဧပြီ ၁၃ ရက် မနက်ပိုင်းက စစ်ကောင်စီက ဖိအားပေးပြုလုပ်တဲ့ ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို စစ်ကောင်စီခန့်ဝန်ကြီးတွေနဲ့ NON-CDM ဝန်ထမ်းတွေပဲ တက်ရောက်ခဲ့ပြီး မြို့ပေါ်လမ်းတွေမှာတော့ ရေကစားသူတောင် မရှိဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။
ဗဟိုမဏ္ဍပ်ကို အရင်နှစ်တွေက ကမ်းနားလမ်းမှာ ပြုလုပ်ခဲ့ပေမဲ့ အခုနှစ်မှာတော့ လုံခြုံရေး အခြေအနေအရ ပြည်နယ်နေ့အခမ်းအနားပြုလုပ်ရာ သီရိလမ်း၊ သီရိကွင်း(အစိုးရရုံးအနီး)မှာ ပြုလုပ်ခဲ့တာပါ။
အစိုးရရုံးအဖွဲ့ဝန်ထမ်းတစ်ဦးက “ဒီနှစ်သင်္ကြန်က အဖြစ်ပဲလုပ်တာပါ။ အပေါ်က ဖိအားတွေက များတယ်။ လုံခြုံရေးအခြေအနေကြောင့် သီရိကွင်းမှာ လာလုပ်တာလည်း ဖြစ်မယ်။ ဖွင့်ပွဲတောင် ဝန်ထမ်းတွေနဲ့ ဖွင့်ရတာ။ ဒီအချိန် ဘယ်ပြည်သူမှတက်မှာလည်း မဟုတ်ဘူး။ အကြံအဖန်နဲ့ လုပ်ယူရတဲ့ ပျော်ရွှင်မှုက ဘယ်လို ပျော်ရွှင်မှာလဲ”လို့ ဆိုပါတယ်။
နိုင်ငံအနှံမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့အတူ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေရဲ့ ခံစားနေရတဲ့ ဒုက္ခတွေကို စာနာတဲ့အနေနဲ့ ပြည်နယ်သူပြည်နယ်သားတွေဟာ တော်လှန်သင်္ကြန်သပိတ်မှာ ပူးပေါင်းပါဝင်တဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်းနဲ့ ပြည်သူတွေဆီကို ပျော်ရွှင်မှုတွေ မကြာခင် အရောက်ယူဆောင်လာနိုင်တော့မယ်ဆိုတာ ထပ်လောင်းပြောကြားချင်တယ်လို့ ကရင်ပြည်နယ်သား တော်လှန်းရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
ဘားအံမြို့ပေါ် ရပ်ကွက်တချို့မှာ ရပ်ကွက်မဏ္ဍပ်တွေမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်အတွင်းက လူငယ်တွေကိုဖိအားပေးပြီး ရေကစားခိုင်းတာတွေရှိတယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီက ပြုလုပ်တဲ့ သင်္ကြန်ပွဲတော်အတွင်း ရေကစားထွက်တာတွေ မပြုလုပ်ဖို့နဲ့ နေအိမ်တွင်းနေထိုင်ပြီး တော်လှန်သင်္ကြန်မှာ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းထားသလို စစ်အုပ်စုနား ပြည်သူတွေ မသွားရောက်ဖို့ တော်လှန်ရေးအင်အားစုတွေက ကြိုတင်အသိပေးထားပါတယ်။