မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ အရာတော်နဲ့ ဗန်းမောက်မြို့နယ်တို့မှာ စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်း ၂၇ ယောက်ဟာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ဆီကို အလင်းဝင်လာခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
လတ်တလော အလင်းဝင်ရောက်လာကြတဲ့ အဲ့ဒီ Non CDM ဝန်ထမ်းတွေဟာ ပညာရေး၊ ကျန်းမာရေးနဲ့ စိုက်ပျိုးရေးဌာနတွေမှာ တာဝန်ထမ်းဆောင်နေကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
NUG အစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းတွေကို အလင်းဝင်လာကြဖို့ ဖိတ်ခေါ်ထားရာမှာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်ကနေ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်အထိ အလင်းဝင်ရောက်လာကြသူ အရေအတွက်ဖြစ်တယ်လို့ အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
စစ်ကိုင်းတိုင်းမှာ Non CDM ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ထားမှုအပေါ် အလင်းဝင်လာသူ များစွာရှိခဲ့တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေး ဝန်ကြီး ဦးလွင်ကိုလတ်က ပြောထားပါတယ်။
NUG အစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွေက မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေးမှာ ဝန်ကြီးက ပြောလိုက်တာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေအဖြစ် လုပ်ကိုင်ပေးနေကြတဲ့ Non CDM တွေနဲ့ CDM လုပ်ဖို့အတွက် နှိုးဆော်ထားပြီး မလိုက်နာဘူးဆိုရင် အကြမ်းဖက်ဥပဒေနဲ့ တရားစွဲပြီး ဖမ်းဝရမ်းထုတ်မယ်လို့လည်း ဦးလွင်ကိုလတ်က ပြောထားပါတယ်။
မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း ကလေး၊ တမူး၊ ဝက်လက်မြို့နယ်တွေမှာ အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့ရဲတပ်ဖွဲ့တွေ ဖွဲ့စည်းထားပြီး အဲဒီလိုဖွဲ့စည်းထားတာက CDM မလုပ်ဘဲ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ဝန်ထမ်းတွေကို အရေးယူနိုင်ဖို့အတွက် ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးက အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တရားစီရင်ရေးအတွက် မြို့နယ် ၁၀ ခုလောက်မှာ တရားသူကြီးအဖွဲ့တွေ ဖွဲ့စည်းထားပြီးတော့ ဒုစရိုက်မှုတွေကို စုံစမ်းစစ်ဆေးပြီး တရားစီရင်မှုတွေ စတင်နေပြီလို့ဆိုပါတယ်။
အုပ်ချုပ်ရေးလုပ်ငန်းတွေဟာ အင်မတန်မှ ကြီးလေးတဲ့တာဝန် ဖြစ်တာကြောင့် မြို့နယ်တွေအနေနဲ့ စနစ်တကျ ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်းနဲ့ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ အနေနဲ့ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍတွေကိုလည်း လစ်ဟင်းမှုမရှိစေဖို့ ဝိုင်းဝန်းကြပ်မတ် ဆောင်ရွက်ကြရမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေ အပါအဝင် ပြည်သူ့ဘက်တော်သား ဝန်ထမ်းတွေဟာ သူတို့ရဲ့ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ အရေအတွက်ကတော့ သောင်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။
တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်း နှိုးဆော်ထားပါတယ်။
ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်း ကြိုဆိုနေကြပါတယ်။
စစ်ကောင်စီက သူ့အာဏာတည်မြဲရေးနဲ့ အုပ်ချုပ်မှုယန္တရား လည်ပတ်နိုင်ဖို့အတွက် ရှိရင်းစွဲ ဝန်ထမ်းတွေကို အိမ်ငှားစရိတ် ခေါင်းစဉ်နဲ့ မဖြစ်စလောက် ပေးကမ်းပြီး စည်းရုံးလာတယ်လို့ အာဏာဖီဆန် CDM လှုပ်ရှားမှုဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေက ပြောပါတယ်။
တိုင်းပြည်အာဏာအား အဓမ္မသိမ်းယူထားတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဇူလှိုင်လ ၂၅ ရက် နေ့စွဲနဲ့ နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)တွေကို အိမ်ငှားစရိတ် အနေနဲ့ လစဉ်ထောက်ပံ့ပေး သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒီသတင်းထုတ်ပြန်ချက်မှာ ဖော်ပြချက်အရ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းတွေနဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းတွေရှိ နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)တွေ အတွက် အိမ်ငှားစရိတ် ခံစားခွင့်ကို သတ်မှတ်နှုန်း ထားများအတိုင်း ၂၀၂၂ ခုနှစ် သြဂုတ်လမှစတင် ခံစားခွင့်ပြုလိုက်တယ်လို့ ဆိုပါတယ်။
ခံစားခွင့်နဲ့ပတ်သတ်ပြီး စစ်ကောင်စီက သတ်မှတ်ထားတဲ့အချက်တွေက လင်မယား ၂ ဦးအနက် ၁ ဦးမှာ နိုင်ငံဝန်ထမ်း (အမြဲတမ်း)ဖြစ်ပြီး အခမဲ့ ဝန်ထမ်းအိမ်ရာ မရလျှင် သူ့ရဲ့ မူရင်းလစာရဲ့ ၈ ရာခိုင်နှုန်း၊ တကယ်လို့ ဌာန တခုတည်းမှာ တာဝန် ကျပြီး အတူတူ နေထိုင်နေပေမဲ့ ဘယ်သူကမှ အခမဲ့ ဝန်ထမ်းအိမ်ရာကို မရလျှင် သို့မဟုတ် ဌာန မတူသော်လည်း အတူတူနေထိုင်ပြီး ဘယ်သူမှ အခမဲ့ ဝန်ထမ်းအိမ်ရာကို မရလျှင် ၁ ဦးအတွက်သာ မူရင်းလစာရဲ့ ၈ ရာခိုင်နှုန်း ခံစားခွင့် ရမယ်လို့ ဖော်ပြထားပါတယ်။
ဒီ့အပြင် မလွှဲမရှောင်သာသော တာဝန်ဝတ္တရားတွေ ကြောင့် တဦးနဲ့ တဦး ခွဲနေရတဲ့အခါ တဦး တည်းကသာ အခမဲ့ ဝန်ထမ်း အိမ်ရာ ရရှိပြီး မရရှိတဲ့ ကျန် တဦးအတွက်က သူက မူရင်းလစာရဲ့ ၈ ရာခိုင်နှုန်း ၊ မုဆိုးမ ၊ မုဆိုးဖို သို့မဟုတ် လင်မယား ကွာရှင်းပြီးသူ နိုင်ငံ့ဝန်ထမ်း တဦးဟာ တရားဥပဒေအရ ကလေးတွေကို အုပ်ထိန်းခွင့် ရှိသူဖြစ်လျက် ကလေးတွေကို ငွေကြေးထောက်ပံ့ နေသူဖြစ်ပြီး အခမဲ့ ဝန်ထမ်းအိမ်ရာကို မရပါက သူ့ရဲ့ မူရင်းလစာရဲ့ ၈ ရာခိုင်နှုန်း ခံစားခွင့် ရမယ်လို့ ဆိုပါ တယ်။
လူပျို၊ အပျို အပါအဝင် မုဆိုးမ၊ မုဆိုးဖို သို့မဟုတ် လင်မယား ကွာရှင်းပြီး ကလေး မရှိတဲ့ နိုင်ငံဝန်ထမ်း(အမြဲတမ်း)တွေ အနေနဲ့ အခမဲ့ ဝန်ထမ်းအိမ်ရာ မရရှိပါက သူတို့ရဲ့ မူရင်းလစာရဲ့ ၄ ရာခိုင်နှုန်းအား အပိုခံစားခွင့် ရမယ်လို့ စစ်ကောင်စီက မက်လုံး ပေးထားပါတယ်။
စစ်ကောင်စီရဲ့ အခုလို မက်လုံးပေး ဆွဲဆောင်မှုက လက်ရှိ ကျပ်တည်းနေတဲ့ အခြေခံကုန်ဈေးနှုန်း ကြီးမြှင့်မှုနဲ့အတူ နေထိုင် စရိတ်အတွက် တစုံတရာ ပြောပလောက်အောင် ပြောင်းလဲမှု မရှိနိုင်ဘူးလို့ CDM လှုပ်ရှားမှုထဲမှာ ပါဝင်တဲ့ ဝန်ထမ်းတွေက ဆိုပါတယ်။
CDM လှုပ်ရှားမှုပါဝင်တဲ့ ဝန်ထမ်းတချို့က “သူတို့မက်လုံးပေးထားတဲ့ဟာက မူရင်းလစာရဲ့ ၈ ရာခိုင်နှုန်းနဲ့ ၄ ရာခိုင်နှုန်းပေါ့နော်။ ဒီတော့ အောက်ခြေဝန်ထမ်း တွေရဲ့လစာကို စပြောပြမယ်။ အငယ်တန်းစာရေး တဦးရဲ့လစာက ၁ သိန်းခွဲ ကနေ ၁ သိန်း ၇ သောင်း ရှိတယ်။ အကြီးတန်း စာရေး တဦးရဲ့ လစာက ၁ သိန်း ၈ သောင်း ကနေ ၂ သိန်း ဝန်းကျင် ရှိတယ်။ အဲ့တော့ အကြီးတန်းစာရေးလစာ ၂ သိန်း ပဲထားဦး။ သူ့မူရင်းလစာရဲ့ ၈ ရာခိုင်နှုန်းဆိုရင် ထောက်ပံ့ငွေ ၁၆၀၀၀ ကျပ်ရမယ်။ တကယ်လို့ ၄ ရာခိုင်နှုန်းဆိုရင် ထောက်ပံ့ငွေ ၈၀၀၀ ကျပ် ရမယ်။ အငယ်တန်းစာရေးလစာ ၁ သိန်း ၇ သောင်းနဲ့တွက်ရင် ၈ ရာခိုင်နှုန်းအတွက်က ထောက်ပံ့ငွေ ၁၃၆၀၀ ကျပ် ရမယ်။ ၄ ရာ ခိုင်နှုန်းဆိုရင် ၆၈၀၀ ကျပ်ပဲ ရမယ်။ ဆိုတော့ ဒီနှုန်းထားနဲ့ လက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်းနဲ့ယှဉ်ရင် ဘာမျှ ပြောပလောက်တဲ့ဟာ မရှိဘူးနော်။ ဒါပေမဲ့ တခုရှိတာက အခမဲ့ဝန်ထမ်းအိမ်ရာ ရတဲ့သူတွေအတွက်ပဲ နေရေးထိုင်ရေးက အဆင်ပြေတာလေ။ ဒါကြောင့် ဝန်ထမ်းအိမ်ရာမှာ နေနေရတဲ့သူတွေက CDM ထဲမှာ ပါတဲ့သူက နည်းတယ်။ ဒါကလည်း သူတို့ကို အပြစ်ပြောလို့တော့ မရပါဘူး။ သူတို့လည်း သူတို့ မိသားစု အခက်အခဲ ရှိ မှာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိမှာဆိုရင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအလိုက် အကြမ်းဖက် စစ်ကောင်စီရဲ့ လက်ပါးစေ အကျင့်ပျက်ဝန်ထမ်းတွေကို နာမည်၊ ရာထူးနဲ့တကွ ထုတ်ပြန်ကာ အမည်ပျက်စာရင်းသွင်းတာ၊ ထုတ်ပယ်တာတွေ လုပ်ဆောင်နေသလို တခြားတဖက်မှာလည်း CDM ဝန်ထမ်းတွေရဲ့ စားဝတ်နေမှုအတွက် ထောက်ပံ့ကူညီရေးတွေ လုပ်ဆောင်ပေးနေတာရှိပါတယ်။