close

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်

close

September 22, 2022

PDF၊ ပကဖ၊ LDF ညီညွတ်ရေး လက်တွဲပူးပေါင်းလုပ်ဆောင်ရန် NUG ဝန်ကြီးတိုက်တွန်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေအနေနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်၊ အလုပ်အကိုင်၊ ခရီးသွားလာ ကုန်သွယ်ရေးလုပ်ငန်းတွေ ထိခိုက်မှု မရှိစေအောင် သတိထားဆောင်ရွက်ကြဖို့နဲ့ PDF၊ ပကဖ၊ LDF ညီညွတ်ရေးအတွက် အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ  ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က  တိုက်တွန်းပြောကြားလိုက်ပါတယ်။ 

စက်တင်ဘာ  ၂၁ ရက်က  ရေဒီယို NUG အသံလွှင့် အစီအစဥ်အဖြစ်  PDF ရဲဘော်တွေထံ တိုက်တွန်းပြောကြားလိုက်တာလို့   NUG ကာကွယ်ရေးဝန်ကြီးရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဟာ တရားဝင်ပြည်သူ့အစိုးရနဲ့ တရားဝင် ပြည်သူ့တပ်မတော် ဖြစ်တဲ့အားလျော်စွာ တစ်ဘက်က စစ်ကောင်စီယန္တရားကို ရှင်းလင်းဖယ်ရှားရင်း တစ်ဘက်ကလည်း နယ်မြေစိုးမိုးနိုင်လာတာနဲ့အမျှ ပြည်သူ့အုပ်ချုပ်ရေး ယန္တရားတည်ဆောက်ရတာ၊ ပြည်သူ့လုံခြုံရေး အစီအမံတွေ ချမှတ် အကောင်အထည်ဖော်ရတာမှာ ပြည်သူကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေတဲ့ အခွန်စနစ် ကျင့်သုံး ဖော်ဆောင်ရတာတွေရှိလာမှာဖြစ်ပေမဲ့ ဒီဆောင်ရွက်ချက်အားလုံးဟာပြည်သူကို မျက်နှာမူတဲ့ ဆောင်ရွက်ချက်တွေဖြစ်ရမှာဖြစ်ပြီး အုပ်ချုပ်ရေးထူထောင်မှုဟာ ပြည်သူကို အပေါ်စီးကတက်ပြီး အုပ်ချုပ်တာမျိုးမဟုတ်ဘဲ  ပြည်သူကိုယ်တိုင် ထောက်ခံ ပါဝင်တဲ့  ပြည်သူ့အုပ်ချုပ်ရေး ဖြစ်ရမယ်လို့ ဝန်ကြီးကပြောပါတယ်။ 

စစ်ရေးဆောင်ရွက်ချက်တွေဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်၊ နောက်ပြီး အကြမ်းဖက်စစ်ကောင်စီနဲ့မပတ်သက်တဲ့ လူပုဂ္ဂိုလ်တွေရဲ့ လုပ်ငန်းတွေကို  ထိခိုက်မှု မရှိစေရေး သတိထားဆောင်ရွက်ကြရမယ်၊ လုံခြုံရေးအစီအမံတွေဟာလည်း ပြည်သူလူထုရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်၊ သွားလာရေးနဲ့ ကုန်သွယ်ရောင်းဝယ်ရေး ကိစ္စတွေအတွက် အနှောက်အယှက်မဖြစ်အောင် ဆင်ခြင် ဆောင်ရွက်ကြရမယ်။ ရပ်ရွာလုံခြုံရေးအကြောင်းပြချက်နဲ့ ပြည်သူလူထုရဲ့ နေ့စဥ်ဘဝနဲ့လုပ်ငန်းဆောင်တာတွေ အနှောက်အယှက်ဖြစ်တဲ့အထိ ကားလမ်း၊ ရေလမ်းတွေ တားဆီးစစ်ဆေးတာ၊ အခွန်ကောက်တာ၊ စီးပွားရေးလုပ်ငန်းတွေကို အတင်းအကျပ် စစ်ဆေးတာ၊ ဆက်ကြေးတောင်းတာတွေကို အထူး ရှောင်ကြဥ်ကြဖို့လည်း ဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပြောပါတယ်။

မကြာသေးခင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေစိုးမိုးထားတဲ့ နယ်မြေတချို့မှာ ခရီးသွားပြည်သူတွေကို အတင်းအကျပ်စစ်ဆေးတာ၊ ဆက်ကြေးတောင်းတာ၊ ကျေးရွာအုပ်ချုပ်ရေးလုပ်ငန်းတွေလုပ်ဆောင်ရာမှာ  ဒေသခံရွာသားတွေကို ခြိမ်းခြောက်တာ၊ ရိုက်နှက်တာတွေ ရှိနေတယ်လို့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ပကဖ ခေါ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ လူထုစည်းရုံးရေးနဲ့ တော်လှန်ရေးအင်အားစုများ စုစည်းညီညွတ်ရေးလုပ်ဆောင်ကြဖို့၊ တစ်ဖက်မှာ လူငယ်တွေ ပြည်သူတွေ ကိုယ့်အစီအစဥ်နဲ့ကိုယ် ၊ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ်  အမည်အမျိုးမျိုးခံယူပြီး ပေါ်ပေါက်လာတဲ့ ဒေသဆိုင်ရာ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ LDF တွေဟာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပဲ ဖြစ်တယ်ဆိုတာ အသိအမှတ်ပြုဖို့၊ PDF၊ ပကဖ၊ LDF ညီညွတ်ရေး အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်ဖို့နဲ့ ပကဖတာဝန်ရှိသူတွေ LDF ခေါင်းဆောင်တွေနဲ့ မြေပြင်မှာ တွေ့ဆုံညှိနှိုင်းကြဖို့ ဝန်ကြီးကတိုက်တွန်းပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း LDF တွေနဲ့ ချိတ်ဆက်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူတွေပါတဲ့ အထူးအလုပ်အဖွဲ့တစ်ခု ဖွဲ့စည်း လုပ်ဆောင်နေပြီး LDF ခေါင်းဆောင်တွေအနေနဲ့ ဒီအလုပ်အဖွဲ့ကိုဖြစ်ဖြစ်၊ ဝန်ကြီး၊ ဒုဝန်ကြီး၊ အတွင်းဝန်တို့ကို တိုက်ရိုက်ပဲဖြစ်ဖြစ် ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့လည်း  NUG ကာကွယ်ရေးဝန်ကြီးက အသိပေးပြောကြားလိုက်ပါတယ်။

7 mins Ago

August 8, 2022

ဦးမင်းကိုနိုင်၊ NUG ဝန်ကြီး ဦးရည်မွန်တို့ပါဝင်သည့် ရှစ်လေးလုံးစကားဝိုင်း ထုတ်လွှင့်မည်

ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်တို့ ပါဝင်ကြမယ့် ရှစ်လေးလုံး လူထုအရေးတော်ပုံ အောက်မေ့ဖွယ်အခမ်းအနားနဲ့ စကားဝိုင်းကို အခုည ၈ နာရီမှာ ထုတ်လွှင့်သွားဖို့ ရှိနေပါတယ်။

မြန်မာ့သမိုင်းမှာ မေ့ဖျောက်ထားလို့မရတဲ့ ရှစ်လေးလုံးအရေးအခင်းဟာ အခုနှစ်မှာတော့ ၃၄ နှစ်မြောက် ရောက်ရှိလာခဲ့ပြီဖြစ်ကာ ဒီစကားဝိုင်းမှာတော့ ဦးမင်းကိုနိုင်၊ ဦးရည်မွန်တို့နဲ့အတူ ပဒို စောကလယ်စေး၊ ရဲဘော်သံခဲ၊ ဒေါ်အိသဉ္ဇာမောင်တို့က ဆွေးနွေးသွားကြမှာဖြစ်ကာ Moderator အနေနဲ့ NUG အစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နော်စူစန်နာလှလှစိုးက ပါဝင် ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

ဒီအခမ်းအနားနဲ့ စကားဝိုင်းကိုတော့ NUG, PVTV နဲ့ Radio NUG တို့ရဲ့ အင်တာနက်ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတွေကတဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီအရေး ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြတဲ့ ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပေါင်း ၃၀ ကျော်အကြာမှာ တကျော့ပြန် အာဏာသိမ်းမှုတွေနဲ့ ရင်ဆိုင်နေကြရတဲ့ မြန်မာ့အရေးအပေါ် ဘာတွေဆွေးနွေးကြမလဲဆိုတာကိုတော့ ဒီစကားဝိုင်းမှာ စောင့်မျှော်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားခဲ့တဲ့ကာလဟာ ၁ နှစ်ခွဲကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွား ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာဖြစ်ပြီး နိုင်ငံတဝန်း ပြည်သူ့ခုခံတော်လှန်စစ်ကို ဆင်နွှဲနေကြရတာ ဖြစ်ပါတယ်။

1 month Ago
Up