close

NUG စာသင်ကျောင်း

close

October 30, 2022

ပုလဲကျားသစ်နက် တပ်မတော်က NUG စာသင်ကျောင်းများကို ထောက်ပံ့ငွေ ပေးအပ်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဒေသခံပြည်သူ့ကာကွယ်ကျားသစ်နက်တပ်မတော်က NUG လက်‌အောက်ခံစာသင်ကျောင်း ၉ ကျောင်းကို ငွေကျပ် ၃၇ သိန်း ဒီနေ့ ထောက်ပံ့ပေးခဲ့တယ်လို့ စာသင်ကျောင်းတာဝန်ခံဆရာတွေ ပြောပါတယ်။

ထောက်ပံ့ကျေးငွေကို ကျောင်း ၅ ကျောင်းအတွက် ၅ သိန်းနှုန်းနဲ့ ‌ကျောင်း ၄ ကျောင်းအတွက် ၃ သိန်းနှုန်း ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

“လိုအပ်ချက်တွေကတော့ အများကြီးရှိတာကို။ အခုလို ပညာရေးလှူဒါန်းပေးတဲ့ ကျားသစ်နက်အဖွဲ့ကို ကျေးဇူးအများတင်ပါတယ်။ ကျနော်တို့ ကျောင်းကတော့ အလှူငွေ ၃ သိန်းရတယ်ဗျ။ အဲဒီငွေကို ကလေးတွေရဲ့ ပညာရေးအတွက် လိုအပ်တာတွေသုံးရမယ်ဗျ။ သင်ကြားရေး သင်ထောက်ကူတွေအတွက် လိုအပ်နေတာကတော့ အများကြီးရှိနေသေးတော့ ထပ်မံလှူဒါန်းပေးကြပါဦးလို့ ပြောချင်ပါတယ်” လို ဆရာတဦးက ပြောပါတယ်။

ကျားသစ်နက်တပ်မတော် (B.L.P.A) တပ်မတော်အနေနဲ့ အဖွဲ့တည်ထောင်ခြင်း တနှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ NUG စာသင်ကျောင်း ၉ ကျောင်းကို ငွေးကြေးထောက်ပံ့တာလို့  ကျားသစ်နက်တပ်မတော် (B.L.P.A) တာဝန်ရှိသူ ကိုဥက္ကာက ပြောပါတယ်။ 

“ကျနော်တို့ အခုလို လှူဒါန်းရတာက အနာဂတ်အတွက် ထမ်းဆောင်မဲ့ ကလေးငယ်တွေအတွက် ပညာ‌ရေးမြှင့်ဖို့ရာ လှူဒါန်းရတာပါ။ အဓိကတော့ ကျနော်တို့တပ်မတော်ရဲ့  တည်ထောင်ခြင်း တနှစ်‌ပြည့်စစ်ရေးပြအခမ်းအနားကို မပြုလုပ်ဘဲ ကုန်ကျမယ့်ငွေတွေကို NUG ပညာရေးကျောင်းများကို ထောက်ပံ့ပေးရတာ။"

ကျားသစ်နက်တပ်အဖွဲ့ကို  NUG အစိုးရက ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက်နေ့က ယင်းမာပင်ခရိုင် တပ်ရင်း ၁၁ အဖြစ် တရားဝင် တပ်ရင်းကုတ်ချထားပေးတဲ့ အဖွဲ့အစည်းဖြစ်ပြီး အဖွဲ့အနေနဲ့လည်း တပ်ရင်း ၅ နဲ့ MOD တိုက်ရိုက်အမိန့်ပေး ချိတ်ဆက်မှုအောက်ကနေ ရပ်တည်နေတယ်လို့ သိ ရပါတယ်။

5 mins Ago

April 12, 2022

ယင်းမာပင်၌ NUG စာသင်ကျောင်း ၅၀ ခန့် ပြန်ဖွင့်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတချို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ လမ်းညွှန်ချက်နဲ့ ကြားကာလပညာရေးအဖြစ် စတင်ဖွင့်လှစ် သင်ကြားပေးနေတဲ့ အခြေခံပညာ စာသင်ကျောင်းပေါင်း ၅၀ လောက်ရှိနေပြီလို့ ဒေသခံ PDF အဖွဲ့ထံက သိရတယ်။ 

ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားနဲ့ စစ်ကျွန်ပညာရေးကို ဆန့်ကျင်တားဆီးနိုင်ခဲ့ပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းကာ ဖေဖော်ဝါရီ ၄ ရက်ကစလို့  စာသင်ကျောင်းတွေကို စတင်ဖွင့်လှစ်ခဲ့တာလို့ ဒေသခံ PDF အဖွဲ့ ခေါင်းဆောင်ဆရာစံက ဒီဗွီဘီကိုပြောပါတယ်။

“NUG အစိုးရရဲ့ အခြေခံအုတ်မြစ်အဖြစ် အုပ်ချုပ်ရေး ယန္တရားတွေကို အထူး တည်ဆောက်နေပါတယ်။ ယင်းမာပင်မြို့နယ်အတွင်းမှာ လက်ရှိအချိန်အထိ စာသင်ကျောင်းပေါင်း ၅၀ ဝန်းကျင်ဖွင့်လှစ်ထားနိုင်ပြီး ကျောင်းတက်ရောက်သူ ၈၀ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။  တော်လှန်ရေးကာလ ပညာရေးဖြစ်တဲ့အတွက် အတန်းအောင်ခြင်း မအောင်ခြင်းက အဓိကကျသလား၊ ပညာကအဓိက ကျသလားဆိုတာ တွေးဖို့လိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်က ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း လပတ်စာမေးပွဲ၊ အတန်းတင်စာမေးပွဲတွေ လုပ်ပေးမဲ့ပေါ်မူတည်ပြီး အောင်မြင်မှုအတိုင်းအတာကို ဖော်ပြပေးမဲ့ အချိန်တခုကို  ကျနော်တို့ ယုံကြည်ချက်ရှိသလို မိဘပြည်သူနဲ့ ကျောင်းသားအားလုံး ယုံကြည်ချက်ရှိရှိ ပညာသင်ကြားပေးကြဖို့ တောင်းဆိုချင်ပါတယ်”  ဆရာစံက ပြောပါတယ်။ 

လက်ရှိ ပထမတန်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားမိဘတဦးက “ကလေးတွေက စာတွေနဲ့ ဝေးနေတာကြာပြီဆိုတော့ အခုလိုကျောင်းတွေ ပြန်ဖွင့်တဲ့အပေါ်မှာ အတိုင်းမသိဝမ်းသာပါတယ်။ ကျမကလေးဆိုရင် ၈ နှစ်ထဲကို ရောက်နေပြီ အခုမှ ပထမတန်း စတက်ရတာဆိုတော့ နောက်တချိန် ကလေးတွေရဲ့ အနာဂတ်က အဆင်ပြေနိုင်ဘူး။ NUG ကဖွင့်ပေးတဲ့ ကျောင်းမျိုးမှာပဲ အေးအေးချမ်းချမ်း ပညာသင်ကြားခွင့်ရစေချင်တာပါ။ စစ်အာဏာရှင်လက်အောက်က ကျောင်းတွေမှာတော့ ဘယ်လိုမှ ကျောင်းမထားချင်ပါဘူး” လို့ ပြောပါတယ်။ 

အဆိုပါကျောင်းတွေမှာ CDM ကျောင်းဆရာ၊ ဆရာမတွေနဲ့ ရပ်ရွာအတွင်းမှာရှိတဲ့ ၁၀ တန်းအောင်၊ ဘွဲ့ရသူတွေက ပရဟိတအနေနဲ့ ပညာသင်ကြားပေးနေတာဖြစ်ပြီး ကျောင်းတကျောင်းမှာ ဆရာ၊ ဆရာမ ဦးရေ ၃၀ ကျော်ရှိတယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် နိုင်ငံအနှံ့ရှိ စာသင်ကျောင်းတွေကို ၁ နှစ်တာ ယာယီပိတ်ထားခဲ့ရပြီး ၂၀၂၁ ခုနှစ်က စစ်အုပ်စု အာဏာသိမ်းမှုကြောင့် လက်ရှိအချိန်အထိ ပညာရေး ယန္တရား ရပ်နားလုနီးပါး ဖြစ်နေခဲ့တာပါ။

7 months Ago
Up