မြန်မာ့နွေဦးတော်လှန်ရေးမှာ တထောင့်တနေရာက စွမ်းစွမ်းတမံ ပါဝင်လှုပ်ရှားနေကြတဲ့ မြေအောက်တော်လှန်ရေး ရဲဘော်တွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဒုဝန်ကြီး အိသဉ္ဇာမောင်ရဲ့ ဆွဲကြိုးကို ကံစမ်းဝယ်ယူနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။
ဒီကံစမ်းရန်ပုံငွေရောင်းချပွဲကိုတော့ ရန်ကုန်က အော်ပရေးရှင်း အသစ်တခုအတွက် ရည်ရွယ်ကာ ငွေကျပ်သိန်း ၁၀၀ ရရှိနိုင်ဖို့ မျှော်မှန်းထားပြီး ကံစမ်းမဲလက်မှတ်တစောင်ကို မြန်မာငွေကျပ် ၂ သောင်းနဲ့ ဝယ်ယူအားပေးနိုင်မှာ ဖြစ်ပါတယ်။
“ကဲ အရေးကြီးလို့ ပိုက်ဆံရှာဦးမယ်။ UG တွေအတွက် ကျမရဲ့ ဆွဲကြိုးလေးကို ကံစမ်းမဲ ရောင်းချင်ပါတယ်။ တစောင်ကို မြန်မာငွေနှစ်သောင်း၊ အားလုံးဝယ်နိုင်မယ့် ဈေးနဲ့ လုပ်ထားပါတယ်။ ရန်ကုန် အော်ပရေးရှင်းအသစ်တခုအတွက် သိန်း ၁၀၀ မှန်းထားလို့ ဝယ်ကူကြပါဦး။ သိန်း ၁၀၀ ထက် ကျော်ရရင်လည်း ပျော်တာပေါ့နော် ❤️❤️ ။ အားစိုက်ပေးကြပါဦး ချစ်သောသူတို့ရေ။”
မြန်မာနိုင်ငံမှာ စစ်အုပ်စုက မတရား အကြမ်းဖက်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။
အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို မြန်မာပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။
ခုခံတော်လှန်စစ်ပွဲ ဆင်နွှဲနေကြတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအပြင် မြို့ပြပျောက်ကျားရဲဘော်တွေ အတွက်လည်း ရန်ပုံငွေလိုအပ်ချက်တွေ မြင့်မားနေတာမို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ပြည်သူတရပ်လုံးက စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်နိုင်ဖို့ အဘက်ဘက်က ရန်ပုံငွေရှာဖွေ ထောက်ပံ့မှုတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။
လတ်တလောမှာတော့ NUG အစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး အိသဉ္ဇာမောင်ရဲ့ ဆွဲကြိုးရန်ပုံငွေလက်မှတ် ဝယ်ယူလိုသူတွေအနေနဲ့ m.me/soldiercatmm ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။
မြန်မာပြည်တွင်းကဆိုရင်တော့ kpay, wavepay တို့ကတဆင့် ဝယ်ယူနိုင်သလို နိုင်ငံရပ်ခြား တိုင်းပြည်တွေဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ ထိုင်း၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်စတဲ့ နိုင်ငံတွေကလည်း ပါဝင်လှူဒါန်းနိုင်ကြောင်း ဒုဝန်ကြီးက နှိုးဆော်ထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရွေးချယ်ချီးမြှင့်တဲ့ ၂၀၂၂ ခုနှစ်အတွက် နိုင်ငံတကာ အမျိုးသမီးရဲစွမ်း သတ္တိရှင်ဆု International Women of Courage Award(IWOC) ကို မြန်မာနိုင်ငံက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဒုဝန်ကြီး မအိသဉ္စာမောင်က ရရှိခဲ့ပါတယ်။
ဒီဆုဟာ ကမ္ဘာတဝန်း ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေး၊ ကျား/မ တန်းတူရေးနဲ့ အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ လှုပ်ရှားဆောင်ရွက်နေကြတဲ့ အမျိုးသမီးတွေကို နှစ်စဉ်ဂုဏ်ပြုပေးအပ်တဲ့ဆု ဖြစ်ပါတယ်။
IWOC ဆုကို ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်ကတည်းက ချီးမြှင့်လာတာဖြစ်ပြီးတော့ နိုင်ငံပေါင်း ၈၀ ကျော်က အမျိုးသမီးပေါင်း ၁၇၀ ကို ဆုချီးမြှင့်ခဲ့တာဖြစ်ကာ အခုနှစ်အတွက် ဆုရရှိသူ ၁၂ ယောက် ရှိခဲ့တာပါ။
ဒီနှစ်ဆုရသူတွေထဲမှာ မြန်မာနိုင်ငံက NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး မအိသဉ္စာမောင်နဲ့အတူ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ ကိုလံဘီယာ၊ အီရတ်၊ လိုက်ဘေး ရီးယား၊ လစ်ဗျား၊ မော်ဒိုဗာ၊ နီပေါလ်၊ ရိုမေးနီးယား၊ တောင်အာဖရိကနဲ့ ဗီယက်နမ် နိုင်ငံတွေက အမျိုးသမီးတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ(NUG)မှာ အသက်ငယ်ငယ်နဲ့ ရာထူးကြီးကြီး ယူထားရတဲ့ အိသဉ္ဇာမောင်ကိုတော့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသမီးတယောက်အနေနဲ့ နွေဦးတော်လှန်ရေးမှာ အားလုံးက အသိအမှတ်ပြုခဲ့ကြရသူပါ။
လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က လက်ပံတန်းမြို့နယ်မှာ ၂၀၁၄ မြန်မာနိုင်ငံ ပညာရေးဥပဒေကို ပြင် ဆင်ဖို့ ဆန္ဒပြခဲ့ရာမှာ ရဲတပ်ဖွဲ့ရဲ့ ဖြိုခွဲဖမ်းဆီးခြင်းခံခဲ့ပြီး သာယာဝတီအကျဉ်းထောင်မှာ ကျခံခဲ့ရပါတယ်။
မအိသဉ္ဇာမောင်ဟာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင်တယောက်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာကို ပန်းဘဲတန်းမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့ပါတယ်။
လက်ရှိမှာတော့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူ ငယ်ရေးရာ ဒု၀န်ကြီးအနေနဲ့ ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်ကာ သူဟာ ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းရဲ့ ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာလည်း ရွေးချယ်ဖော်ပြခံ ထားရပါတယ်။
IWOC ဆုကိုတော့ မြန်မာနိုင်ငံက အမျိုးသမီးတွေဖြစ်ကြတဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ၂၀၁၂ ခုနှစ်မှာ ရရှိထားခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ဒေါ်မေစံပယ်ဖြူ၊ ၂၀၁၉ ခုနှစ်မှာ နော်ကညောဖော၊ ၂၀၂၁ ခုနှစ်မှာ မဖြိုးဖြိုးအောင်တို့ ရရှိခဲ့ကြဖူးပါတယ်။