တပ်မတော်ခေါင်းဆောင်ပိုင်းတွေအနေနဲ့ ပြည်သူတွေရဲ့ အပြောင်းအလဲနဲ့အတူ သတ္တိရှိရှိလိုက်ပါပြီး နိုင်ငံကိုကယ်တင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။
ဖေဖော်ဝါရီ ၄ ရက်နေ့က ပြုလုပ်တဲ့ ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံပွဲမှာ ပြောခဲ့တာဖြစ်ပြီး ပြည်သူလူထုနဲ့ တော်လှန်ရေးတရပ်လုံးဟာ နောက်ကိုပြန်သွားမှာမဟုတ်လို့ တပ်မတော်အနေနဲ့ အပြောင်းအလဲလုပ်ပြီး လိုက်ပါဖို့ လိုအပ်တယ်လို့ ပြောလိုက်တာပါ။
“တချို့ စိုးရိမ်နေကြတာရှိတယ်၊ ပြန်လှည့်မလားပေါ့။ ၂၀၀၈ အောက်ကို ဘယ်ပြန်သွားတော့မလဲ ကျမတို့က။ ဘာလို့ပြန်သွားမှာလဲ။ ဆိုတော့ ဒါက အရမ်းကို သေချာတဲ့ကိစ္စလည်းဖြစ်တယ်။ ဒါလောက်လည်း ရှေ့ရောက်နေပြီ။ လူ့အဖွဲ့အစည်းကလည်း ရှေ့ရောက်နေပြီ။ ပြည်သူလူထုကလည်း ရှေ့ရောက်နေပြီ။ ကျန်ခဲ့တာက ဒီ စစ်တပ်။ အဲဒီတော့ ကျန်ခဲ့နေတဲ့ စစ်တပ်အင်စတီးကျူးရှင်း (အဖွဲ့အစည်း) အနေနဲ့ကတော့ သူတို့ကိုယ်သူတို့ Reform (ပြုပြင်ပြောင်းလဲမှု) လုပ်ပြီး ကျမတို့နဲ့ လူ့အဖွဲ့အစည်းနဲ့အတူ လိုက်ပါလာဖို့ပဲ လိုအပ်တယ်လို့ ကျမတော့မြင်တယ်။”
အခုဆိုရင် ပြည်သူဘက်ကို ပြောင်းလာတဲ့ တပ်မတော်သားတွေ ရှိလာနေပေမဲ့ ဦးဆောင်နေတဲ့ ခေါင်းကြီးပိုင်းကလူတွေ သတ္တိရှိမှ တပ်မတော်ဟာလည်း ပြည်သူလူထုနဲ့ တသားတည်းဖြစ်တဲ့ တပ်မတော် ဖြစ်လာနိုင်မယ်လို့ သူက ဆက်ပြောပါတယ်။
“တပ်မတော်တရပ်ကို ဦးဆောင်နိုင်မယ့်သူတွေကိုတော့ ဒီနေရာကနေ ကျမ ထပ်ပြောချင်တယ်။ မင်းအောင်လှိုင်တယောက်တည်းကိုပဲ တည်ပြီးတော့ မဟုတ်ဘဲနဲ့ သတ္တိရှိဖို့လိုတယ်ပေါ့နော်။ ကျမတို့ အရပ်သားတွေ၊ လက်နက်မရှိတဲ့ ပြည်သူလူထုကတောင်မှ တနေ့နဲ့တနေ့ ခြိမ်းခြောက်ခံ အသက်တွေပေးပြီးတော့ ဒီလိုချည်း ရုန်းကန်နေရတာ၊ ဘာမှ ရာထူးအတွက်မှ မဟုတ်ဘူး။ ဘာစည်းစိမ်ဥစ္စာအတွက်မှ မဟုတ်ဘဲနဲ့ ကိုယ့်အသက်တွေ ပေးနေကြတယ်။ ဆိုတော့ တကယ့်ကို သူရဲကောင်းဖြစ်မှာပါ။ တကယ်လို့ ဒီတပ်ကိုသာ reform လုပ်ပြီး ပြည်သူလူထုသွားနေတဲ့ အပြောင်းအလဲမှာ လိုက်ပါလာခဲ့မယ် ဆိုလို့ရှိရင်၊ တိုင်းပြည်ကို အမြဲတမ်း ကယ်တင်နေတာလေ။ ဒီတခါလည်း ဒီလိုနည်းနဲ့ ကယ်တင်သင့်တယ်လို့ ကျမတော့ မြင်တာပေါ့။ မှန်မှန်ကန်ကန် ကယ်တင်တတ်ဖို့ပဲ လိုတာပေါ့။ ကိုယ့်ကိုယ်ကိုယ်လည်း ကယ်တင်ရာရောက်မယ်။ ကိုယ့်လူ့အဖွဲ့အစည်း အသိုက်အဝိုင်းကိုလည်း ကယ်တင်ရာရောက်မယ်။ တပ်မတော်ကို တကယ်ချစ်တယ်ဆိုရင် တပ်မတော်ကိုလည်း ကယ်တင်ရာရောက်သွားမှာပေါ့” လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။
ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေအရ တပ်မတော်အနေနဲ့ နိုင်ငံရေး၊ ဖက်ဒရယ် စတာတွေကို သိနားလည်ပေမဲ့ တကယ်မပေးချင်လို့သာ ဒီလိုပုံစံအတိုင်း သွားနေတာဖြစ်ပြီး ၅ နှစ်အတွင်း သည်းခံဖြတ်သန်းခဲ့တာဟာ ဒီတော်လှန်ရေးမှာတော့ သည်းခံတာတွေ ရပ်သွားပြီလို့လည်း ဝန်ကြီးက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့ဟာ အမေရိကန် အထက်လွှတ်တော်အမတ်ခေါင်းဆောင် မစ်ချ်မက်ကော်နယ်နဲ့ မေလ ၁၇ ရက်က အမေရိကန် လွှတ်တော်ရုံးမှာ မြန်မာ့အရေးတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါတွေ့ဆုံမှုမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဖိနှိပ်ညှဉ်းပန်းမှုလုပ်ရပ်တွေ၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ပေါ်ပေါက်လာနိုင်ရေးအတွက် မြန်မာပြည်သူတို့ရဲ့ ခုခံတွန်းလှန်နေမှုတွေ၊ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ဆက်လက် ထောက်ခံပံ့ပိုးရေး၊ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာမှ မြန်မာ့အရေး ဆက်လက် ကူညီမှုပေးနိုင်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ NUG နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။
အမေရိကန် အထက်လွှတ်တော်အမတ်ခေါင်းဆောင် မစ်ချ်မက်ကော်နယ်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသလို မြန််မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် ဆယ်စုနှစ်တွေနဲ့ချီပြီး နှစ်ပေါင်းများစွာ အစဉ်တစိုက် အားပေးထောက်ခံလာခဲ့တဲ့ ဝါရင့်ဆီးနိတ်လွှတ်တော်အမတ်ဖြစ်ပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အမေရိကန်အစိုးရရဲ့ တရားဝင်ဖိတ်ကြားချက်အရ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာရောက်ရှိနေတာဖြစ်ပြီး အမေရိကန် ဒုနိုင်ငံခြားရေး ဝန်ကြီး ဝင်ဒီရှားမန်းအပါအဝင် အစိုးရ အဆင့်မြင့် တာဝန်ရှိသူတွေနဲ့လည်းတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။