close

NUG ယာယီသမ္မတ ဒူဝါလရှီးလ

close

May 2, 2023

ပြည်သူ့ဆန္ဒကသာလျှင် NUG ၏ ဆန္ဒဖြစ်၊ စစ်ကောင်စီကို အမြစ်ဖြတ်ရန် အတူကြိုးစားကြရ မည်ဟု ယာယီသမ္မတ ဒူဝါလရှီးလ ပြော

ပြည်သူ့ဆန္ဒကသာလျှင် NUG ရဲ့ဆန္ဒဖြစ်ပြီးတော့ အကြမ်းဖက် စစ်ကောင်စီကို အမြစ်ဖြတ် ချေမှုန်းဖို့ အတူဝိုင်းဝန်းကြိုးစားကြရမှာဖြစ်တယ်လို့ NUG အစိုးရ ယာယီသမ္မတ ဒူဝါ လရှီးလက ပြောလိုက်ပါတယ်။

မတ် ၂ ရက် ဒီကနေ့ ပြုလုပ်တဲ့ NUG အစိုးရရဲ့ ၁၇ ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပြီး အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာ့အရေးအပေါ် ကြား၀င်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း  ယာယီသမ္မတ ဒူဝါလရှီးလက “အကြမ်းဖက် စစ်ခေါင်းဆောင်ကတော့ သူမလုပ်ရဲတာ မရှိဘူးလို့ပြောခဲ့တဲ့အတိုင်း ဒေလီမှာ ကျင်းပမယ့် Track 1.5 Dialogue အစည်းအဝေး မတိုင်ခင်မှာပဲ လူပေါင်း ၁၆၈ ယောက် သေဆုံးခဲ့တဲ့ အကြီးမားဆုံး လူသတ်ပွဲကြီးကို အားရပါးရလုပ်ခဲ့တာ နိုင်ငံတကာက သိရှိပြီး ဖြစ်မှာပါ။ အကြမ်းဖက်စစ်အုပ်စုဟာ နေ့စဥ်နှင့်အမျှ အပြစ်မဲ့ပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ်နေပါတယ်။ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ အရပ်သား ပြည်သူတွေ စုရုံးနေတဲ့ အခမ်းအနားတွေနဲ့ ပြည်သူလူထုတွေရှိတဲ့ ကျေးရွာတွေမှာလည်း တိုက်လေယာဥ်/ စစ်လေယာဥ်တွေနဲ့ နေ့စဥ် ဗုံးကြဲပြီး သတ်ဖြတ်နေတာဆိုရင် ၂ နှစ်တာ ကာလကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ကျနော် ဒီနေရာကနေ ပြောချင်တာကတော့ ကျနော်တို့ ပြည်သူတွေ အများစုဟာ ဒီအကြမ်းဖက်စစ်တပ်ရဲ့ အုပ်ချုပ်မှုလက်အောက်မှာ တရက်လေးမှကို ဆက်လက်နေထိုင်လိုတဲ့ ဆန္ဒမရှိကြပါဘူး။ အကြမ်းဖက်စစ်တပ်ရဲ့ ဖိနှိပ်မှုကို တရက်ထပ်ခံရရင် အသက်၊ အိုးအိမ်၊ စည်းစိမ်ဆုံးရှုံးနေရတဲ့ ပြည်သူအရေအတွက်ကလည်း ထပ်ထပ်ပြီး တိုးလာနေမှာဖြစ်တယ် ဆိုတာပါပဲ။ ဒါကြောင့် နိုင်ငံတကာက အသိုင်းအ၀ိုင်းအနေနဲ့ ကျနော်တို့ ပြည်သူတွေရဲ့ ခံစားချက်နဲ့ နာကျင်မှုတွေကို လျစ်လျူရှုမထားကြပါနဲ့။ ဆွေးနွေးပွဲတွေမှာ ကျနော်တို့ ပြည်သူတွေရဲ့ ဆန္ဒတွေကို ဦးစားပေး အလေးထားလျက် မမေ့မလျော့ ထည့်သွင်း ဆွေးနွေးကြပါလို့ တိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းရဲ့ မြန်မာပြည် ခရီးစဉ်ကိုလည်း ယာယီသမ္မတက ကန့်ကွက်ရှုတ်ချလိုက်ပြီး ပြည်သူလူထုရဲ့ အသက် အိုးအိမ်စည်းစိမ်ကို လက်လွတ်စပယ် သတ်ဖြတ်ညှဉ်းဆဲနေတဲ့ အကြမ်းဖက် စစ်ကောင်စီကို နိုင်ငံတကာ ဇာတ်ခုံမှာ လူမိုက်ကို ပွဲထုတ်နေတာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာလည်း မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

16 mins Ago

March 10, 2023

NUG ယာယီသမ္မတနှင့် အီးယူအထူးကိုယ်စားလှယ် ဆွေးနွေး၊ မြန်မာစစ်ဘေးသင့်ပြည်သူများကို ကူညီမည်ဟုပြော

မြန်မာစစ်ဘေးသင့်ပြည်သူတွေဘက်က ရပ်တည်ပြီး အကူအညီတွေ ပေးသွားမယ်လို့ ဥရောပသမဂ္ဂ မြန်မာအထူးကိုယ်စားလှယ်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ဆွေးနွေးရာမှာ ပြောဆိုလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ဥရောပသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အိုင်ဂေါ်ဒရစ်မန်း(စ်) တို့ မတ်လ ၉ ရက်က အချိန် ၁ နာရီခွဲကြာ အွန်လိုင်းကနေ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာပါ။

မြန်မာပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ရေး၊ စစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို အရေးယူဒဏ်ခတ်နိုင်ရေး စတဲ့အချက်တွေကို အဓိက ဆွေးနွေးခဲ့တယ်လို့ NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

ဥရောပသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အိုင်ဂေါ်ဒရစ်မန်း(စ်) ဟာ အရှေ့တောင်အာရှဒေသတွင်း အာဆီယံ အထူးသံတမန်အဖြစ်လည်း တာဝန်ယူထားသူဖြစ်ပြီး အာဆီယံလမ်းကြောင်းကနေ မြန်မာပြည်အရေးကို ဖိအားပေးနိုင်သူလည်း ဖြစ်ပါတယ်။

NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က “အကြမ်းဖက်စစ်ကောင်စီကြောင့် မြန်မာပြည်တဝန်းလုံးမှာ ဒုက္ခရောက်နေကြတဲ့ မြန်မာတိုင်းရင်းသားပြည်သူလူထုတွေ ဘယ်လိုနည်းတွေနဲ့ ကူညီရမလဲ ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။ NUG အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပူးတွဲဆောင်ရွက်ပြီးတော့ ထိထိရောက်ရောက်နဲ့ ပြည်သူလူထုကို ကူညီပေးနိုင်ဖို့ အဓိက ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂအနေနဲ့က မြန်မာလူထုဘက်ကနေ ရပ်တည်ပြီးတော့ မြန်မာပြည်သူလူထုအတွက်ကို အတတ်နိုင်ဆုံး ကူညီပေးသွားမယ်ဆိုတာ အထူးကိုယ်စားလှယ်က ထပ်လောင်း ပြောကြားသွားပါတယ်။ မြန်မာပြည်သူလူထုကို ကူညီဖို့ နည်းလမ်းတွေ ရှာဖွေပြီးတော့ ကူညီဖို့ ဆက်လက်ကြိုးစား လုပ်ကိုင်ဆောင်ရွက်သွားမယ်ဆိုတာ ပြောကြားပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေ ဆက်ကျူးလွန်ပြီးတော့ မတရား အာဏာသိမ်းပြီးတော့ အုပ်ချုပ်ဖို့ကြိုးစားနေတာ၊ သူတို့ရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန်းက ရပ်ဖို့နဲ့ ဒီလိုကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကို တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့အတွက်လည်း ဘယ်လိုလုပ်ကိုင်ဆောင်ရွက်မလဲ ဆိုတာလည်း ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးခဲ့ကြတယ်လို့ ဦးကျော်ဇော်က ပြောပါတယ်။

ဥရောပသမဂ္ဂ၊ အမေရိကန် စတဲ့ အင်အားကြီးနိုင်ငံတွေက အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပေါ်ပေါ်တင်တင် ဆက်ဆံမှုတွေ ပြုလုပ်လာတာဟာ အလားအလာကောင်းတွေဖြစ်ပေမဲ့ မြေပြင်မှာဖြစ်ပေါ်နေတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်နိုင်ရေးက လတ်တလောမှာ အရေးအပါဆုံးဖြစ်နေတယ်လို့ အရပ်ဘက်အဖွဲ့ကိုယ်စားလှယ်တွေက သုံးသပ်ပါတယ်။ အင်အားကြီးနိုင်ငံတွေက နွေဦးတော်လှန်ရေးကို ပံ့ပိုးဖို့လိုအပ်သလို ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေကလည်း မြန်မာပြည်သူတွေဘက်က ရပ်တည်ပေးဖို့ အရေးတကြီး လိုအပ်နေတာ ဖြစ်ပါတယ်။

ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီမှ ဒေါ်သဥ္ဇာရွှန်းလဲ့ရည်က “ကျမတို့ရဲ့ အနီးကပ်ဆုံးသော အိမ်နီးချင်းနိုင်ငံတွေရဲ့ စဉ်းစားချက်တွေကိုလည်း ကျမတို့ အမြဲတမ်း မျက်ခြည်မပြတ်ဖို့လည်း လိုတယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံရေးဘာဖြစ်နေသလဲ၊ အိန္ဒိယနိုင်ငံမှာ ဘယ်လိုအခြေအနေရှိတယ်၊ ကျမတို့သိရဲ့လား၊ ကျမတို့ပြည်သူတွေက အဲ့ဒါကို လေ့လာဖို့လိုသလို သူတို့ပြည်သူတွေနဲ့ ကျမတို့က ထိစပ်ဆောင်ရွက်ရမယ်၊ ပံ့ပိုးရမယ်၊ သူတို့တွေဘက်ကလည်း ရပ်တည်ပေးရမယ်။ အဲ့ဒီလိုနည်းနဲ့ သူတို့ကလည်း ကျမတို့ဘက်က ရပ်တည်လာမယ်။ ဒီလိုနည်းနဲ့သာလျှင် နယ်စပ်စည်းအခြေအနေတွေကို ပိုပြီးတော့ အားကောင်းအောင်၊ အထူးသဖြင့် ဒုက္ခသည်တွေက နယ်စပ်တွေသွားနေရတဲ့အခါကျတော့ အဲဒီအပိုင်းတွေမှာ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်လာနိုင်မယ်ပေါ့နော်” လို့ ပြောပါတယ်။

Synergy လူမှုသဟဇာတဖြစ်ရေးအဖွဲ့မှ ဦးသက်ဆွေဝင်းကလည်း “နိုင်ငံတကာအစိုးရတွေက ဘာကြောင့်မို့ အရေးယူဖို့ နှောင့်နှေးနေရတာလဲ ဆိုတာတွေကို ကျနော့်အနေနဲ့ဆိုရင် ပထဝီနိုင်ငံရေးကြောင့် ဖြစ်မယ်ထင်တယ်။ တရုတ်နဲ့ အိန္ဒိယရဲ့ ပါဝါချိန်ခွင်လျှာကိုလည်း သူတို့ ပြန်ကြည့်ကြပုံရတယ်။ ခါးသီးတဲ့အမှန်တရားပေါ့၊ ကျနော်တို့ မြန်မာနိုင်ငံအတွက်ကတော့ ကျနော်တို့တွေ ဆက်တိုက်တောင်းဆိုနေကြတဲ့ လေယာဉ်မပျံသန်းရဇုန်တို့၊ လေယာဉ်ဆီပိတ်ဆို့ရေးတို့၊ လက်နက်ပိတ်ဆို့ရေးတို့ စတဲ့ဟာတွေကတော့ ဖြစ်လာဖို့အတွက် အလားအလာမရှိသလို ကျနော်တို့ တော်လှန်ရေးအင်အားစုတွေအတွက် ထောက်ပံ့မှုတွေ ထိထိရောက်ရောက် ရောက်လာဖို့အတွက် အလားအလာမရှိဘူး ဆိုတာကတော့ ခန့်မှန်းခံစားလို့ရပါတယ်။ နိုင်ငံတကာ အစိုးရတွေရဲ့ လိုအပ်ချက်၊ နိုင်ငံတကာ အစိုးရတွေရဲ့ ရှက်စရာကောင်းတဲ့ ကိစ္စတခုဖြစ်တယ်လို့ပဲမြင်တယ်” လို့ ပြောပါတယ်။

ဥရောပသမဂ္ဂဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ဆက်စပ်သူတွေကို အရေးယူပိတ်ဆို့မှု ၆ ကြိမ်အထိ ပြုလုပ်ထားပြီး မြန်မာ့အရေးအတွက် ကြေညာချက်တွေ ဆက်တိုက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်ဘေးသင့်ပြည်သူတွေကို ထိရောက်တဲ့ အကူအညီတွေ ပေးနိုင်ရေးကို အကြောင်းအမျိုးမျိုးကြောင့် မဆောင်ရွက်နိုင်သေးဘဲ ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

2 months Ago
Up