close

NUG လူ့အခွင့်အရေးဝန်ကြီး

close

September 25, 2022

ကုလနှင့်နိုင်ငံတကာက မြန်မာ့အရေး နည်းလမ်းသစ်ဖြင့် ဖြေရှင်းသင့်ဟု NUG လူ့အခွင့်အရေး ဝန်ကြီးပြော

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလနဲ့ နိုင်ငံတကာက အာဆီယံကို တာဝန်ပုံချထားတာမျိုးထက် ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းသစ်ကို ရှာဖို့လိုနေပြီလို့  NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက ပြောပါတယ်။ 

မြန်မာပြည်သူတွေဟာ စစ်ကောင်စီရဲ့အကြမ်းဖက်အနိုင်ကျင့်တာတွေကို အချိန် ၁၈ လကျော် ကြုံတွေ့ခဲ့ရပေမယ့် ကုလ၊ အာဆီယံနဲ့ နိုင်ငံတကာရဲ့ကူညီထောက်ပံ့မှုတွေကိုမရဘဲ လျစ်လျူရှုခံရတဲ့အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဒေသတွင်းပြဿနာတွေကို ဒေသတွင်းအဖွဲ့အစည်းတွေက အရင်ကိုင်တွယ်ရမယ်ဆိုတဲ့မူနဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံကို ကြားခံအဖြစ် အသုံးပြုခဲ့ကြောင်း၊ အာဆီယံက စစ်ကောင်စီလိုက်နာသင့်တဲ့အချက် ၅ ချက်ကို ထုတ်ပြန်တိုက်တွန်းခဲ့‌ပေမယ့် စစ်ကောင်စီက စစ်ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်ခဲ့ပြီး ဒီအခြေအနေတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက မြန်မာပြည်သူတွေကို ကူညီဖို့ အကြိမ်ကြိမ်တိုက်တွန်းတောင်းဆိုခဲ့ပေမယ့် ကုလ၊ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဆီက စိုးရိမ်ကြောင်း ထုတ်ပြန်ချက်တွေကိုသာ မြန်မာပြည်သူတွေက လက်ခံရရှိခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ 

စစ်ရေး၊ နိုင်ငံရေးအရ အကူအညီပေးဖို့ စစ်ကောင်စီဘက်က ကန့်သတ်ချက်တွေ ရှိနေတယ်ဆိုရင်တောင် စစ်ဘေး မီးဘေးသင့်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကို ကုလနဲ့ အာဆီယံက ပြည်သူတွေလက်ထဲရောက်အောင်ပို့ဆောင်ပေးဖို့ လိုအပ်နေတာလို့ ဆိုပါတယ်။ 

ကုလ၊ အမေရိကန်၊ အီးယူနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက မြန်မာပြည်သူတွေဆီ အကူအညီတွေ ရောက်အောင်ပို့ပေးနိုင်ဖို့၊ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ပေးဖို့ လိုအပ်နေကြောင်း၊ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ စက်တင်ဘာ ၂၁ ရက်နေ့က တွေ့ဆုံရာမှာ ရှင်းရှင်းလင်းလင်းဖြစ်အောင် အသိပေးခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

စစ်ကောင်စီကတော့ နိုင်ငံတကာအသိုင်းအဝိုင်းကို စစ်ရာဇဝတ်မှုတွေ သူတို့ကျူးလွန်တာ မဟုတ်ကြောင်း ပြောင်ပြောင်တင်းတင်း ဆက်လက်ငြင်းဆိုပြီး အကြမ်းဖက်တာတွေ ဆက်လုပ်နေဦးမယ့် အခြေအနေကိုပဲ မြင်နေရတယ်လို့  မုံရွာသပိတ်ဦးဆောင်ကော်မတီဝင်တယောက်က သုံးသပ်ပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်း အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ပြောင်ပြောင်တင်းတင်း တိုက်ခိုက်နေတာတွေကိုတောင် သူတို့အကြမ်းဖက်တာ မဟုတ်ကြောင်း စစ်ကောင်စီက ငြင်းဆိုနေတာလို့ မုံရွာသပိတ်ဦးဆောင်ကော်မတီ ကိုခန့်ဝေဖြိုးက ပြောပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့  ပြည်သူတွေ အကြမ်းဖက်ခံနေရတာကို မသိကျိုးကျွံ ပြုနေတဲ့သူတွေဟာလည်း မကြာခင်မှာ စစ်ကောင်စီရဲ့ အနိုင်ကျင့် အကြမ်းဖက်တာတွေကို ကိုယ်တိုင်ကြုံတွေ့လာရလိမ့်မယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော်ခေါင်းဆောင် ဗိုလ်နဂါးက သတိပေးလိုက်ပါတယ်။ 

စစ်ဘေးသင့် ကျေးလက်နေ ပြည်သူတွေရဲ့အခက်အခဲကို ပြည်သူအချင်းချင်းကြိုးစား ကူညီပေးကြဖို့ လိုတယ်လို့လည်း တိုက်တွန်းလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က နိုင်ငံတကာစာမျက်နှာမှာ ပြည်သူတွေဘက်က အ သာစီးရဖို့ ကြိုးစားအားထုတ်နေသလို စစ်ကောင်စီကလည်း သူတို့အာဏာတည်မြဲရေးအတွက် အကြမ်းဖက်တာတွေ၊ ရွေးကောက်ပွဲပြန်လည်ကျင်းပဖို့ စီစဉ်တာတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ 

ပြည်တွင်းရေးမတည်ငြိမ်တာတွေကြောင့် စစ်ကောင်စီရဲ့နိုင်ငံရေး၊ အုပ်ချုပ်ရေး ယန္တရားတွေသာမက စီးပွားရေးယန္တရားဟာလည်း တစတစ ပျက်စီးနေတာဖြစ်ပါတယ်။ ဒီသက်ရောက်မှုတွေကြောင့် ပြည်သူတွေဟာ ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်တာကို ကြုံတွေ့နေရပြီး ရေရှည်ရပ်တည်ဖို့အတွက် တနေ့တခြားပိုမိုခက်ခဲလာပါတယ်။ 

3 hours Ago

August 18, 2022

ကုလအထူးကိုယ်စားလှယ်၏ မြန်မာခရီးစဉ် ပြည်သူအတွက် အကျိုးမရှိဟု NUG ဝန်ကြီး ဝေဖန်

ကုလအထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာ မြန်မာနိုင်ငံကို လာရောက်တာဟာ ကုလသမဂ္ဂရဲ့ လုပ်ထုံးလုပ်နည်းတွေကို စစ်ခေါင်းဆောင်ကို လာပြောပြတဲ့ အခြေအနေသာဖြစ်ပြီး ပြည်သူတွေအတွက် ဘာမှအကျိုးမရှိနိုင်ဘူးလို့ NUG လူ့အခွင့်အရေးဝန်ကြီးက ဝေဖန်လိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာနဲ့ စစ်ခေါင်းဆောင်တို့ ဩဂုတ် ၁၇ ရက်က တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိန်းသိမ်းခံ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ အထူးကိုယ်စားလှယ်ရုံးက ညနေပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ဆိုးရွားတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်တဲ့အကြောင်း၊ ဒီမိုကရေစီအရေး ဆောင်ရွက်သူ ၄ ယောက်ကို သေဒဏ်ပေးတာမျိုး နောက်ထပ်မလုပ်ဖို့ စစ်ကောင်စီကို တိုက်တွန်းတဲ့အကြောင်း ကုလအထူးကိုယ်စားလှယ်က စစ်ခေါင်းဆောင်ကို တိုက်ရိုက် ပြောကြားခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးရဲ့ ထုတ်ပြန်ချက်ကို သေချာလေ့လာကြည့်ရင် ဘာမှထူးခြားတာမပါဘဲ အပေါ်ယံသဘောမျိုးဖြစ်နေပြီး ကုလရဲ့ လုပ်ထုံးလုပ်နည်းတွေ ဘယ်လိုရှိတယ်ဆိုတာ စစ်ကောင်စီကို လာပြောပြတဲ့သဘောသာ ဖြစ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက ဝေဖန်လိုက်ပါတယ်။

ကုလအထူးကိုယ်စားလှယ်က ဒေါ်ဆောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ စစ်ခေါင်းဆောင်ကို အထူးအလေးပေး ပြောကြားခဲ့တယ်လို့ သူတို့ရဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

ဒေါက်တာနိုလင်းဟေဇာရဲ့ ခရီးစဉ်ဟာ စစ်ကောင်စီရဲ့ ရပ်တည်မှုကို အသိအမှတ်ပြုဖို့ မဟုတ်ဘဲ စစ်ဘေးသင့်ပြည်သူတွေကို အကူအညီပေးနိုင်ဖို့ အဓိက ရည်ရွယ်တာလို့လည်း ဆိုပါတယ်။

စစ်ကောင်စီရဲ့ အဆိုးရွားဆုံး အကြမ်းဖက်မှုကို ခံထားရတဲ့ စစ်ကိုင်းတိုင်းအတွင်း PDF ခေါင်းဆောင်တယောက်ကတော့ ပြည်သူတွေလိုချင်တာ စားဝတ်နေရေးထောက်ပံ့မှု မဟုတ်ဘဲ စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူဖို့သာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

ကုလအထူးကိုယ်စားလှယ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ပြည်သူတွေကို လေကြောင်းကနေ တိုက်ခိုက်နေတာတွေ၊ နေအိမ်တွေကို အကြမ်းဖက်မီးရှို့နေတာတွေ၊ ပစ်ခတ်သတ်ဖြတ် နေတာတွေကို ရပ်တန့်ပေးဖို့ တိုက်တွန်းချက်လည်း ပါဝင်ပါတယ်။ စစ်အာဏာသိမ်းပြီး ၁၈ လကျော်အကြာ ထောင်နဲ့ချီတဲ့ပြည်သူတွေ သတ်ဖြတ်ခံရပြီး သောင်းနဲ့ချီတဲ့ အိုးအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာကို ကုလသမဂ္ဂနဲ့ တာဝန်ရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ လက်ပိုက်ကြည့်နေတာကတော့ မေးခွန်းထုတ်ချင်စရာ ဖြစ်တယ်လို့ မုံရွာသပိတ် ဦးဆောင်ကော်မတီဝင်တယောက်က ပြောပါတယ်။

ဒေါက်တာနိုလင်းဟေဇာရဲ့ တိုက်တွန်းတောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ တုံ့ပြန်တာမျိုးကိုတော့ မတွေ့ရသေးပါဘူး။

ဩဂုတ် ၁၇ ရက် စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာတော့ ကုလက စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုမှုနဲ့ လာရောက်တွေ့ဆုံတာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်ကလည်း စစ်ကောင်စီကို တရားဝင် အသိအမှတ် ပြုလိုက်တာမျိုး ဖြစ်သွားမှာကို စိုးရိမ်မှုတွေ ရှိခဲ့ပေမဲ့ ကုလအထူးကိုယ်စားလှယ်ရုံးက စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုတာမျိုး မဟုတ်ဘူးလို့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

ဒေါက်တာနိုလင်းဟေဇာဟာ မြန်မာနိုင်ငံခရီးစဉ်အပြီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားဖို့ စီစဉ်ထားပြီး ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေးအတွက် ဖန်တီးပေးဖို့ မြန်မာနိုင်ငံမှာ တာဝန်ရှိကြောင်း စစ်ခေါင်းဆောင်ကို ပြောကြားခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

1 month Ago
Up