လက်ရှိဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးအောင်မြင်အနိုင်ပါက မြန်မာနိုင်ငံဟာ တောင်ကိုရီးယားလို့ ဒီမိုကရေစီနိုင်ငံဖြစ်မယ်၊ တကယ်လို့ ဒီတော်လှန်ရေးသာကျဆုံးသွားရင် နောက်ထပ် ကမ္ဘာပေါ်မှာ မြောက်ကိုရီးယားလို နိုင်ငံတနိုင်ငံပေါ်လာလိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့နဲ့ မြန်မာလူထုတွေ့ဆုံပွဲကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ St.James Episcopal ခရစ်ယာန်ဘုရားကျောင်းမှာ ဖေဖော်ဝါရီ ၁၂ ရက်က ကျင်းပရာမှာ ဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောကြားခဲ့တာဖြစ်ပါတယ်။
ပရိတ်သတ်တဦးရဲ့ မေးမြန်းချက်နဲ့ပတ်သက်ပြီး ဒေါ်ဇင်မာအောင်က “ကျမတို့ကလေ Unify ဖြစ်ဖို့လုပ်နေတာဖြစ်တယ် ဒီတော်လှန်ရေးက၊ ခွဲထွက်ဖို့လုပ်နေတာမဟုတ်ဘူး၊ ဒီတိုင်းပြည်တပြည်လုံးမှာ အဆုံးစွန်ဆုံး ဒါကတော့ သိတယ်မလား၊ တောင်မြန်မာ၊ မြောက်မြန်မာပေါ့ တောင်ကိုရီးယားလိုဖြစ်မယ်၊ မြောက်ကိုရီးယားလို့ဖြစ်မယ်လို့ ပြောကြ ဆိုကြတာရှိတယ်၊ ကျမတော့ဘာပဲပြောလဲဆိုတော့ ကျမတို့တော်လှန်ရေးကြီးနိုင်လို့ရှင်ရင် ကျမတို့တိုင်းပြည်ဟာ ဒီမိုကရေစီနိုင်ငံလိုမျိုး တောင်ကိုရီးယားလိုဖြစ်မယ်၊ တကယ်လို့ ဒီတော်လှန်ရေးသာ ကျဆုံးသွားရင် နောက်ထပ် ကမ္ဘာပေါ်မှာ မြောက်ကိုရီးယား လိုနိုင်ငံတနိုင်ငံပေါ်လာလိမ့်မယ်။ ဒါမျိုးကို မမြင်ချင်ရင် ကျမတို့တော်လှန်ရေးကို ထောက်ပံ့ပါ ကူညီပါလို့ ကျမတို့ နိုင်ငံတကာကို ကျမတို့ ပြောလေ့ပြောထရှိတယ်”လို့ပြောပါတယ်။
ဒီတော်လှန်ရေးကြီးနိုင်မှ မြန်မာပြည်ဟာ Failed state ကျဆုံးနိုင်ငံမဖြစ်မှာဖြစ်ကြောင်း ဒီတော်လှန်ရေးကြီးရှုံးရင် Failed state ကျဆုံးနိုင်ငံဖြစ်မှာဖြစ်ပြီး မဖြစ်စေချင်ရင်ကူညီဖို့လည်း နိုင်ငံတကာအသိုင်းဝန်းကို NUG ဝန်ကြီးက ပြောပါတယ်။
မြန်မာပြည်သူတွေအနေနဲ့ စုစည်းညီညွတ်မှုအားတွေကို ဒိထက်ပိုပြီးအားကောင်းအောင် စုစည်းထားကြဖို့ တော်လှန်ရေးကာလအတွက်တင်မက တော်လှန်ရေးအလွန်ကာလ ပြည်လည်တည်ဆောက်တဲ့အခါမှာလည်း တော်လှန်ရေးအသိ သတိနဲ့ နိုင်ငံထူထောင်ရေးအတွက်ကို ဘုံရည်မှန်းချက်ပန်းတိုင်ကို တညီတညွတ်တည်း စိတ်ဓာတ်နဲ့သွားကြဖို့လည်း ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း “ အခုဆိုရင် နိုင်ငံတကာကနေ ပြည်သူတွေရဲ့ ဆောင်ရွက်ချက်အားကြောင့် လုံးဝလျစ်လျူရှုလို့မရတဲ့ အနေအထားဆိုတာ အားလုံးသိလာ ပြီဖြစ်ပါတယ်။ ဒါကြောင့်အခုဆိုရင် နိုင်ငံတကာ အမြင်နဲ့ကြည့်ရင် ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်တခုချခဲ့တာ ရှိတယ်၊ ဒါပေမဲ့ ဆုံးဖြတ်ချက်အဆိုထဲမှာ ပါတဲ့အချက်အလက်တွေကတော့ ပြည်သူတွေအနေနဲ့ အားမလို အားမရဖြစ်စေခဲ့တဲ့ဟာမျိုး တွေရှိခဲ့တယ်။ ဘာပဲပြောပြော တချက်ကတော့ ဒီလိုမျိုးဆုံးဖြတ်ချက်အဆိုက ကျနော်တို့ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ မရဘူးသေးတဲ့ ဆုံးဖြတ်ချက်အဆိုတခုကို ရခဲ့တာ တခုဖြစ်ခဲ့တဲ့အတွက် သမိုင်းဝင်တဲ့ကိစ္စတခုလို့တော့ ကျနော်ပြောလို့ရပါတယ်”လို့ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ လန်ဒန်ခရီးစဉ်မှာ ယူကေနိုင်ငံခြားရေးဝန်ကြီးနဲ့ နှစ်ယောက်တွေ့ဆုံတဲ့ ဓာတ်ပုံကိုကြည့်တဲ့အခါ မြန်မာနိုင်ငံတော်အလံ နောက်ခံထားပြီး အဆင့်တူတန်းတူဆက်ဆံတာတွေ့ရတဲ့အတွက် ဒီဓာတ်ပုံလေးဟာ စစ်ကောင်စီကို ပိတ်ရိုက်လိုက်တဲ့ ဓာတ်ပုံလေးဖြစ်တယ်လို့လည်း သံအမတ်ကြီးက ပြောသွားပါတယ်။
ဒီတွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၁၁ ရက် နေ့လယ် ၂ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်ခဲ့တာဖြစ်ပြီး နယူးယောက်မြို့ရှိ မြန်မာပြည်ဖွားတိုင်းရင်းသား ၃၅၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။
တော်လှန်ရေးမှာ စိတ်အားထက်သန်စွာပါဝင်နေကြတဲ့ အမေရိကန်ရောက်တော်လှန်ရေး ညီအကိုမောင်နှမတွေကို ကျေးဇူးတင်ရှိကြောင်း NUGပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပြီး လက်ရှိ ဖြစ်ပေါ်တိုးတက်နေတဲ့ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ အကြောင်းအရာတွေကိုလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။
တက်ရောက်လာကြသူတွေကလည်း သူတို့သိလိုတာတွေ မေးမြန်းကြပြီး ပြည်ထောင်စုဝန်ကြီး ဒုတိယဝန်ကြီးနဲ့ သံအမတ်ကြီးတို့က အသေးစိတ်ပြန်လည်ဖြေကြားပေးခဲ့ကြပါတယ်။
အကြမ်းဖက်စစ်အုပ်စုကြောင့် အတိဒုက္ခရောက်နေကြရတဲ့ မြန်မာပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဖူလုံရေးတို့အတွက် လိုအပ်တဲ့ အကူအညီအထောက်အပံ့တွေပေးဖို့ ယူကေပါလီမန်ကို NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းလိုက်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်က ယူကေနိုင်ငံ၊ လန်ဒန်မြို့တော်ရှိ ယူကေပါလီမန်မှာ All Parties Parliamentary Group (APPG) က ဦးစီးကျင်းပတဲ့ အစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက မြန်မာ့အရေးနဲ့ စပ်လျဉ်းပြီး တက်ရောက် ဆွေးနွေးပြောကြားခဲ့တာလို့ သူ့ရဲ့ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုက လက်ရှိမြန်မာနိုင်ငံရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကဏ္ဍတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ အရှိန်အဟုန်နဲ့ စဉ်ဆက်မပြတ် ကျူးလွန်နေကြကြောင်းနဲ့၊ အကြမ်းဖက်စစ်အုပ်စုကြောင့် အတိဒုက္ခရောက်နေကြရရှာတဲ့ မြန်မာပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဖူလုံရေးတို့အတွက် လိုအပ်တဲ့ အကူအညီအထောက်အပံ့တွေကို အင်္ဂလန်နိုင်ငံနဲ့ နိုင်ငံတကာက အချိတ်အဆက်မိမိ ဆောင်ရွက်သွားစေဖို့ တိုက်တွန်းဆွေးနွေးပြောဆိုခဲ့တာပါ။
ဒီအစည်းအဝေးမှာ စစ်ဘေးသင့် မြန်မာပြည်သူတွေ လတ်တလောကြုံတွေ့နေရတဲ့ ဒုက္ခတွေကို ကယ်ဆယ်နိုင်ရေး၊ တော်လှန်ရေးအလွန်ကာလမှာ လိုအပ်မယ့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုခံရသူတွေကို ပြန်လည်ကုစားပေးရေးလုပ်ငန်းစတာတွေကို ရင်းနှီးနွေးထွေးစွာ ဆွေးနွေးတိုင်ပင်ညှိနှိုင်းခဲ့ကြတယ်လို့ဆိုပါတယ်။
ဒီအစည်းအဝေးကို All-Party Parliamentary Group (APPG) on Global Health ရဲ့ပူးတွဲ ဥက္ကဋ္ဌ လော့စ်နီဂျဲလ်ခရစ်ပ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပါလီမန်အမတ်တွေ၊ လူ့အခွင့်အရေးစောင့်ရှောက်မှုနဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဆောင်ရွက်မှုအဖွဲ့တွေက တာဝန်ရှိပုဂ္ဂိုလ်တွေ ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။
ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်ဝေစိုးဟာ ဖေဖော်ဝါရီလ ၁ ရက်က လန်ဒန်မြို့မှာ ကျင်းပတဲ့ မြန်မာ့နွေဦးတော်လှန်ရေး (၂) နှစ်ပြည့် ဆန္ဒပြပွဲမှာလည်း ယူကေရှိ မြန်မာ့ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေနဲ့အတူ ပါဝင်တက်ရောက်ခဲ့ပါတယ်။
PHOTO-NUG