close

NUG အစိုးရကိုယ်စားလှယ်ရုံး

close

August 3, 2022

သြစတြေးလျတွင် NUG အစိုးရကိုယ်စားလှယ်ရုံး ဖွင့်လှစ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်ရုံးကို သြစတြေးလျအစိုးရ ရုံးစိုက်တဲ့ ကင်ဘာရာမြို့မှာ ဒီနေ့ သြဂုတ် ၃ ရက် ညနေပိုင်းမှာ အခမ်းအနားနဲ့ ဖွင့်လှစ်လိုက်ပါတယ်။

ရုံးဖွင့်ပွဲအခမ်းအနားကို သြစတြေးလျအစိုးရပိုင်း အရာရှိတွေ၊ အကြီးဆုံးပါတီနှစ်ခုက လွှတ်တော်အမတ်တွေ၊ တသီးပုဂ္ဂလအမတ်တွေ ၈၀ ကျော်လောက် တက်ရောက်လာတာ ‘အားရစရာ ကောင်းတယ်’ လို့ အခမ်းအနားမှာရှိနေတဲ့ CRHP၊ NUG Support Group မှ ကိုနိုင်က ဒီဗွီဘီကို ပြောပါတယ်။

ရုံးဖွင့်ပွဲအခမ်းအနားမှာပဲ သြစတြေးလျမှာ တတိယအင်အားအကြီးဆုံး ပါတီဖြစ်တဲ့ ဂရင်းပါတီက NUG အစိုးရကို တရားဝင်အသိအမှတ်ပြုတဲ့အကြောင်း တရားဝင်ကြေညာလိုက်တယ်လို့ သိရပါတယ်။

သြစတြေးလျအစိုးရဌာနတခုဖြစ်တဲ့ Department of Foreign Affairs and Trade ဌာနက ထိပ်တန်းအရာရှိတွေ အပါအဝင် အရာရှိတွေ တက်ရောက်လာကြတယ်လို့ ကိုနိုင်က ပြောပါတယ်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးရုံးကတော့ အခမ်းအနားကို မတက်ရောက်နိုင်တဲ့အတွက် တောင်ပန်းစာ ပေးပို့ထားတဲ့အကြောင်း သြစတြေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက ဒီဗွီဘီနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

ကင်ဘာရာမှာ ဖွင့်လှစ်လိုက်တဲ့ NUG ရုံးဟာ ဒေသတွင်းမှာတော့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံပြီးရင် တတိယမြောက်ရုံး ဖြစ်လာပါတယ်။ သက်ဆိုင်ရာနိုင်ငံအလိုက် NUG ရုံးတွေ ဖွင့်လှစ်တာ အပါအဝင် နိုင်ငံတွေနဲ့ ဆက်ဆံရေးကို တိုးမြှင့်သွားဖို့ လုပ်နေတယ်လို့ NUG နိုင်ငံခြားရေးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦးက ဒီဗွီဘီကို ပြောပါတယ်။

2 mins Ago
Up