အောင်လံလွှင့်ချီ နွေဦးထီဟာ မနေ့က ဩဂုတ် ၁၅ ရက်မှာ ၁ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး ဒီကာလအတွင်းမှာ CDM သူရဲကောင်း ၁ သောင်းကျော်ကို ထောက်ပံ့နိုင်ခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ပိုပြီးကောင်းမွန်လုံခြုံတဲ့ ဝန်ဆောင်မှုစနစ်ကို ပေးနိုင်ဖို့ နွေဦးထီကို ခေတ္တရပ်နားထားခဲ့တာဖြစ်ပြီး ၁ နှစ်ခရီးအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့၊ တော်လှန်ရေး အင်အားစုတွေအတွက် အလုံခြုံစိတ်အချရဆုံးဖြစ်တဲ့ NUGpay နဲ့အတူ ပုံစံအသစ်နဲ့ ပြန်လည်ရောင်းချသွားမှာလို့ ဆိုပါတယ်။
နိုင်ငံတကာက နွေဦးထီကိုယ်စားလှယ်တွေ ရောင်းချပေးနေတဲ့ နွေဦးထီ bulk purchase အစီအစဉ်ကိုတော့ မူလပုံစံအတိုင်းဆက်လက် ရောင်းချပေးနေမှာဖြစ်ကာ အောင်လံလွှင့်ချီနွေဦးထီကို စဉ်ဆက် မပြတ်အားပေးနေကြတဲ့ မိဘပြည်သူတဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိကြောင်းလည်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ ပထမဆုံး Blockchain အခြေပြု ဒစ်ဂျစ်တယ်ငွေကြေးတမျိုးဖြစ်တဲ့ “ဒစ်ဂျစ်တယ် မြန်မာကျပ်” (DMMK)ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ပြည်သူတွေထံ တရားဝင်မိတ်ဆက်ပြီး ထုတ်ပြန်ခဲ့ပြီဖြစ်ကာ NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်တဲ့ ဒစ်ဂျစ်တယ် မြန်မာကျပ် (DMMK) ဟာ တရားဝင် ငွေကြေးတခုဖြင့် ကျောထောက်နောက်ခံပြုထားတဲ့ blockchain နည်းပညာသုံး ဒစ်ဂျစ်တယ် ငွေကြေးတခု ဖြစ်တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ NUGPay ဝန်ဆောင်မှုကို ပြည်တွင်း မြန်မာနိုင်ငံမှာသာမက ပြည်ပရောက်မြန်မာတွေ အများစုရှိတဲ့ ထိုင်း၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ UK ၊ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေမှာ စတင် အသုံးပြုနိုင်မှာဖြစ်ပြီး ဆက်လက်တိုးချဲ့သွားဖို့လည်း ရှိ တယ်လို့ NUG အစိုးရက ပြောထားပါတယ်။
အောင်လံလွှင့်ချီနွေဦးထီကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၅ ရက်နေ့မှာ စတင် ရောင်းချခဲ့တာဖြစ်ပြီး ထီရောင်းချရမှုရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့၀န်ထမ်း CDM တွေအတွက် သုံးစွဲသွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်သွားဖို့ ကြေညာထားပါတယ်။
လတ်တလောအချိန်ထိ ဖွင့်လှစ်ခဲ့ပြီးဖြစ်တဲ့ နွေဦးထီကံထူးရှင်တွေထဲက အများစုကတော့ သူတို့ရရှိတဲ့ ထီဆုကြေးငွေတွေကို စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ပြန်လည်လှူဒါန်းပေးခဲ့တာတွေလည်း ရှိခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီကတော့ နွေဦးထီနဲ့ ပတ်သက်ပြီး ဖွင့်လှစ်ရောင်းချသူတွေနဲ့ အားပေးအားမြှောက်ပြုလုပ်သူတွေကို တရားစွဲ၊ ဖမ်းဆီးထောင် ချသွားမယ်လို့ ခြိမ်းခြောက် ကြေညာထားပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေ သပိတ်မှောက်ပြီး မထိုးဘဲနေတဲ့ အောင်ဘာလေထီကိုလည်း အွန်လိုင်းကနေရောင်းချဖို့ အာဏာသိမ်းစစ်ကောင်စီက စီစဉ်နေပေမယ့် ခုချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။
စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ ကရင်နီပြည်နယ် အမျိုးသားကာကွယ်ရေးတပ် KNDF အတွက် ပြည်သူတွေအနေနဲ့ NUGPay ကတဆင့် ထောက်ပံ့လှူဒါန်းနိုင်ဖို့ ဖိတ်ခေါ်ထားရာမှာ သီတင်းတပတ်အတွင်း မြန်မာငွေကျပ် ၂၅ သိန်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။
ကရင်နီအရပ်ဘက်အဖွဲ့ရဲ့ မှတ်တမ်းအရ ပြီးခဲ့တဲ့ ဇွန် ၁ ရက်ကနေ ၃၀ ရက်အထိ ၁ လအတွင်း ကရင်နီပြည်နယ်မှာ တိုက်ပွဲပေါင်း ၄၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဒီးမော့ဆိုမြို့နယ်မှာ ၂၁ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ အကြမ်းဖက်စစ်ကောင်စီကို ခုခံတွန်းလှန်နေတဲ့ ကရင်နီပြည် သူရဲကောင်းတွေအတွက် ရန်ပုံငွေလိုအပ်ချက်တွေ ရှိနေတာမို့ NUGPay ကတဆင့် ကူညီလှူဒါန်းနိုင်ဖို့ ထုတ်ပြန်ထားတာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကရင်ပြည်နယ်၊ ဝေါလေဒေသ၊ ဥကရစ်ထစခန်းသိမ်းအောင်ပွဲအတွက် NUGPay ကနေ ၂ ရက်အတွင်း ရရှိခဲ့တဲ့ ငွေကျပ် ၄၆ သိန်းကျော်ကို ကော်ဘရာစစ်ကြောင်းဆီ ထောက်ပို့ခဲ့တာ ဖြစ်ပါ တယ်။
လက်ရှိမှာတော့ စစ်ကိုင်းတိုင်းထဲက ဗိုလ်နဂါးဦးဆောင်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်-MRDA အပါအဝင် မြေပြင်တိုက်ပွဲဝင် တော်လှန်ရေးအဖွဲ့တွေ တော်တော်များများကလည်း NUGPay ကတဆင့် တော်လှန် ရေးရန်ပုံငွေတွေ ထောက်ပံ့လှူဒါန်းနိုင်ဖို့ ဖိတ်ခေါ်ထားခဲ့တာကို တွေ့ရပါတယ်။
NUGPay ကိုတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ငွေကြေးစီးဆင်းမှုစနစ်အပေါ် မှီခိုနေရတာကို အဆုံးသတ်ဖို့အတွက် ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK) နဲ့ NUGPay မိုဘိုင်းပိုက်ဆံအိတ်ကို စတင်ထုတ်ဝေလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။
အဆိုပါကြေညာချက်မှာ ဖော်ပြချက်အရ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ချေမှုန်းနိုင်ဖို့အတွက် သီးခြားလွတ်လပ်ပြီး လုံခြုံစိတ်ချရတဲ့ ငွေကြေးလည်ပတ်မှု ယန္တရားစနစ်ကို ထူထောင်ထားတာ ဖြစ်တယ်လို့ NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောထားပါတယ်။
မြန်မာကျပ်ငွေနဲ့ တူညီစွာ တန်ဖိုးရှိတဲ့ ဒစ်ဂျစ်တယ် မြန်မာကျပ် (DMMK) ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ တရားဝင်ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် သတ်မှတ်ထားရှိတဲ့အပြင် ဒီငွေကြေးစနစ်ကို အသုံးပြုနိုင်ဖို့ တွဲဖက်အသုံးပြုရမယ့် NUGPay မိုဘိုင်းပိုက်ဆံအိတ်ကိုလည်း တခါတည်း ထုတ်ဝေထားပါတယ်။