အီတလီနိုင်ငံ၊ ရောမမြို့တော်ရှိ ရင်သွေးငယ်ယေရှုကလေးဆေးရုံက သိပ္ပံပညာရှင်တစုက အသစ်တွေ့ရှိထားတဲ့ Omicron ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲရဲ့ ကမ္ဘာ့ပထမဆုံးဓာတ်ပုံကို နိုဝင်ဘာ ၂၉ ရက်က ဖြန့်ချိလိုက်ပါတယ်။
Omicron မျိုးကွဲသစ်ဟာ ကူးစက်မှုပြင်းထန်တဲ့ ဒယ်လ်တာမျိုးကွဲထက်စာရင် ဆဲလ်ဝင်ရောက်မှု မတိုင်ခင် လူသားဆဲလ်တွေနဲ့ အပြန်အလှန် တုံ့ပြန်တဲ့နေရာဖြစ်တဲ့ spike protein မှာ မျိုးဗီဇ ပြောင်းလဲတာ ပိုများတာကို ဓာတ်ပုံထဲက ပုံရိပ်က ပြသထားပါတယ်။
မျိုးဗီဇပြောင်းလဲတာတွေက ပိုအန္တရာယ်များတယ်လို့ တိုက်ရိုက်ပြောနိုင်တဲ့အချက် မတွေ့သေးဘူးလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
နိုဝင်ဘာ ၂၄ ရက်က တောင်အာဖရိကမှာ ပထမဆုံးတွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲသစ်ကို B.1.1.529 အဖြစ် WHO က ကုဒ်နံပါတ် ပေးခဲ့ပါတယ်။
သောကြာနေ့မှာတော့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက Omicron အမည်ပေးပြီး စိုးရိမ်ရတဲ့ ဗီဇမျိုးကွဲသစ်အဖြစ် ကြေညာခဲ့ပါတယ်။