close

OneWeb

close

December 28, 2021

ဗြိတိန်အခြေစိုက် နည်းပညာကုမ္ပဏီ OneWeb က ဆက်သွယ်ရေးဂြိုဟ်တု ၃၆ လုံး လွှတ်တင်

ဗြိတိန်အခြေစိုက် နည်းပညာကုမ္ပဏီ OneWeb က ကာဇက်စတန်နိုင်ငံ ဘိုင်ကွန်နာ အာကာသဆိပ်ကမ်းကနေ ဆက်သွယ်ရေးဂြိုဟ်တု ၃၆ လုံးကို ဒီဇင်ဘာ ၂၇ ရက်နေ့က လွှတ်တင်ခဲ့ပါတယ်။ တကမ္ဘာလုံး မြန်နှုန်းမြှင့် အင်တာနက် ရရှိဖို့အတွက် အဲဒီဂြိုဟ်တုတွေ လွှတ်တင်ခဲ့တာလို့ OneWeb ကုမ္ပဏီက ပြောပါတယ်။

အခုလွှတ်တင်မှုကို ဗြိတိသျှကုမ္ပဏီ၊ ပြင်သစ် အာကာသဝန်ဆောင်မှုကုမ္ပဏီ အာရီယန်စပေ့ (Arianespace) နဲ့ ရုရှား အာကာသအေဂျင်စီ ရိုကော့စ်မော့စ် (Roscosmos) တို့  ပူးပေါင်း ဆောင်ရွက်တာလို့ OneWeb ကုမ္ပဏီဝက်ဘ်ဆိုဒ်မှာ ကြေညာထားပါတယ်။

OneWeb ရဲ့ ဂြိုဟ်တုတွေရဲ့ အင်တာနက်အမြန်နှုန်းကို အပြည့်အဝချိတ်ဆက်နိုင်မယ့် ဒေသတွေက ဗြိတိန်၊ အမေရိကတိုက်၊ အလက်စကားပြည်နယ်၊ မြောက်ဥရောပ၊ အိုက်စလန်၊ ဂရင်းလန်း၊ အာတိတ်ပင်လယ်နဲ့ ကနေဒါ တို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း OneWeb ကုမ္ပဏီဟာ ဒေဝါလီခံမယ့်အခြေအနေထိ ဖြစ်ခဲ့ပြီး၊ ဗြိတိန်အစိုးရ၊ အိန္ဒိယ  ဘာတီကုမ္ပဏီ (Bharti Enterprises) နဲ့ ဂျပန် (Softbank) တို့က ဝိုင်းကျားကန်ပြီး ငွေကြေးအကာအကွယ် ပေးခဲ့တာကြောင့် အခုဒီဇင်ဘာမှာ ဂြိုဟ်တုတွေ ပြန်လွှတ်တင်နိုင်တာပါ။  OneWeb ဟာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ရရှိခဲ့ပါတယ်။

1 min Ago
Up