ဒလန်ပြဿနာက လိုအပ်ချက်များလွန်းနေသေးတဲ့ နွေဦးတော်လှန်ရေးအတွက် စဉ်းစားစရာကိစ္စ ဖြစ်နေဆဲပါ။ အကြမ်းအားဖြင့်ပြောရရင် လူ့အခွင့်အရေးဆိုင်ရာ တရားမျှတမှု အခြေခံတွေအရ ဒလန်သတင်းပေးကို သတ်လို့မရဘူးဆိုတာနဲ့ တော်လှန်ရေးရဲဘော်တွေကို အဆုံးရှုံးခံမှာလားဆိုတဲ့ မေးခွန်းနှစ်ခု လွန်ဆွဲနေတယ်။ ဒလန်သတင်းပေးရဲ့ စိမ့်ဝင်လက်လှမ်းမီမှု ကြီးမားလေလေ ဒီတော်လှန်ရေးကို မြန်မြန်နဲ့ များများ အဆိပ်တက်စေနိုင်လေဆိုတာလည်း တွေးကြည့်လို့ရတယ်
အရင်ဆုံး ဒလန် စကားလုံးကို လေ့လာစဥ်းစားကြပါစို့။ ‘ဒလန်’ က ဟိန္ဒီစကားဖြစ်တဲ့ ‘ဒလာလ်’ ကနေလာပြီး ‘တစုံတယောက်၏ အကျိုးအတွက် အခြားသူကို လှည့်ဖြား၍ ဆောင်ရွက်ပေးသူ’ လို့ ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလမှာ ပထမအကြိမ် ပုံနှိပ်ခဲ့တဲ့ မြန်မာ့ခရီးဆောင်အဘိဓာန်ရဲ့ စာမျက်နှာ ၁၅၀ မှာ ဖော်ပြထားတယ်။
တဆက်တည်းမှာပဲ လက်ရှိ ပြည်တွင်း လက်တွေ့အခြေအနေအရ အများသူငါ နားလည်လက်ခံထားတဲ့ ‘ဒလန်’ ကို စဥ်းစားကြည့်မိတယ်။ အာဏာသိမ်းခါစလ တချို့တုန်းက နေထိုင်ရာ ရပ်ကွက် မြို့နယ်အလိုက် ည ၇ နာရီ၊ ၈နာရီဆို စပြီး ဘက်ကင်းစောင့်ခဲ့ကြရတယ်။ အဲဒီအချိန်တုန်းက ရပ်ကွက်တွေထဲ ပြေးကြ လိုက်ကြရတာတွေ မကြာမကြာရှိခဲ့ပြီး တချို့နေရာတွေမှာလည်း မိကြတယ်ပေါ့လေ။ စုစည်းနေတဲ့ ရပ်ရွာသားတွေကို မသမာတဲ့ ရည်ရွယ်ချက်နဲ့ ညရေးညတာ အနှောင့်အယှက် ပေးခဲ့တဲ့သူတွေ၊ လူတွေကြားထဲစိမ့်ဝင်ပြီး ပြဿနာဖန်တီးသူတွေကို အဲဒီတုန်းက အရပ်ထဲ ခေါ်ခဲ့ကြတာ ဒလန်ပါ။ နောက်တော့ သံပုံးတီးတဲ့အိမ်တွေ၊ CDM တွေ၊ ပြောက်ကျားသပိတ်လူငယ်တွေ၊ မြို့ပြပြောက်ကျားတွေ ရပ်ကွက်ထဲရှိတယ်ဆိုပြီး စစ်တပ်ကို သတင်းပေးတဲ့သူတွေက ဒလန်ဆက်ဖြစ်လာတယ် ပြောရမယ်။ အခုဆို တော်လှန်ရေး ဘက်တော်သား အကြောင်းအရာ အချက်အလက်တွေကို စစ်တပ်ဘက်ဆီ သူလျှိုလိုနေပြီးဖြစ်စေ၊ ပေါ်တင်ဖြစ်စေ သတင်းပေးတဲ့သူကို ဒလန်လို့ အများက လက်ခံထားကြပြီ ဆိုရမယ်။
ဒါဆို ဘာလို့ ဒလန်ရှင်းလင်းရေးကို စိတ်ပူနေတာလဲလို့ မေးလာရင် ရှင်းပါတယ်။ အဆင်ခြင်မဲ့ တရားလက်လွတ် သတ်ဖြတ်ခြင်းဆိုတာကို ကျနော်တို့ လိုက်လုပ်မိလို့ မဖြစ်လို့ပါ။ တော်လှန်ရေးနဲ့ ဆက်စပ်လှုပ်ရှားမှုတွေမှာ မှားယွင်းသတ်ဖြတ်မိမှုတချို့ ရှိတာကိုလည်း လွတ်လပ်တဲ့ သတင်းမီဒီယာ ဖော်ပြမှုတွေမှာ ကျနော်တို့ မြင်တွေ့ရပြီးပြီ။ ဖက်ဆစ်စစ်တပ် ကျူးလွန်တဲ့ပမာဏနဲ့ ယှဥ်ရင် မပြောပလောက်တဲ့ ပမာဏပါလို့ ပြန်ထောက်ချင်သူများ သတိချပ်စေလိုပါတယ်။ ပုံဖျက်ဖို့ ကြိုးစားနေသူတွေ ရှိနေချိန်မှာ ကိုယ်ကိုယ်တိုင်က ပုံမဖျက်မိဖို့ အရေးကြီးပါတယ်။ ကျနော်တို့ ဖက်ဆစ်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကို ဒီလိုကိစ္စမှာ နှိုင်းယှဥ်ပြောနေလို့ပင် မဖြစ်ပါ။ နောင်တချိန် အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု အစီအစဥ်တွေမှာ ဒီကိစ္စက တော်လှန်ရေးရဲ့ အခြေခံဖြစ်တဲ့ တရားမျှတမှုကနေ ကင်းကွာမနေဖို့၊ ရှေ့နောက်ညီနေဖို့ အရေးကြီးတာ ကျနော်တို့ အမြဲနားလည်နေကြရမယ်။
ဆောင်ပါးအစမှာ ဖော်ပြခဲ့တဲ့ ဒလန်သတင်းပေးကို သတ်လို့မရဘူး ဆိုတာနဲ့ တော်လှန်ရေးရဲဘော်တွေကို အဆုံးရှုံးခံမှာလား ဆိုတာကို အရင်းတည်ပြီး ဆောင်းပါးရှင်ရဲ့ စဥ်းစားချက်တွေကို စပြီး ဆွေးနွေးတင်ပြပါရစေ။ လက်ရှိ ဖက်ဆစ်စစ်တပ် အာဏာသိမ်းမှု မအောင်မြင်ရတာ နိုင်ငံရေးဖိအားနဲ့ စစ်ရေးတုံ့ပြန်မှုဆိုတဲ့ နှစ်ခုပေါင်း တော်လှန်ရေးကြောင့်ပါ။ သတင်းပေး ဒလန်ဆိုတာတွေက လက်ရှိမှာ တော်လှန်ရေးလှုပ်ရှားမှုနဲ့ အင်အားတွေကို လက်ငင်းထိခိုက်နစ်နာစေတယ်။ တော်လှန်ရေးက game ပွဲသဖွယ်ပါပဲ။ လူအင်အားအရင်းအမြစ်၊ ဓနအင်အားအရင်းအမြစ်၊ အချိန်အရင်းအမြစ် ရှိသလောက်ကနေ ဆင်နွှဲရတာ ဖြစ်နေတယ်။ အကန့်အသတ်နဲ့ တိုရေရှားရေဖြစ်မှုကို တော်လှန်နေတဲ့ ပြည်သူတွေရော၊ ရဲဘော်တွေရော၊ မဆိုင်သလို နေနေကြသူတွေပါ ခံစားကြရတယ်။ ပိုဆိုးတဲ့ အပိုပေးထားချက်က ကမ္ဘာ့နိုင်ငံရေးကလည်း မြန်မာနိုင်ငံရဲ့ တော်လှန်ရေး အမှန်တကယ် အကူအညီဖြစ်အောင် ထောက်ပံ့ပေးနိုင်တာမျိုး မရှိသေးတာကို အခု တနှစ်နဲ့ ၁၀ လအကြာမှာ ကောင်းကောင်းသိရှိနိုင်တယ်။ ‘ငါတို့မှာ ငါတို့ပဲရှိတယ်’ လို့ ပြောလာကြရတဲ့အထိ ကိုယ့်အားကိုယ်ကိုး ကိုယ့်ရှိသမျှအားနဲ့ တော်လှန်ပြီး အနာဂတ်ကို ရည်မှန်းနေကြရတဲ့ မြန်မာပြည်သူတွေအတွက် ဒီ ကျစ်ကျစ်ပါအောင် ဆုပ်ထားရတဲ့ တော်လှန်ရေးအပေါ် ထိခိုက်စေတဲ့ ဒလန်သတင်းပေးကို အရေးမယူဘဲ၊ တစုံတရာ မဆောင်ရွက်ဘဲ အဆင်မပြေနိုင်ဘူး ဆိုတာကို ဆောင်းပါးရှင် နားလည်ထားတယ်။
လက်ရှိ တော်လှန်ရေးကို မထိခိုက်ဖို့ရော၊ လူ့အခွင့်အရေးဆိုင်ရာ တရားမျှတမှု အခြေခံကနေရော၊ ပြီးတော့ နောင်တချိန် အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု အစီအစဥ်တွေ အတွက်ရော အကောင်းဆုံး ထိန်းညှိလှုပ်ရှားနိုင်မယ့် အချက် ၃ ချက်ကို အောက်ဖော်ပြပါတွေအတိုင်း စဥ်းစားမိတယ်။
၁။ စစ်တပ်ရဲ့ ဒလန်သတင်းပေး ဟုတ် မဟုတ် အတည်ပြုခြင်း
တရားမျှတမှုအခြေခံကနေ အကာအကွယ်ပေးမယ်ဆိုတဲ့ တရားဥပဒေစိုးမိုးမှု သဘောတရားအရ ပျော့ပျောင်းစွာဖြစ်စေ၊ ပြင်းထန်စွာဖြစ်စေ ဒလန်သတင်းပေးမဟုတ်ဘဲ အရေးမယူမိဖို့က ဒလန်သတင်းပေးအစစ်ကို ဖမ်းမိမှုထက် ပိုဦးစားပေးထားနိုင်ရမယ်။ Non CDM ဖြစ်ရုံ၊ ကြံ့ခိုင်ရေးပါတီဝင်ဖြစ်ရုံ၊ စစ်တပ်ထောက်ခံသူလို့ ပတ်ဝန်းကျင်က ပြောရုံသက်သက်နဲ့ ဒလန်သတင်းပေးလို့ သတ်မှတ်ဖို့က အန္တရာယ်များလှပါတယ်။ လုံလောက်တဲ့ ပတ်သက်ဆက်ဆံနေမှု၊ ဆက်သွယ်နေမှုကို တော်လှန်ရေးဘက်က ထောက်လှမ်း အတည်ပြုနိုင်မှ တော်ကာကျမယ်။ ဒလန်သတင်းပေးဖြစ်တယ်လို့ အမှန်တကယ် အချက်အလက် စုဆောင်းအတည်ပြုနိုင်ပြီးမှ သက်ဆိုင်ရာ လှုပ်ရှားရာနယ်မြေရဲ့ ဖြစ်နိုင်ခြေအလိုက် တစုံတရာ အရေးယူဖို့ စစီစဥ်ချိန်ဆရမယ်။
၂။ ဒလန်သတင်းပေးကို ရှင်းလင်းအရေးယူရခြင်းမှ အတတ်နိုင်ဆုံးလျှော့ချခြင်း
ဒီဒုတိယအဆင့်က ရှေ့အဆင့်နဲ့ ကောင်းကောင်းကြီး ဆက်စပ်နေပါတယ်။ ဒလန်သတင်းပေးဖြစ်ကြောင်း အတည်ပြုနိုင်ပြီးမှ အရေးယူဖို့ စဆောင်ရွက်တယ်ဆိုတဲ့ အခြေအနေမှာ လှုပ်ရှားရာနယ်မြေအလိုက် ဒလန်သတင်းပေးကို ရှင်းလင်းအရေးယူရခြင်းကနေ အတတ်နိုင်ဆုံး လျှော့ချခြင်းက ကွာခြားနိုင်တယ်။ စိုးမိုးနယ်မြေ ထူထောင်ထားနိုင်တဲ့ နေရာတွေမှာ ‘တိတိကျကျ အတည်ပြုပြီးသား’ ဒလန်သတင်းပေးကို ထိန်းသိမ်းထားဖို့က ဖြစ်နိုင်နေလို့ပါ။ စိုးမိုးနိုင်မှု မတည်ငြိမ်သေးတဲ့ ဒေသတွေဆိုရင် နောက်တန်းကတဆင့် ခြေကုပ်ယူမှုအားကောင်းတဲ့ သက်ဆိုင်ရာ မဟာမိတ်တပ်ကြီးတွေရဲ့ နယ်မြေကို ပို့ဆောင်ထိန်းသိမ်းနိုင်တယ်။ ရွှေ့ပြောင်းသယ်ဆောင်ရတဲ့ အခက်အခဲ၊ ထိန်းသိမ်းထားရမယ့် အခက်အခဲတွေက ရှိကိုရှိမှာပါ။ မဖြစ်မနေ လုပ်နိုင်ဖို့ကလည်း လိုအပ်နေတာပါ။ မဟုတ်ရင် ရှင်းလင်းပစ်ရမှုကို ပိုဖြစ်စေနိုင်တယ်။ အခုရှုပ်မှ နောင်ရှင်းမယ်ဆိုတဲ့ သဘောလိုပါပဲ။
၃။ တရားဝင်စုဖွဲ့မှုကနေ တရားဝင်အရေးယူမှုအဖြစ် ပုံဖော်ခြင်း
ဒီ နံပါတ် ၃ အချက်က ၁ နဲ့ ၂ ကို ပိုတိုးတက်စေမယ့်ကိစ္စပါ။ တရားဝင်စုဖွဲ့မှုဆိုတာ မဟာမိတ်ဖြစ်ကြောင်း ကြေညာတာထက်ပိုတဲ့ စုပေါင်းမှုကို ဆိုလိုခြင်းဖြစ်ပါတယ်။ စစ်ရေးအရ တပ်ပေါင်းစုဖွဲ့တာကနေ အင်အားစုအများအပြားကြား ဥပဒေတွေနဲ့ အချင်းချင်း အာမခံစည်းနှောင်မယ့် နိုင်ငံရေးဖွဲ့စည်းပုံရေးဆွဲပြီး ထူထောင်နိုင်တဲ့ ပိုတရားဝင်လာဖွယ်ရာရှိတဲ့ အစိုးရအဖွဲ့အထိ ဆိုလိုတာပါ။ ဒီလိုဆိုရင် အရေးပေါ်ကာလ အခြေအနေမှာ တရားဥပဒေစိုးမိုးမှု ဖော်ဆောင်နိုင်ဖို့ တရားဝင်လုပ်ငန်းစဥ်အရ ထောက်လှမ်းအတည်ပြုပြီး တရားဝင်အရေးယူမှုအဖြစ် မှတ်တမ်းပြုစုထားနိုင်တယ်။ ဒီဟာက ထိန်းသိမ်းရမှု အခက်အခဲနဲ့ ခိုင်မာတဲ့ဒေသတွေဆီ ရွှေ့ပြောင်းသယ်ဆောင်ရင်း ထိန်းသိမ်းရတဲ့ အခက်အခဲလိုဟာတွေကို တရားဝင်စုစည်းမှုကနေ ဖော်ဆောင်တာ ဖြစ်တဲ့အတွက် ပိုတွင်ကျယ်စေနိုင်တယ်။ နောက်ပြီး လက်ရှိအရတော့ မြို့ပြပြောက်ကျားတွေအတွက် ၂ က မဖြစ်နိုင်ပါဘူး။ မြို့ပြမှာ အတတ်နိုင်ဆုံး စစ်ဘက်ဆိုင်ရာ ပစ်မှတ်ကိုသာ ဦးစားပေးထားသင့်ပြီး ဒလန်သတင်းပေးကို ‘တကယ်တိတိကျကျ အတည်ပြုနိုင်မှသာ’ အရေးယူဖို့ စီစဥ်သင့်တယ်။ မြို့ပြပြောက်ကျားတွေအတွက် ဒီ ကိုင်တွယ်ရခက်စေမယ့် အခြေအနေကို နံပါတ်သုံးအချက်နဲ့ နံပါတ်တစ်အချက် ပေါင်းစပ်နိုင်ရင် နောင်ရေးအတွက် စိတ်အေးလို့ရဖွယ်ရာရှိတယ်။
အခုဆွေးနွေးတင်ပြတာတွေကို စဥ်စားကြည့်ဖို့ နေနေသာသာ ရှိပြီးသား မြေပြင်က အဖွဲ့တွေကို အကြောင်းအမျိုးမျိုးနဲ့ စုစည်းမရတာ၊ လက်နက်ခဲယမ်း မလုံလောက်တာ၊ အနေအစားနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေတင် ခက်ခဲနေတာနဲ့ နယ်မြေတွေ ထိန်းထားနိုင်ဖို့ ခက်ခဲတဲ့ ဒေသတွေတောင် ရှိနေတာကို ဆောင်းပါးရှင် သိရှိပါတယ်။ စနစ်မကျတဲ့ နိုင်ငံရေးဦးဆောင်မှုတွေရဲ့ အကျိုးဆက်က မြေပြင်မှာ စနစ်တကျ စုစည်းမရခြင်းကို တိုက်ရိုက်ရော သွယ်ဝိုက်ပါ သက်ရောက်စေနေတာလို့ ကြုံတုန်း ဝေဖန်ခဲ့ပါရစေ။ စနစ်တကျ စုစည်းမရတော့ စစ်တပ်ရဲ့ ထိုးစစ်တွေကို စနစ်တကျခုခံဖို့ ခက်ခဲနေတာပေါ့ဗျာ။
အုမ်းမောင် (သူ့အတွေး သူ့အမြင် – Op-Ed)
(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)
လူမှုကွန်ရက်တွေပေါ်မှာတော့ အနောက်တံခါးလို့ တင်စားခေါ်ခဲ့ကြတဲ့ ရခိုင်ဒေသမှာ ULA/AA နဲ့ ဗမာမိစ္ဆာစစ်ဂိုဏ်းတို့ အလွတ်သဘော အပစ်အခတ်ရပ်စဲလိုက်တဲ့အကြောင်းတွေ ဖတ်နေရတယ်။ တချို့လည်း အပြစ်တင်ဝေဖန်ကြတာရှိသလို တချို့ကတော့ AA ဘက်ကနေ ကာကွယ်ပြောဆိုနေတာလည်း တွေ့ရတယ်။ တချို့က နွေဦးတော်လှန်ရေးအတွက် စိတ်ပျက်တဲ့ လေသံတွေလည်း တွေ့ရတယ်။ အနောက်တံခါး မဖောက်ပြားဖို့တော့ လိုတာပေါ့။
တကယ်တော့ အများစုက မျက်စိလည်နေကြဟန်ပါပဲ။ AA အပေါ် ပိုတွက်ပြီး မျှော်လင့်ကြသလို လျှော့တွက်ပြီး စဉ်းစားကြတာတွေလည်း ရှိမှာပါ။ ပကတိ အရှိတရားပေါ်ကပဲ ကြည့်ကြရမှာပါ။ ပိုတွက်ပြီးလည်း မမျှော်လင့်နဲ့၊ လျှော့တွက်ပြီးလည်း မကြည့်လေနဲ့။ AA အဖွဲ့ရဲ့ အန္တိမရည်မှန်းချက်။ သူတို့ရဲ့ဒေသ သမိုင်းဆိုင်ရာ ဖြစ်စဉ်တွေ။ ဒေသတွင်း တော်လှန်ရေး အနေအထားတွေနဲ့ ဒေသတွင်း နေထိုင်ကြသူတွေရဲ့ စိတ်သဘောထားကအစ လူမျိုးစုအခြေခံစရိုက်အဆုံး အားလုံးကို ထည့်သွင်းစဉ်းစားကြရမှာပါ။
AA အဖွဲ့က အစကတည်းက “ရက္ခိတလမ်းစဉ်၊ ရက္ခိတအိပ်မက်”ဟာ သူတို့ပန်းတိုင်ပဲ။ ကျန်လူမျိုးစုတို့ရဲ့ အိပ်မက်နဲ့တော့ ဘယ်တူမလဲ။ သူတို့က “အနည်းဆုံး ဝ ဒေသ အခြေအနေမျိုးတော့ ရမှဖြစ်မယ်” ဆိုတဲ့ သဘောထားက ရှိပြီးသား။ ဖက်ဒရယ်ဒီမိုကရေစီဟာ သူတို့အိပ်မက်တခု မဟုတ်ပေဘူးပေါ့။ ဒီအချက်ကို ချန်လှပ်ပြီး လိုတိုးပိုလျှော့လုပ်ကာ သူ့ကို မျှော်လင့်နေတာ၊ သုံးသပ်နေတာဆိုရင် ပကတိတရားပေါ်ကပဲ ပြန်မြင်ကြည့်လိုက်ပါ။ မျှော်လင့်ချက်ဟာ အရှိတရား မဟုတ်ဘူး။ ဆန္ဒတခုမျှသာဆိုတာ မြင်လာပါလိမ့်မယ်။
ရခိုင်ဒေသရဲ့ အခြေအနေက ကျန်လူမျိုးစုဒေသတွေထက် ပိုရှုပ်ထွေးတယ်။ ARSA ပေါ်လာတာ၊ AA ပေါ်လာတဲ့ အခြေအနေတွေဟာ သမားရိုးကျ တော်လှန်ရေးအင်အားစုတို့နဲ့ သိပ်မတူပေဘူး။ တူတာတခုက လူမျိုးစု လက်နက်ကိုင်တော်လှန်အဖွဲ့တိုင်း ပေါ်လာတာရဲ့ နောက်မှာ နိုင်ငံကြီးတနိုင်ငံနဲ့တော့ ကင်းလေ့မရှိကြပါဘူး။ ARSA ပေါ်လာတာ AA ပေါ်လာတာက အစပေါ့။ အဆုံးစွန်ဆုံး ‘လက်ဝဲ’ လက်နက်ကိုင်တော်လှန်ရေး ပေါ်တာလည်း ဒီနည်းအတိုင်းပဲ မဟုတ်လား။ ARSA တို့ AA တို့ပေါ်လာပုံတွေကလည်း မရိုးရှင်းသလို ရခိုင်မှာရှိတဲ့ ANP ပါတီ အပါအဝင် ပါတီအများစု မရိုးရှင်းခဲ့ပါဘူး။ ANP ပါတီက ဦးအေးမောင် ဆိုရင် “အားကိုးစရာဆိုလို့ စစ်တပ်ပဲရှိပါတယ်”လို့တောင် ထုတ်ပြောခဲ့သေးတာ မှတ်မိကြအုံးမယ် ထင်ပါရဲ့။ ဗိုလ်သိန်းစိန်လက်ထက် ရိုဟင်ဂျာ ပြဿနာ ဆိုတာလည်း ရိုးရိုးသားသား နိုင်ငံရေးအရ ဖြစ်ပေါ်လာခဲ့တယ်လို့ ပြောဖို့ခက်ပါတယ်။ ရခိုင်တို့ရဲ့ ‘အမျိုးသားရေး ဆာလောင်မှု’ ကို စစ်မိစ္ဆာတို့ ကောင်းကောင်းအသုံးချနိုင်ခဲ့ပါတယ်။ ရခိုင်တမျိုးသားလုံးရဲ့ ရင်ထဲမှာ အမျိုးသားရေးမွတ်သိပ်မှု အလွန်အားကြီးခဲ့ပေတာကိုး။
၂၀၁၂ ခုနှစ် မသီတာထွေး မုဒိမ်းကျင့်ခံရပုံကအစ ဗလီဆရာ ၁၀ ဦး အသတ်ခံရတာအဆုံး အားလုံးနီးပါးကလည်း မရိုးရှင်းတဲ့ လုပ်ကြံဇာတ်ကွက်တခုပါပဲ။ အချို့ လေ့လာသုံးသပ်သူတွေကတော့ အဲဒါရဲ့အကြောင်းခံဟာ “White Card” (ယာယီမှတ်ပုံတင်ကတ်) ပြဿနာက အစပြုခဲ့တာလို့ ဆိုကြပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ မဲအသာရရေးအတွက် ရိုဟင်ဂျာတွေရဲ့ ထောက်ခံမဲ လိုအပ်ခဲ့တယ်။ အဲဒီအတွက် ဝှိုက်ကတ်ကို ၁၉၉၆ လောက်ကတည်းက တီထွင်အသုံးချခဲ့ပေမဲ့ ၂၀၁၂ ခု၊ ပထမအကြိမ် လွှတ်တော်မှာ ‘ဝှိုက်ကတ်’ ကို နိုင်ငံသားကတ်အဖြစ် ပြောင်းပေးဖို့ အစီအစဉ် ရှိ၊ မရှိကို မောင်တောအမတ် ဦးအောင်ဇော်ဝင်း (ခေါ်) ဦးဇော်ကာအာမက်က မေးခွန်းမေးရာက မသီတာထွေး အဓမ္မပြုကျင့်ခံရတဲ့ကိစ္စရပ်ဟာ စာမျက်နှာပေါ် ရောက်လာခဲ့တာပဲ။
ဦးဇော်ကာအာမက်ရဲ့ အမေးကို ANP ပါတီဥက္ကဋ္ဌ ဦးအေးမောင်က “ကျနော်တို့အနေနဲ့ ဘင်္ဂါလီတွေကို နိုင်ငံသားအခွင့်အရေး ပေးလိုက်မယ်ဆိုရင် ဒီနယ်မြေအပေါ်မှာ ထိန်းချုပ်နိုင်မှု ဆုံးရှုံးသွားမှာဖြစ်တယ်။ ရခိုင်ပြည်ထဲမှာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နေတဲ့ ဘင်္ဂါလီတွေမှာ အလုပ်လုပ်ခွင့် အခွင့်အရေးနဲ့ လွတ်လပ်စွာသွားလာခွင့် စတာတွေ ရှိပါတယ်။ ဒါပေမဲ့ မဲပေးခွင့် အခွင့်အရေးကတော့ မရှိသင့်ဘူး” လို့ ပြောဆိုခဲ့သေးတယ်။ ဒါဟာ ရခိုင်ပါတီကြီးတခုက ဥက္ကဋ္ဌတယောက်ရဲ့ ‘အမျိုးသားရေးဆာလောင်မှုစရိုက်မှန်’ လို့ ပြောရင်တောင် ရနိုင်ကောင်းပါတယ်။
အဲဒီနောက် ၂၀၁၂ ထဲမှာ ကျောက်နီမော်က မသီတာထွေး အဓမ္မပြုကျင့်ခံရတဲ့အမှု ဖြစ်ပေါ်ခဲ့ပြီး အမျိုးသားရေး အစွန်းရောက်ဝါဒီ (မဘသ) တွေ ထကြွလာခဲ့တာပဲ။ မကြာမီမှာပဲ တောင်ကုတ်၊ မောင်တော အပြန်အလှန် လက်စားချေမှုတွေက စစ်တွေထိသာမက ရခိုင်မြောက်ပိုင်းအနှံ့ ကျယ်ပြန့်လာတော့တယ်။ မြေပြန့်ဒေသတွေဆိုရင် မိတ္ထီလာ၊ ရမည်းသင်း၊ မန္တလေးတို့အထိ အစွန်းရောက်တွေရဲ့ လူသတ်ပွဲတွေ ဖြစ်ပေါ်လာခဲ့တာပေါ့။ ဒါတွေက AA ရဲ့ စစ်ရေးမဆင်မီ ရခိုင်ဒေသရဲ့ ပကတိအခြေအနေတွေ။
AA ပေါ်လာတာ စတင်တည်ထောင်ခဲ့တာဟာ ၂၀၀၉ ကတည်းကဆိုပေမဲ့ NLD လက်ထက် ၂၀၁၅ ခုနှစ်မှာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေစတင်ဖော်ဆောင် စစ်ရေးလှုပ်ရှားမှုကို စတင်ခဲ့ကြတာ။ AA, MNDAA, KIA, TNLA တို့နဲ့လည်း မြောက်ပိုင်းမဟာမိတ်အဖြစ် ဖွဲ့စည်းခဲ့သလို DKBA စောဆန်းအောင်တို့နဲ့လည်း ပူးတွဲလှုပ်ရှားနိုင်ခဲ့တာကိုလည်း တွေ့မြင်နိုင်ပါတယ်။ ဒါ့အပြင် ဝ အဖွဲ့ UWSA တို့နဲ့လည်း မဟာမိတ်ဆက်ဆံရေး ရှိခဲ့တယ်။ မြေပြန့်ဒေသမှာဆိုလည်း မကွေး PDF တွေနဲ့လည်း မကင်းရာမကင်းကြောင်းတွေ ရှိနေဆဲပါ။ ဒါတွေဟာ AA ရဲ့ ပကတိအနေထားတခု ဖြစ်နေပြန်တယ်။
နောက်တခု ပြောရမှာက ရခိုင်တို့ရဲ့ “အမျိုးသားရေး ဆာလောင်မှု” ပဲ။ အမျိုးသားရေး ဆာလောင်မှု ဆိုရာမှာ ဘာသာရေးနဲ့ လူမျိုးရေးပြဿနာရပ်တွေ အကျုံးဝင်နေတယ်။ ရခိုင်မြောက်ပိုင်းဟာ ဒီနှစ်မျိုးလုံး သမိုင်းနဲ့ချီခဲ့ ရှုပ်ထွေးခဲ့တာဖြစ်တယ်။ ရခိုင်မြောက်ပိုင်းမှာ ဘင်္ဂလားနယ်က လာရောက်နေထိုင်သူတွေက လူများစုဖြစ်လာပြီး ရခိုင်က လူနည်းစု ဖြစ်နေတယ်။ ဒီဒေသကို ရခိုင်ဩဇာ လွှမ်းမိုးနိုင်ဖို့အတွက် ဦးအေးမောင်တို့က ဝှိုက်ကတ်ကို မဲပေးခွင့် မပြုနိုင်တာကလည်း ဒီအချက်ကြောင့်ဖြစ်တယ်လို့ ဆိုရမှာပါ။ ဒါက ရခိုင်တို့ရဲ့ အမျိုးသားရေး ဆာလောင်မှု တစိတ်တပိုင်းပါ။
တကယ်တော့ ရခိုင်မြောက်ပိုင်းဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်တို့မှာ ဖြစ်ပေါ်ခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခမှာ ကျောက်နီမော်က လတ်တလော အကြောင်းခံမျှသာ ဖြစ်တယ်။ ဒီပြဿနာတွေက အင်္ဂလိပ်လက်ထက်ကတည်းက အခြေတည်ခဲ့တာပါ။ အဲဒါကိုသိတဲ့ ဘာသာရေးအစွန်းရောက်တို့နဲ့ စစ်မိစ္ဆာဂိုဏ်းက လှလှပပ အသုံးချသွားခဲ့ကြတာ။
အမျိုးသားရေးအခြေခံတဲ့ ပဋိပက္ခတွေကျတော့ ဘင်္ဂါလီသာမက တခြားလူမျိုးစုငယ်တွေအပြင် မြေပြန့်ဒေသ မြန်မာလူမျိုးစုတွေ အပေါ်မှာလည်း အမျိုးသားရေး ဆာလောင်မှု ရှိခဲ့ပါတယ်။ ရခိုင်ပဒေသရာဇ်နိုင်ငံတော် ဆုံးရှုံးခဲ့ရတဲ့ အပေါ်မှာ ခံစားချက် ပြင်းရှခဲ့ဟန်ပါပဲ။ ဒါကြောင့်လည်း ၂၀၁၅ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ “ရခိုင်တို့ အချုပ်အခြာအာဏာ ဆုံးရှုံးရသည့် ၂၃၁ နှစ်မြောက်” နေ့ကို ရခိုင်ဒေသတခုလုံး ဝှဲချီးကျင်းပခဲ့တယ်။ ဒါကလည်း ရခိုင်တို့ရင်မှာ ခံစားရတဲ့ ‘သမိုင်းပြည်တည်နာ’ တခုကို ထုတ်ပြလိုက်ဟန်ပါပဲ။ အဲဒီ ‘သမိုင်းပြည်တည်နာ’ က နှစ်ပေါင်းရာနဲ့ချီပြီး ရှိခဲ့တာပဲ။
ဂျပန်နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌကတော့ အစ္စရေးလော်ဘီနေရာ ဝင်လာတဲ့သဘောပါပဲ။ ဂျပန်တို့ အလိုအရ တရုတ်လွှမ်းမိုးမှုကို ဝင်ရောက်ဂျမ်းတုံးခုတာထက် မပိုဘူး။ ဒါပေမဲ့ တရုတ်ဩဇာက ဝ ကတဆင့် ပိုလွှမ်းဟန်ရှိနေတာကိုတော့ ဂျပန်တို့ ကျော်နိုင်မှ ကျော်နိုင်ပါလေစ။ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှာလည်း NLD ကာလက ချုပ်ဆိုခဲ့တဲ့ စာချုပ်ကို ပြင်ဆင်ချုပ်ဆိုဖို့ အထိတော့ ‘ရက္ခိတအိပ်မက်’ တခုလုံး တရုတ်ကြွေးမြီကျွန် အဖြစ်ခံပါ့မလား’ လို့ ဆင်ခြင်မိတယ်။ အိန္ဒိယကတော့ ရခိုင်အစပ်ရဲ့ ပြည်ကူးတံတားစီမံကိန်း ဆက်လက် အကောင်အထည် မဖော်နိုင်သေးတာကြောင့် AA အပေါ် ထွက်ပေါက်ပိတ်ဆို့လေသလား လို့လည်း စဉ်းစားစရာ ဖြစ်ခဲ့ပါတယ်။ ဒါတွေက AA ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေလို့ပဲ ဆိုရမယ်ထင်ပါတယ်။
AA ရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေကို အကဲဖြတ်တိုင်း သူတို့ရဲ့ “ရက္ခိတအိပ်မက်၊ အမျိုးသားရေး ဆာလောင်မှု၊ သမိုင်းပြည်တည်နာ’ တွေနဲ့ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် တို့ရဲ့ ပထဝီဝင်နိုင်ငံရေးတွေကိုပါ ထည့်သွင်းစဉ်းစားနိုင်မှ အမှန်ကန်ဆုံး အခြေအနေတခုကို ထိတွေ့နိုင်မှာ ဖြစ်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် AA အဖွဲ့ကတော့ သူတို့အိပ်မက်ကို အတိုးအဆုတ်နဲ့ ကစားရင်း ပထမအကြိမ် ၂၀၂၀ အပစ်ရပ်နဲ့ သူ့ရဲ့တည်ရှိမှုကို ချဲ့ထွင်တည်ဆောက်နိုင်ခဲ့သလို ဒုတိယအကြိမ် ၂၀၂၂ အပစ်ရပ်ခြင်းတို့နဲ့ပဲ ရက္ခိတအိပ်မက်ကို ကုလားအုတ်ဗျူဟာအတိုင်း ချဲ့ထွင် လုပ်ဆောင်လာနိုင်ခဲ့တာကို တွေ့နိုင်ပါတယ်။
ဒါကြောင့် ပြည်တွင်းပြည်ပ နွေဦးတော်လှန်ရေး အားစိုက်နေကြတဲ့ ရဲဘော်များအနေနဲ့ လိုအပ်သည်ထက် ပိုပြီး မျှော်လင့်ချက်မထားဖို့နဲ့ ရှေ့မှာ ဖော်ပြခဲ့သလို ပကတိတရားများပေါ်မှာ ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ကြရမှာဖြစ်တယ်။ ဖြစ်သင့်တာကတော့ ‘စစ်မိစ္ဆာဂိုဏ်း’ ကို အမြန်ဆုံး အမြစ်ဖြတ်နိုင်ဖို့အတွက်ဆိုရင် ‘အနောက်တံခါးဟာ မဖောက်ပြားဖို့’ တော့ လိုမှာပါ။ ဒါမှလည်း ကျန်တိုင်းရင်းသားလူမျိုးစုတွေ မျှော်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အမြန်ဆုံး အကောင်အထည်ဖော် တည်ဆောင်နိုင်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။
စစ်မိစ္ဆာဂိုဏ်း အမြန်ချုပ်ငြိမ်းပါစေ။
ဂန္ထဝင်မောင်ထူး (သူ့အတွေး သူ့အမြင် – Op-Ed)
(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)