close

Patriot

close

August 10, 2022

Patriot ပခုံးထမ်းလောင်ချာများ ထုတ်လုပ်ရန် ဒေါ်လာ ၂ သိန်းခွဲ ရန်ပုံငွေရှာ ကမ်ပိန်း YDF စတင်

စစ်ကောင်စီတပ်ရဲ့ရဟတ်ယာဉ်တွေကိုခြိမ်းခြောက်နိုင်တဲ့ Patriot ပခုံးထမ်းလောင်ချာကို ယောဒေသကာကွယ်ရေးတပ် (YDF)က အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်လို့ “မြေပြင်ကိုလည်း သိမ်းမယ်၊ ဝေဟင်ကိုလည်းထိန်းမယ်” လို့အမည်ပေးထားတဲ့  ဒေါ်လာ  ၂ သိန်းခွဲ ရန်ပုံငွေရှာတဲ့ ကမ်ပိန်းကို သြဂုတ် ၉ ရက်က စတင်လိုက်ပါတယ်။

YDFနဲ့ မဟာမိတ်တွေအားလုံးအတွက် လက်နက်တွေ အမြန်ဆုံးနဲ့ အများဆုံးအရေအတွက် ရအောင် လိုအပ်တဲ့ ဘဏ္ဍာငွေရရှိဖို့အတွက် ဒီကမ်ပိန်းကို စတင်လိုက်တာဖြစ်တယ်လို့ YDF Fundraising Team အဖွဲ့ဝင်တဦးက ပြောပါတယ်။

“ကျနော်တို့ရဲ့ ကြိုးပမ်းမှုနဲ့ ပခုံးထမ်းတွေဆိုတာက နည်းပညာခက်ခက်ခဲခဲနဲ့ တီထွင်နိုင်ခဲ့ပြီ။ ခက်တာက တိုက်ပွဲဝင်အရေအတွက်ရအောင် ထုတ်လုပ်ဖို့က ပြည်သူ့အားလိုပါတယ်။ ပခုံးထမ်းဟာ လေထဲက ရန်သူကို ကောင်းကောင်းခြိမ်းခြောက်နိုင်ပါတယ်။ မမြင်ဖူးရင် ရုပ်ရှင်တွေထဲ ကြည့်ပါ။ တလက်မှ ကျပ်သိန်း ၂၀ အောက်ကုန်ကျမယ့် ပခုံးထမ်းတွေ အများအပြားနဲ့ ဒေါ်လာမီလီယံကျော် ရဟတ်ယာဉ်ကြီးကို ဘယ်လိုပစ်ချလိုက်တာဆိုတဲ့ ဇာတ်လမ်းတွေ ပြောပြနိုင်ဖို့ ဒေါ်လာ ၂ သိန်းခွဲ ရဟတ်ယာဉ်ကို ပစ်ချမယ့် အိပ်မက် အကောင်အထည်ဖော်ချင်ပါတယ်။ တယောက်ဒေါ်လာ ၁၀၀ ထည့်ရင် လူ ၂,၅၀၀ ပဲ လိုတာပါ အများကြီး မဟုတ်ပါဘူး။”

ပခုံးထမ်းလောင်ချာတွေကို လျှို့ဝှက်ထုတ်လုပ်နေတာလည်း ၆ လလောက်ရှိနေပြီး အရင်က ကိုယ်ပိုင်ငွေနဲ့ လုပ်ခဲ့ကြရာက အခုကတော့ အနည်းဆုံး စမ်းသပ်ပစ်ခတ်နိုင်တဲ့ အဆင့်ရောက်ပြီ ဖြစ်လို့ အများပြည်သူထံ ရန်ပုံငွေတောင်းခံရခြင်း ဖြစ်တယ်၊ ဒီရလဒ်ထွက်လာဖို့ ရဲဘော်တွေရဲ့ ခြေလက်အင်္ဂါတွေ စွန့်လွှတ်ခဲ့ရတာတွေ ရှိခဲ့တယ်လို့ YDF Fundraising Team ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

YDF အနေနဲ့ ခါးချိုးသေနတ်တွေ၊ တလုံးထိုးသေနတ်တွေ၊ ၄၀ မမ သေနတ်နဲ့ ၄၀ မမ ဗုံးသီး (version3)၊ ၆၀ မမ မော်တာနဲ့ ၆၀ မမ ဗုံးသီး ၊ ၈၀ မမ မော်တာနဲ့ ၈၀ မမ ဗုံးသီး၊ Patriot ပခုံးထမ်းလောင်ချာ(1.5 Mile)၊ Patriot ပခုံးထမ်းလောင်ချာ(2.5Mile)၊ YDF –Bomber Drone ၂ ကီလိုအထိသယ်နိုင်တဲ့ ဗုံးကြဲဒရုန်းတွေ  အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိ စမ်းသပ်ထုတ်လုပ်နေတဲ့ လက်နက်တွေကတော့ Patriot –P1 ၅ မိုင်ကျော်သွားနိုင်တဲ့ တာဝေးပစ်ဒုံး၊ Patriot –P2 ၅ မိုင်ကျော် သွားနိုင်တဲ့ တာဝေးပစ်ဒုံး၊ တာဝေးပစ်ဒုံးမှာ အသုံးပြုနိုင်တဲ့  GPS  Guided Module တွေဖြစ်ပါတယ်။

YDF အနေနဲ့ စစ်လက်နက်တွေ ထုတ်လုပ်ရာမှာ ရန်သူ့စစ်တပ်ကို မဟာဗျူဟာကျကျ တိုက်ခိုက်နိုင်မယ့် လက်နက်တွေ ထုတ်လုပ်နိုင်ရေး၊ YDF နဲ့ ထိစပ်ထားတဲ့ မဟာမိတ်တွေနဲ့ ခွဲဝေသုံးစွဲနိုင်ရေးကို ရည်မှန်းထုတ်လုပ်တယ်လို့ သိရပါတယ်။

ယောဒေသကာကွယ်ရေးတပ်ဟာ ယောဒေသရှိ မြို့နယ် ၅ ခုရဲ့ အခြေပြုလှုပ်ရှားနေတဲ့ ဒေသခံကာကွယ်ရေးတပ်တခု ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနမှ အသိအမှတ်ပြုထားတဲ့  ဒေသခံတပ်တခု ဖြစ်ပါတယ်။

ယောကာကွယ်ရေးတပ်-YDF ဟာ စစ်အာဏာသိမ်းတာကို လက်နက်ကိုင်တော်လှန်တဲ့ အဖွဲ့ထဲမှာ အစောဆုံးအဖွဲ့တဖွဲ့ဖြစ်ပြီး သက်တမ်းတနှစ်ကျော်အတွင်းမှာ ပြည်သူတွေရဲ့ ထောက်ပို့မှုနဲ့ စစ်ကောင်စီ အာဏာရှင် လက်ကိုင်တုတ် အမြောက်အမြားကို သုတ်သင်ထားနိုင်ခဲ့တယ်လို့ YDF ကနေ သိရပါတယ်။

42 mins Ago

April 26, 2022

YDF က တာဝေးပစ်ပခုံးထမ်းလောင်ချာ ထုတ်လုပ်ပစ်ခတ်ပြ (ရုပ်သံ)

ယောဒေသ ကာကွယ်ရေ တပ် (YDF) က တာဝေးပစ် ပခုံးထမ်း လောင်ချာ (Shoulder Launched Missile) ဖြစ်တဲ့ Patriot ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီလို့ YDF ခေါင်းဆောင်က ဧပြီ ၂၆ ရက်နေ့မှာ ပြောပါတယ်။

စစ်ကောင်စီကို တိုက်ခိုက် ချေမှုန်းနိုင်ရေးအတွက် စစ်လက်နက် ပစ္စည်းတွေကို ကြိုးစားထုတ်လုပ်နေကြောင်း၊ စမ်းသပ် ပစ်ခတ်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ပြီး နည်းပညာ အဆင့်မြှင့်ဆောင်ရွက်လာခဲ့ရာ အခုအခါမှာတော့ Patriot လို့ နာမည်ပေးထားတဲ့ ပခုံးထမ်း လောင်ချာကို တိုက်ပွဲဝင်အဆင့်အထိ ထုတ်လုပ်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။

Patriot လက်နက်ဟာ အကွာအဝေး ၁ မိုင်ကနေ ၁ မိုင်ခွဲဝန်းကျင်အထိသွားနိုင်ပြီး ၁ မိနစ်အတွင်း ပစ်ခတ်နိုင်ကြောင်း၊ လက်နက်ထုတ်လုပ်စမ်းသတ်ရာမှာ လူအင်အား ၂၀ ထိ သုံးခဲ့ရပြီး အချိန်ကာလ ၁ လခွဲဝန်းကျင်လောက်ကြာမြင့်ကာ လက်နက်ကိုင်ပစ်ခတ်တဲ့သူပါ အန္တရာယ်ကင်းကြောင်း၊ လက်နက်တခုကို ငွေကြေး ၁၀ သိန်းဝန်းကျင်ကုန်ကျပြီး လက်နက်ကို သံ၊ သတ္တု ဖောက်ခွဲရေး ကိရိယာတွေနဲ့ ရောစပ်ပြီး အဓိကထား ထုတ်လုပ်ခဲ့တယ်လို့  YDF ခေါင်းဆောင်က ပြောပါတယ်။

လက်နက်ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့‌ငွေကြးကို ကူညီခဲ့ကြတဲ့ ပြည်တွင်းပြည်ပက အလှူရှင်တွေ၊ ထုတ်လုပ်ရေးအတွက် အားကြိုးမာန်တက် တီထွင်လုပ်ကိုင်ခဲ့ကြတဲ့ ပညာရှင်တွေ၊ ထုတ်လုပ်ရေး ရဲဘော်တွေ အားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်း၊ လက်နက်ထုတ်လုပ်စဉ်က တပ်သားတွေ ထိခိုက်ဒဏ်ရာ‌ရတာတွေ ရှိခဲ့တယ်လို့ YYDF ခေါင်းဆောင်က ပြောပါတယ်။

Patriot လောင်ချာဟာ ရဟတ်ယာဉ်တွေကို ပစ်ခတ်နိုင်မယ့် စွမ်းဆောင်နိုင်ရည်ရှိပြီး ပစ်မှတ်ကို ပိုမိုတိကျအောင် ပစ်ခတ်နိုင်ဖို့ နည်းပညာ အဆင့်မြှင့်တင်တာတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ပခုံးထမ်း Patriot လောင်ချာဟာ ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာပြီး ပစ်ခတ်ရမယ့် ဒုံးဟာလည်း (စက်ရုံထုတ် ဒုံးများနှင့် ယှဉ်လျှင်) ဈေးနှုန်းသက်သာတာ‌ကြောင့် ရန်သူကို ချေမှုန်းနိုင်ဖို့ အားအင်သစ် မွေးဖွားလာတဲ့ လက်နက်တခုဖြစ်တယ်လို့ ဆိုပါတယ်။

Patriot ပခုံးထမ်း လောင်ချာတွေကို အမြောက်အမြား ထုတ်လုပ်နိုင်ဖို့ ပြည်သူတွေ ဝိုင်းဝန်းကူညီပေးကြဖို့နဲ့ ရရှိလာတဲ့ လောင်ချာတွေကို YDF တဖွဲ့တည်းအတွက် မဟုတ်ဘဲ မဟာမိတ်တွေနဲ့ မျှဝေသုံးစွဲမယ်လို့  YDF က ပြောပါတယ်။

4 months Ago
Up