မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ သဲအင်းရွာမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့သတ်ဖြတ်သွားတဲ့ PDF ရဲဘော်တဦးနဲ့ ပြည်သူ ၂ ဦးရဲ့ ရုပ်အလောင်းတွေကို မတ် ၁၅ ရက် ဒီနေ့ညနေ ရွာထဲမှာ တွေ့ခဲ့ရတယ်လို့ ဗိုလ်ကျားကြီးအဖွဲ့က ဗိုလ်ကျားကြီးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေက အင်အား ၅၀ ကျော်နဲ့ သဲအင်းကျေးရွာထဲကို မတ် ၁၀ ရက်နေ့က တပ်စွဲဝင်ရောက်လာပြီးနောက် မတ် ၁၂ ရက်နေ့မှာ ပြည်သူ ၁၀ ဦးကျော်ကို ဓားစာခံဖမ်းဆီးခဲ့ပြီးနောက် မီးရှို့ခံထားရတဲ့ရုပ်အလောင်းတွေကို ဒီနေ့ တွေ့ခဲ့ရတာလို့ ပြောပါတယ်။
"စစ်ကောင်စီက ပြည်သူတွေကို ဖမ်းတာ၊ ဗိုလ်ကျားအဖွဲ့ထဲက ကလေးကိုလည်းဖမ်းမိသွားတာ။ ကလေးက စစ်ကောင်စီကို ပြန်တိုက်ဖို့ မိုင်းတွေထောင်တာ၊ ဒလန်ကပြလို့ ဖမ်းမိသွားတာ။ ဖမ်းမိသွားတာကို လက်ပြန်ကြိုးတုပ်၊ ခေါင်းတွေရိုက်၊ နှိပ်စက်၊ သေတဲ့ထိရိုက်ပြီးတော့ အရှင်လတ်လတ်မီးပုံရှို့သွားတာ၊ သုံးယောက်အသတ်ခံရတာ" လို့ ဗိုလ်ကျားက ပြောပါတယ်။
ဗိုလ်ကျားကြီးအဖွဲ့က PDF ရဲဘော်တဦးနဲ့ ဆွေမျိုးတော်စပ်သူ နှစ်ဦး အသတ်ခံရတာဖြစ်ပြီး စစ်ကောင်စီတပ်က ဒီနေ့ညနေမှ ရွာထဲကနေ ထွက်တာကြောင့် အရိုးပြာကို ဒီနေ့မှ သွားယူနိုင်ခဲ့တယ်လို့ ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ ကျေးရွာအတွင်းက ပြည်သူ ၁၀ ဦးကျော်ကို စစ်ကောင်စီတပ်က သူတို့နဲ့အတူ မတ္တရာတပ်ကို ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အခြေစိုက် အမှတ် ၆ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Kalay တပ်ရင်း ၆) က မိမိတပ်ရင်းမှာ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် တာဝန်ထမ်းဆောင်နေတဲ့ တော်လှန်ရေးတပ်သားတွေနဲ့ ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေကို တပ်ရင်းရဲ့အစီအစဉ်နဲ့ ထောက်ပံ့ကူညီပေးခဲ့ပါတယ်။
ပြည်သူလူထုရဲ့ လှူဒါန်းထောက်ပံ့ငွေထဲက ခွဲဝေသုံးစွဲတာဖြစ်ပြီး တပ်ရင်းရဲ့ ဘဏ္ဍာငွေ အခြေအနေအရ တော်လှန်ရေးတပ်သားတဦးကို ငွေကျပ် ၂၀,၀၀၀ သာ ထောက်ပံ့နိုင်ခဲ့တယ်လို့ ကလေး PDF တပ်ရင်း ၇ က ပြောပါတယ်။
အခုလို တော်လှန်ရေးတပ်သားတွေအပေါ် ထောက်ပံ့ပေးတာကို လစဉ်လတိုင်း ဆောင်ရွက်ပေးလိုပြီး ထောက်ပံ့ပေးနိုင်ဖို့ ပြည်သူတွေရဲ့ လှူဒါန်းမှုတွေ လိုအပ်ကြောင်း၊ ထပ်ပြီးလည်း လစဉ်ထောက်ပံ့နိုင်ဖို့အတွက် မိဘပြည်သူတွေအနေနဲ့ အလှူငွေတွေ ပါဝင်လှူဒါန်းပေးကြဖို့၊ မိမိတို့တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်အာဏာရှင် အမြစ်ပြတ် ကျဆုံးတဲ့အထိ တော်လှန်သွားမှာဖြစ်ကြောင်း ကလေး PDF တပ်ရင်း ၆ က ရဲဘော်တဦးက ပြောပါတယ်။
လက်ရှိမှာ ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား စစ်ရေးတင်းမာနေပါတယ်။