close

PDF က ဖမ်းမိ

close

December 24, 2021

ယင်းမာပင်မြို့နယ်တွင် စစ်​ကောင်စီတပ်သား ၁ ဦးကို PDF က ဖမ်းမိ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်​ဘွေး​ရွာမ ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်​ကောင်စီ တပ်သား ၁ ဦးကို ​ဒေသခံ PDF ပူး​ပေါင်းတပ်က ဒီဇင်ဘာ ၂၃ ရက် ည​နေပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဘန့်​ဘွေးရွာမ​ ကျေးရွာနဲ့ ၅ မိုင်တိုးဂိတ်ကြားမှာ ဖမ်းမိခဲ့တာဖြစ်ပြီး ဖမ်းမိထားတဲ့ စစ်​ကောင်စီတပ်သားဟာ မုံရွာမြို့ တည်းခိုရိပ်သာ အမှတ်(၅)မှ တပ်သားအဆင့် ​မောင်​ဝေမင်းသူ (ကိုယ်ပိုင်နံပါတ် ၅၀၇၁၉၄)ဖြစ်တယ်လို့ PDF အဖွဲ့ရဲ့ ပထမ စစ်​ဆေးချက်မှာ ထွက်ဆိုတယ်လို့ သိရပါတယ်။ 

ဖမ်းဆီးခံရတဲ့ တပ်သားဆီက မူးယစ်​ဆေး​တွေနဲ့အတူ ကျည်​တောင့်များပါ​တွေ့ရကာ ​မူးယစ်ဆေးပြတ်လပ်​နေတာ​ကြောင့် ​အဆင်မ​ပြေဖြစ်​နေပြီး မသုံးစွဲရရင်မ​နေနိုင်​တော့တာ​ကြောင့် ​မူးယစ်​ဆေးလာဝယ်တာလို့ ဖမ်းဆီးခံရတဲ့တပ်သားက ​ပြောပါတယ်။

ဒါ့အပြင် ဘန့်​ဘွေး​ရွာမ​ကျေးရွာအတွင်းမှာ (ခလရ- ၅၀) တပ်က အင်အား ၅၀ ​ကျော် နဲ့ ရဲတပ်သား ၅၀ ​ကျော် စုစုပေါင်းအင်အား ၁၀၀ ​ကျော်​လောက် တပ်စွဲထားပြီး စား​သောက်​ရေးပိုင်းက​တော့ ​ဒေသခံပြည်သူ​တွေရဲ့ ပစ္စည်းတွေနဲ့ အိမ်​မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စား​သောက်ကြတယ်လို့ အဲဒီတပ်သားက ​ပြောပါတယ်။ ​

ဘန့်​ဘွေးရွာမ ​ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်​ကောင်စီတပ်ဖွဲ့ကို ​နေရာစုံ အဖွဲ့​ပေါင်းစုံ PDF အဖွဲ့​တွေက မကြာခဏဆိုသလို လာ​ရောက်ပြီး လက်နက်ကြီး​ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကြတာရှိတယ်။ ဒါ​ပေမယ့် စစ်​ကောင်စီတပ်ဖွဲ့​တွေက​တော့ အပြင်ထွက်မလာဘဲ အကာအကွယ်​ကောင်းတဲ့​ နေရာ​တွေမှာ ​နေရာယူထားပြီး သဲအိတ်​တွေပါ ကာထားတာ​ကြောင့် သူတို့ဘက်မှာလည်း ထိခိုက်မှုနည်းနိုင်သလို PDF အဖွဲ့ဘက်ကလည်း ထိခိုက်မှု မရှိခဲ့ဘူးလို့  PDF အဖွဲ့ဝင်တစ်​ယောက်က ​ပြောပါတယ်။ 

ထွက်​ပြေးတဲ့ ၁ ​ယောက်က​တော့ လိုက်ဝိုင်းဖမ်းလို့ အရှင်ဖမ်းမိခဲ့တာဖြစ်ပြီး ကျည်​တောင့်​တွေသာပါပြီး လက်နက်က​တော့ မပါဘူးလို့ ​ဆိုပါတယ်။ 

စစ်​ကောင်စီတပ်ဟာ ဘန့်​ဘွေးရွာမ​ကျေးရွာကို ဒီဇင်ဘာ ၁၉ ရက်​နေ့ကတည်းက ဝင်​ရောက်တပ်စွဲ​နေတာဖြစ်ပြီး ​ဘန့်​ဘွေးရွာမ​ကျေးရွာအပြင် အနီးနားမှာရှိတဲ့ ​ကျေးရွာတွေက ​​ဒေသခံပြည်သူ​တွေဟာ ​နေအိမ်​တွေမှာမ​နေရဲကြဘဲ ထွက်​ပြေး​နေကြရဆဲဖြစ်ပါတယ်။

1 min Ago
Up