မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ ဒီဇင်ဘာ ၂၆ ရက်က အမျိုးသား ၃ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပခုက္ကူမြို့၊ အမှတ် ၁၅ ရပ်ကွက်၊ ဧရာဝတီတံတားထိပ်မှာ မနေ့မနက်ပိုင်းက မုံရွာ-ပခုက္ကူ ခရီးသည်တင်ကားပေါ်ကနေ ဒေသခံ ကိုဟိန်းဇော်ထက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက PDF ထဲဝင်မယ့်သူလို့ စွပ်စွဲဖမ်းဆီးပြီး ပခုက္ကူမြို့မရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ ပခုက္ကူမြို့ခံက ပြောပါတယ်။
ပေါက်မြို့နယ်၊ ရေဖြူကျေးရွာအဝင်မှာလည်း မနေ့ ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီလောက်မှာ ကိုကျော်မင်းစိုးကို စစ်အုပ်စုက PDF လို့စွပ်စွဲပြီး ဖမ်းဆီးသွားကြတယ်လို့ ပေါက်မြို့နယ် ဒေသခံတယောက်က ဆိုပါတယ်။
ရေစကြိုမြို့မှာလည်း အမှတ် ၈ ရပ်ကွက်က ကိုကျော်သက်ခိုင်ကိုလည်း မနေ့ ညနေ ၃ နာရီလောက်မှာ ဒလန်တွေက သတင်းပေးလို့ စစ်အုပ်စုတွေက PDF လို့ စွပ်စွဲဖမ်းဆီးကာ ရေစကြိုမြို့မရဲစခန်းကို ခေါ်ဆောင်သွားကြတယ်လို့ ရေစကြိုမြို့ ဒေသခံတယောက်က ပြောပါတယ်။
ပခုက္ကူခရိုင်အတွင်းက မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ စစ်အုပ်စုတွေက နေ့စဥ်ရက်ဆက် ပိတ်ဆို့ စစ်ဆေးတာတွေ ဆက်တိုက်ပြုလုပ်နေပြီး အပြစ်မဲ့ပြည်သူတွေကို မတရား ဖမ်းဆီးနေတာလို့ ပခုက္ကူမြို့ခံတယောက်က ပြောပါတယ်။
မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာတော့ ဒီဇင်ဘာ ၂၆ ရက်က စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၅ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဝက်သက်(တောင်) ရွာ ဒေသခံတယောက်က “ထီးလင်းမြို့နယ် ဝက်သက်ကျေးရွာကို မနေ့က ဒီဇင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲလောက်မှာ စစ်(...)၊ ပျူ(...)တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး ညနေပိုင်းမှာ ဝက်သက်(တောင်)ရွာက နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးကာ ညပိုင်းမှာတော့ ဝက်သက် အရှေ့ပြင်ရွာက နေအိမ် ၂ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ထီးလင်းမြို့ ရွှေထီးခန်းမကနေ အင်အား ၉၀ လောက်နဲ့ ဒီဇင်ဘာ ၂၄ ရက် မနက် ၄ နာရီလောက်မှာ စတင်ထွက်ခွာလာတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးတဲ့အတွက် ကျေးရွာ ၅ ရွာလောက်က ဒေသခံပြည်သူ ၂,၀၀၀ ကျော်လောက် ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီနေ့မှာတော့ ထလင်းကျေးရွာကို ရှောင်တခင် ဝင်ရောက်ခဲ့တာဖြစ်လို့ ရွာသူရွာသားတွေ ပိတ်မိနေခဲ့ပြီး ရွာသားတွေကို အမျိုးသား၊ အမျိုးသမီး သီးသန့်ခွဲထားကာ စစ်ကောင်စီကို ထောက်ခံဖို့ ဟောပြောတာတွေပြုလုပ်ခဲ့ပါတယ်။ ဒီနောက် ဒလန်တယောက်ရဲ့ သတင်းပေးချက်ကြောင့် CDM ကျောင်းဆရာတယောက်ရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးကာ NUG ရဲ့ ပညာရေးအစီအစဥ်မှာ မပူးပေါင်းဖို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ရွာသားက ပြောပါတယ်။
စစ်ကြောင်းထိုးဝင်ရောက်တဲ့ ကျေးရွာတွေမှာ ဒလန်တွေက သတင်းပေးတဲ့ နေအိမ်တချို့ကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူတွေရဲ့ အဖိုးတန်ပစ္စည်းတွေ၊ ငွေကြေးတွေကို ခိုးယူကာ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ် စားသောက်သွားကြတယ်လို့ ဆိုပါတယ်။
မကွေးတိုင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်တွေက အိမ်ခြေ ၇,၈၁၈ လုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data For Myanmar က ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဒီဇင်ဘာ ၅ ရက်က ဒေသခံအမျိုးသားတယောက် မြို့ထဲကို ဈေးဝယ်သွားစဉ် စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။
ဖမ်းဆီးခံရသူဟာ ကိုအောင်မင်း ဖြစ်ပြီး ကလေးမြို့ဝင် အဖွဲ့စုံ စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားတွေက ခရီးသွားဒေသခံတွေနဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေစဉ် ဖမ်းဆီးခံလိုက်ရတာလို့ ဒေသခံတဦးက ပြောပါတယ်
“သူက PDF မဟုတ်ဘူး။ PDF သင်တန်းလည်း မတက်ခဲ့ဖူးပါဘူး။ ဆောက်လုပ်ရေး သံချည်သံကွေးလုပ်နေတဲ့ သာယာဝတီကျေးရွာကပါ။ မြို့ထဲကို ကျေးရွာက နာမည်ပေး ကင်ပွန်းတပ်ပွဲရှိလို့ ပစ္စည်းသွားဝယ်ရာက အဖမ်းခံလိုက်ရတာပါ။”
ကိုအောင်မင်း ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က အများပြည်သူတွေ အေးချမ်းစွာ နေထိုင်ရေးအတွက် နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ လုံခြုံရေးအဖွဲ့ဝင်တွေက မသင်္ကကာဖွယ် ဆိုင်ကယ် ၁ စီးကို စစ်ဆေးခဲ့ရာ PDF သင်တန်း တက်ရောက်ခဲ့တာကြောင့် ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၂၇ ရက်ကလည်း ကလေးမြို့ပေါ်မှာ CDM ကျောင်းဆရာတဦးနဲ့ ဒေသခံ PDF အဖွဲ့ဝင်တဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။
ကိုအောင်မင်းကို PDF လို့ စစ်ကောင်စီက စွပ်စွဲဖမ်းဆီးတာနဲ့ပတ်သက်ပြီး ဒေသခံ ကလေး PDF တပ်ဖွဲ့ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ရှေ့တန်းတနေရာ ရောက်နေတဲ့အတွက် အင်တာဗျူးဖြေဖို့ အဆင်မပြေသေးကြောင်း ပြောပါတယ်။
လတ်တလော ကလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီကလည်း မြို့တွင်းကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။
စစ်ကိုင်းတိုင်း၊ တမူးမြို့မှာလည်း ဒီဇင်ဘာ ၆ ရက် မနက်ပိုင်းက စျေးတန်း ၈ ရပ်ကွက် ကံကော်လမ်း ခြံအမှတ် (၈/စျ/၂၀၈) RC သုံးထပ်တိုက်ပိုင်ရှင် တမူး PDF အဖွဲ့ဝင် ဗိုလ်စက္ကူရဲ့ ဇနီးဟောင်း နေအိမ်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက ချိပ်ပိတ်သွားပါတယ်။
ချိပ်ပိတ်သွားတဲ့အိမ်ဟာ သူနဲ့မသက်ဆိုင်ကြောင်း၊ သူ့ရဲ့ဇနီးနဲ့ အာဏာမသိမ်းခင်ကာလကတည်းက တရားဝင် ကွာရှင်းပြတ်စဲထားကြောင်း တမူး PDF အဖွဲ့ဝင် ဗိုလ်စက္ကူက ပြောပါတယ်။
“ကျနော်တို့ဇနီးမောင်နှံက ကွာရှင်းထားတာ ကြာပါပြီ။ တမူးမြို့က လွှတ်တော်အမတ်တွေ ရှေ့မှောက်မှာ တရားဝင်ကွာရှင်းထားတာပါ။ ကျနော့်ရဲ့ ဇနီးဟောင်းအိမ်ကို ဘာကြောင့်ချိပ်ပိတ်တာလဲဆိုတာ ကျနော်လည်း စဉ်းစားလို့မရဘူး။”
ဗိုလ်စက္ကူရဲ့ ဇနီးဟောင်းအိမ် ချိပ်ပိတ်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းတွေမှာ တမူးမြို့မရဲစခန်း (ပ)၄၃/၂၀၂၂ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ခ) အမှုမှ တရားခံ ကျော်မျိုးဦး (ခ) ကိုမျိုး (ခ) ဗိုလ်စက္ကူ ပိုင်ဆိုင်တဲ့ နေအိမ်ကို ချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် တမူးမြို့မှာ တမူးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်တွေ၊ ဒေသခံ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ နေအိမ် အပါအဝင် နေအိမ်ပေါင်း ၁၅ လုံးဝန်းကျင် ချိပ်ပိတ်ခံထားရပါတယ်။