မကွေးတိုင်း ဆောမြို့နယ်မှာ PDF-ဆော တပ်ရင်း(၂) YRPA ကို ဒေသခံပြည်သူတွေနဲ့ ရန်ပုံငွေရှာဖွေရေးထောက်ပို့အဖွဲ့တွေရဲ့ လှူဒါန်းငွေတွေနဲ့ မောင်းပြန်သေနတ် ၁၀ လက် ဝယ်ယူနိုင်ခဲ့တယ်လို့ PDF-ဆော တပ်ရင်း (၂) က ပြောပါတယ်။
PDF-ဆောတပ်ရင်း ၂ ဟာ တော်လှန်ရေး အစပိုင်းမှာ တူးမီးတွေနဲ့ စတင်တိုက်ပွဲဝင်ခဲ့ကြရပြီး ထိပ်တိုက်ရင်ဆိုင်ဖို့ မလွယ်ကူတာကြောင့် နောက်ပိုင်းမှာ မိုင်းတွေ၊ လက်လုပ်လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ရကနေ အခုလို မောင်းပြန်သေနတ်တွေ ရရှိလာအောင် ထောက်ပံ့ကူညီပေးတဲ့ မိဘပြည်သူတွေကို အထူးကျေးဇူးတင်တယ်လို့ PDF-ဆော တပ်ရင်း(၂)YRPAရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်သုန်ညက ဒီဗွီဘီကို ပြောပါတယ်။
ဝယ်ယူလိုက်တဲ့ လက်နက်အမျိုးစားတွေကတော့ Type-81(ပါယီး) မောင်းပြန်သေနတ်တွေ ဖြစ်ပြီး တလက်ကို သိန်း ၁၈၀ ကျပ်နှုန်းနဲ့ ၁၀ လက်နဲ့ ကျည်ဆန်တွေ ဝယ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ နယ်မြေအတွင်းမှာတော့ ပြည်သူလူထုရဲ့ အထောက်ပံ့တွေ အပြည့်ဝရရှိထားပြီး လက်နက်ဝယ်ယူဖို့ ရန်ပုံငွေစုစောင်းတဲ့ အချိန်မှာလည်း စားစရိတ်ကုန်ကျမှုသက်သာအောင် စားနက်ရိက္ခာတွေ ထောက်ပံ့ပေးသလို သင်တန်းတွေကစလို့ ကျနော်တို့တပ်ရင်းက ငွေကြေးစိုက်ထုတ်မှုမရှိလောက်အောင် ထောက်ပံထားတယ်” လို့ ဗိုလ်သုန်ညက ပြောပါတယ်။
မြို့နယ်အတွင်း စစ်ကောင်စီက ထိန်ချုပ်နိုင်မှုမရှိတော့လို့ စစ်အာပ်ချုပ်ရေး ကြေညာလိုက်ပေမယ့် ပြည်သူလူထုအနေနဲ့ လုံးဝသွေးအေးမသွားဘဲ စစ်အာဏာရှင်တော်လှန်ရေးမှာ အင်တိုက်အားတိုက် ပိုမိုပူးပေါင်းပါဝင်လာကြတာကို ပြသတာလို့ ဆိုပါတယ်။
တပ်ရင်းအနေနဲ့ စုဆောင်းရေး၊ လေ့ကျင့်ရေးအပြင် ပိုပြီးတော့ စနစ်ကျအောင်တည်ဆောက်ပြီး ပြည်သူလိုလားတဲ့ COC တခုအောက်ကနေ သွားနိုင်ဖို့ပြင်ဆင်နေပြီး စစ်ရေးဆိုင်ရာ ခေါင်းဆောင်တွေစုစည်းပြီး စစ်ရေးစီမံချက်တွေ ရေးဆွဲကာ၊ MOD က စစ်ရေးစီမံချက်တွေနဲ့ပါ တိုက်ဆိုင်ပြီး ထိုးစစ်ဆင်သွားမယ်လို့ ပြောပါတယ်။
ဆောမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စိုးမိုးနယ်မြေတွေ များပြားလာလို့ စစ်ကောင်စီက အင်အားအလုံးရင်းနဲ့ ထိုးစစ်ဆင်ကာ ပြန်လည်ထိန်းချုပ်ဖို့ အသဲအသန်ကြိုးစားနေရပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ အပြစ်မဲ့ ပြည်သူတွေကို မတရားဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ ဆောမြို့နယ်အခြေစိုက် PDF-ဆော တပ်ရင်း(၂) YRPA အနေနဲ့ လက်နက်ခဲယမ်း ထုတ်လုပ်ဖို့ အကူအညီတွေ PDF-ဆော တပ်ရင်း(၂)ရဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မင်းက ပြောပါတယ်။
“တပ်ဖွဲ့အနေနဲ့ မေလကတည်းက လက်နက်တွေ၊ လက်နက်ကြီး ထုတ်လုပ်တာတွေ၊ ထုတ်လုပ်ရေးမှာသုံးတဲ့ လောင်စာဆီတွေ ဖြည့်တင်းရတာကြောင့် ကျပ် သိန်း ၁၀၀၀ လောက် အကြွေးတင်နေတယ်။ လက်နက်ကုန်ကြမ်းကလည်း ရှားပါးသလို လက်နက်ခဲယမ်းအတွက် လိုအပ်သမျှအားလုံး အဆမတန်စျေးကြီးတယ်။ တပ်ရင်းအနေနဲ့ နေထိုင်စားသောက်တာကို ဖြစ်သလို စားလို့ရတယ်။”
ယောဒေသမှာ လက်ရှိ မောင်းပြန်သေနတ် တလက်ကို ကျပ်သိန်း ၁၂၀ ပေါက်ဈေးရှိပြီး ကျည်ဆန်တတောင့်ကို ကျပ် ၁၀၀၀၀ ကျော် ရှိနေကာ တိုက်ပွဲတစ်ခုဖော်ဆောင်ပါက အခြေနေအပေါ်မှ မူတည်ပြီး မိုင်းဖိုး၊ ကျည်ဆန်ဖိုး ကျပ်သိန်း ၂၀ လောက်အထိကုန်ကျတယ်လို့ ဗိုလ်မင်းက ပြောပါတယ်။
တူးမီး၊ ခါးချိုး၊ တစ်တောင့်ထိုးတွေနဲ့ စစ်အာဏာရှင်ကို ပြောက်ကျားစနစ်နဲ့တော်လှန် တိုက်ခိုက်ရာ ကနေ တိုက်စစ်အသွင် ကူးပြောင်းတော့မှာမို့လို့ မောင်းပြန်သေနတ်၊ ခဲယမ်းနဲ့ ကျည်ဆန်တွေ အရေးပေါ်လိုအပ်နေတယ်လို့ ဗိုလ်မင်းက ပြောပါတယ်။
နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်နိုင်ဖို့ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ ပြည်သူတွေအနေနဲ့ တတ်နိုင်သရွေ့ လှူဒါန်းဖို့ကိုလည်း PDF-ဆော တပ်ရင်း(၂) Page ကနေတဆင့် အလှူခံထားပါတယ်။